Breaking News

ကိုအောင်မှိုင်း - ဓားထက်ထက်ပေါ် ကျသွားတဲ့သွေးစက်

ကိုအောင်မှိုင်း - ဓားထက်ထက်ပေါ် ကျသွားတဲ့သွေးစက်
(မိုးမခ) မေ ၁၂၊ ၂၀၂၂

ကဗျာဆရာ
သေနတ်မှန်ပြီး
သွေးအိုင်ထဲလဲသွား
နီစွေးစွေး သွေးစက်တွေကြား
မူးမိုက်သွားရင်း လက်သုံးချောင်းထောင်
အရေးတော်ပုံအောင်ရမယ်လို့
အံကိုခဲရင်းကြွေးကြော်
မတော်ရသေးတဲ့ငါ့ကဗျာ
ဆက်ရေးပေးကြပါလို့ ပြောခဲ့ရှာ။

တောက်ခေါက်သံတွေဟာ
မိုးကြိုးသံတွေဖြစ်ကုန်တယ်။
အံကြိတ်သံတွေဟာ
တော်လဲသံတွေဖြစ်ကုန်တယ်။
မျက်ရည်တွေဟာ
သွေးပင်လယ်တွေဖြစ်ကုန်တယ်။
ကမ္ဘာကြီးလဲ
ဇောက်ထိုးဖြစ်သွားခဲ့ရတယ်။

တုတ်တွေ ဓားတွေ
လှံတွေ တူမီးတွေ
ကိုယ်စီကိုင်လို့
ကဗျာဆရာကို
အလေးနီပြုကြတယ်
သန္နိဋ္ဌာန်တွေချကြတယ်
ကမ္ဘာ့အကြီးဆုံးမုန်တိုင်းကြီ
ဗမာပြည်ကို တိုက်ခိုက်သွားခဲ့တယ်။

လက်မောင်းသွေးဖောက်
တောက်ပတဲ့အနာဂတ်တွက်
သွေးသစ္စာပြု သန္နိဋ္ဌာန်တွေစု
အတုမရှိ အဆုံးထိသတ်မှတ်
ရပ်သွားတဲ့ကဗျာကို အဆုံးသတ်နေကြတယ်။

ပွက်ပွက်ဆူနေတဲ့
သွေးစက်တွေဟာ
မေခ မေလိခက စတယ်
ဧရာဝတီကိုဖြတ်ပြီး
ဘင်္ဂလားအော်ကိုစီးဝင်
သမုဒ္ဒရာကြီးတွေတောင် 
သွေးချင်းချင်းနီမြန်းသွားခဲ့တယ်။

တတွတ်တွတ်ရေရွတ်သံ
မိုးကောင်းကင်ယံ ညံစေခဲ့တယ်
အနိုင်မခံအရှုံးမပေးအားမာန်
ကမ္ဘာတဆုံး လှိုင်းထန်စေခဲ့တယ်
လေပြင်းအတိုက် စုရုံးခိုက်မှာ
ဓားထက်ထက်ပေါ်  ကျသွားတဲ့သွေးစက် 
လက်ခနဲစီးကျ  ဓားရိုးမှာထင်းခနဲ 
ရင်းရဲတဲ့စိတ်ဓာတ် ဗျင်းရဲတဲ့စိတ်ဓာတ်
အောင်ပွဲစိတ်ဓာတ်နဲ့ ရှေ့ဆုံးကတက်ကြ  
တိုက်ပွဲခေါ်ကြ တိုက်ပွဲပျော်ကြပြီ။

အဘွားအိုတယောက်
ဓားထက်ထက်တချောင်းကိုင်ရင်း
ကဗျာကိုအဆုံးသတ်ပေးလိုက်တယ်
တိုက်ပွဲ အောင်ပွဲ အနာဂတ်ကိုယုံကြည်ကြ။

ကိုအောင်မှိုင်း

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar