Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၄ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၄ မြင်ကွင်း

(မိုးမခ) မေ ၅၊ ၂၀၂၂ 


လက်နက်ကိုင်တိုက်ခိုက်မှု ပြင်းထန်နေဆဲ စစ်ကိုင်းတိုင်း၊ မြေလှန်စနစ်ရဲ့ အကျိုးဆက်များ 

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ခင်ဦး၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ တန့်ဆည်မြို့နယ်တွေမှာ ရှိတဲ့ ကျေးရွာတွေမှာ နေ့စဥ်လိုလို တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ မိုင်းခွဲတိုက်ခိုက်မှုနဲ့ ဆယ်ဂဏန်းနဲ့ချီတဲ့ ကျေးရွာသားတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာ နေအိမ်တွေ မီးရှို့ခံနေရတာ တွေ ဖြစ်ပွားနေပါတယ်။ 

ယမန်နှစ် ဧပြီလ၊ မေလကတည်းက စတင်လာတဲ့ လက်နက်ကိုင် ခုခံမှုတိုက်ခိုက်မှုဟာ အခုအခါ ပိုကျယ်ပြန့်လာသလို မြေလှန်ဖျက်ဆီးမှု သတ်ဖြတ်မှုကလည်း ပိုမိုကျယ်ပြန့်စွာဖြစ်ပွားလာပါတယ်။ တနှစ်ကာလကို ရောက်ရှိလာတဲ့ လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီဘက်ကလည်း ပြည်သူ့စစ်လို့ဆိုတဲ့ ဒေသခံတွေထဲက စစ်တပ် ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးပြီး ပြန်လည်တိုက်ခိုက်ဖို့ အားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အများစုသော သတ်ဖြတ်မှုတွေ၊ သေဆုံးမှုတွေက စစ်ကောင်စီရဲ့တပ်တွေက လုပ်ဆောင်နေတာ ဖြစ်ပြီး ဒေသခံ ပြည်သူ့စစ်ရဲ့ အရေအတွက်နဲ့ လုပ်ဆောင်မှုက အတိုင်းအတာအများကြီး မရှိသေးတာ တွေ့ရပါတယ်။ 

တဘက်မှာလည်း စစ်တပ်ထောက်ခံသူ ဒေသခံတွေကို ပီဒီအက်ဖ်တွေက ဒလန်ရှင်းလင်းရေး ဆိုတဲ့ တန်ပြန်လုပ်ဆောင်မှုတွေလည်း ရှိနေတာ သတင်းထဲ တွေ့ရ ကြားသိနေရပါတယ်။ ခုရက်ပိုင်း မြင်းမူ၊ ချောင်းဦး တို့မှာဖြစ်ပွားတဲ့ ဒါဇင်နဲ့ချီတဲ့အပြန်အလှန်သတ်ဖြတ်မှုတွေမှာ စစ်ကောင်စီထောက်ခံသူ စစ်ကောင်စီတပ်တွေက ပီဒီအက်ဖ် ထောက်ခံတယ်လို့ ယူဆတဲ့သူတွေ ကျေးရွာတွေကို ဖျက်ဆီး ဒေသခံအရပ်သားတွေကို သတ်ဖြတ်တာ ရှိသလို တဖက်မှာလည်း ပီဒီအက်ဖ်ဘက်က စစ်ကောင်စီ ထောက်ခံသူ၊ ပျူစောထီး ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျေးရွာတရွာက အရပ်သား ၁၂ ဦးထက်မနည်း ဖမ်းဆီးပြီး သုသာန်ကို ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

တိုက်ပွဲတွေမှာ လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်သေဆုံးကြတာထက် အပြန်အလှန်သတ်ဖြတ်မှုတွေ သဖွယ် ဖြစ်လာနေတာကိုလည်း တွေ့ရပါတယ်။ 

စစ်ကိုင်းတိုင်းက ဒေသတွေ ကျေးရွာတွေက အခြားသော ဒေသက လူတွေထက် ပိုပြီးသတ္တိရှိကြသလို သေရမှာကို မကြောက်ကြဘဲ ကိုယ့်ဘက်ကသူတွေ အသက်ဆုံးရှုံးကြရရင်လည်း လက်တုံ့ပြန်လက်စားချေကြတဲ့အစဥ်အလာရှိတယ်လို့ အကဲဖြတ်ပြောဆိုခြင်း ခံရတဲ့ ဒေသတွေ ဖြစ်ပါတယ်။ 

