Breaking News

ဘိုလ်တောကျော်(ကနီတောရ) - တို့အကိုဆိုခဲ့ဖူးတဲ့တေးတပုဒ်

Image- Crd
တို့အကိုဆိုခဲ့ဖူးတဲ့တေးတပုဒ်
ဘိုလ်တောကျော်(ကနီတောရ)
(မိုးမခ) မေ ၁၀၊ ၂၀၂၂

လေပြေလေညှင်းတော့မဟုတ်။ တဟူးဟူးတဖြူဖြူးတိုက်နေတဲ့လေရူးကရွက်ဝါတွေကိုတလွင့်လွင့်ခြွေချလို့။ မြင်ကွင်းတခုလုံးသွေ့ခြောက်နေတယ်။ နွေသရုပ်ဆိုပေမယ့် တောတွေတောင်တွေဖြတ်တိုက်လာတာကြောင့် အပူလွန်ကဲတာမျိုးတော့မရှိ။ ပွင့်လင်းရာသီထဲမှာအတာမိုးရွာဟန်ပြဖို့ ဝန်းကျင်တခိုလုံးအုံ့့မှိုင်းနေရဲ့။ မပွင့်လင်းနိုင်သေးတဲ့အခြေအနေ။ဒီလိုဥတုမျိုးမှာစိတ်အခြေကလည်းအတွင်းဘက်ကိုဘဲလှည့်ပြောင်းစိမ့်ဝင်လာမိတယ်။
အရွယ်ရလာတော့လည်းဘဝနဲ့ဝေးဝေးပြေးပြီးမတွေးချင်တော့ဘူး။ တွေးလည်းမတွေနိုင်ပေဘူးပေါ့။ စိတ်ကူးယဉ်ဖို့ဆိုတာကလည်းဘဝအသိကခွင့်မပြုတော့တာကိုး။ ငယ်ရွယ်စဉ်မှာနှစ်ပေါင်းများစွာစိတ်ကူးအိပ်မက် မက်ခဲ့ကြပြီးပြီပဲ။ သစ်ရွက်လှုပ်တိုင်းရယ်ရမယ့်