လူထုက သွေးရဲတဲ့ သဘောသဘာဝမျိုးလို့ အကြမ်းဖျင်း ကောက်ချက်ချရင် ချနိုင်မယ်လို့ မြင်ပါတယ်။ သို့ပေမဲ့ လူ့အသက်တွေ နေ့စဥ် ဒါဇင်နဲ့ ရာနဲ့ချီ ဆုံးရှုံးနေတာကို လျော့ပါးသွားအောင်၊ နိုင်ငံရေး ရည်မှန်းချက်ကို လမ်းမလွဲစေဖို့ အခုလို နိုင်ငံရေး၊ စစ်ရေးကိစ္စတွေမှာ ပါဝင်ပြောဆိုခွင့်ရှိသူ စီမံခန့်ခွဲနိုင်သူတွေ ဝိုင်းဝန်းအဖြေရှာကြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာမှ အခု စစ်ကိုင်းတိုင်းက ကျေးရွာတွေလောက် ဖျက်ဆီးမခံရသလို အသက်ဆုံးရှုံးမှုလည်း မများပြားပါဘူး။ လူနေအိမ် ရာဂဏန်းနဲ့ချီ နေ့စဥ်လိုလို မီးရှို့ဖျက်ဆီးခံနေရတဲ့ အဖြစ်အပျက်က တွေးကြည့်ရုံနဲ့တင် စိတ်မကောင်းစရာ ရင်နာစရာ ဖြစ်ပါတယ်။ နေစရာ အိမ်တင်မက အိမ်တွေထဲမှာ ရှိတဲ့ ပိုင်ဆိုင်မှု၊ ရိက္ခာတွေပါ ဖျက်ဆီးခံရတဲ့အဖြစ်၊ အသက်မဆုံးရှုံးအောင် ကျေးရွာကို စွန့်ပြီးတောထဲ တောင်ထဲမှာ နေထိုင်ကြရတဲ့ အဖြစ်၊ ရာသီဥတုဒဏ်၊ ရေရှားပါးမှု၊ ရိက္ခာမလုံလောက်မှု၊ ဆေးဝါးကုသမှုမရှိတဲ့ အခြေအနေမျိုးဟာ တွေးကြည့်ရုံနဲ့တင် မခံစားနိုင်လောက်တဲ့ အဖြစ်မျိုးဖြစ်ပါတယ်။ 

စစ်တပ်က လက်နက်ကိုင် ပုန်ကန်မှုကို နှိမ်နှင်းရာမှာ နယ်ချဲ့ဗြိတိသျှတွေ မြန်မာနိုင်ငံကို စတင်သိမ်းပြီးခါစ လက်နက်ကိုင် ပုန်ကန်မှုတွေကို နှိမ်နှင်းသလို ရက်စက်စွာ သတ်ဖြတ်တာ သတ်ဖြတ်ကြောင်း အများသိအောင် သက်သေတွေ ချန်ရစ်ထားခဲ့တာ မီးရှို့တာတွေနဲ့ ရက်စက်တဲ့ နှိပ်ကွပ်မှုနည်းလမ်းတွေ သုံးပြီး ချေမှုန်းနေတာလည်း ဖြစ်ပါတယ်။ 

အခု တနှစ်တာ ကြာလာတဲ့အချိန်မှာ ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်၊ အသက်ဆုံးရှုံးရတဲ့ အရပ်သားအရေအတွက် ကိန်းဂဏန်းတွေကို သတင်းတွေ ထုတ်ပြန်ချက်တွေမှတဆင့် မှတ်တမ်းတင် စာရင်းပြုစုနိုင်ကြပေမယ့် အဲဒီကျေးရွာတွေက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု ဆုံးရှုံးတဲ့ ကိန်းဂဏန်းတွေကို မှတ်တမ်းမတင်နိင်သေးသလို ရိက္ခာပျက်စီးဆုံးရှုံးမှု၊ စိုက်ပျိုးရေး သီးနှံတွေ မရိတ်သိမ်းနိုင် မရောင်းချနိုင်လို့ ဆုံးရှုံးတာ၊ ရရာစျေးနဲ့ ထိုးရောင်းရလို့ ဆုံးရှုံးတာတွေကိုတော့ မှတ်တမ်းမတင်နိုင်သေးပါဘူး။ 

ဒီလို စားနပ်ရိက္ခာတွေ ဖျက်ဆီးခံရတဲ့ အခြေအနေ စိုက်ပျိုးရေး မလုပ်ကိုင်နိုင်ကြတာကြောင့် ဝင်ငွေရလမ်းမရှိကြလို့ အငတ်ဘေး ဆင်းရဲမွဲတေမှုဘေးဒဏ်ကို မဝေးတော့တဲ့ ကာလတွေမှာ အဲဒီဒေသကသူတွေ ရင်ဆိုင်ကြရမယ့် အရေးလည်း ရှိပါတယ်။ ပဋိပက္ခ၊ လက်နက်ကိုင် တိုက်ပွဲတွေက အချိန်တိုအတွင်း အရှုံး အနိုင် ပေါ်ကောင်းမှပေါ်မှာဖြစ်လို့ အဲဒီအကျိုးဆက်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းကြဖို့ နိုင်ငံရေးအရ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ 

ပဋိပက္ခ တိုက်ပွဲက တလ၊ နှစ်လ နဲ့ အဖြေပေါ်ချင်မှပေါ်မှာ ဖြစ်လို့ မိမိတို့ဘက်က ကြိုတင်ပြင်ဆင်မှု ကြိုတင်လုပ်ဆောင်မှုတွေက အောင်မြင်ဖို့အတွက် အဓိကကျတဲ့ အကြောင်းအချက်တွေ ဖြစ်နေပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar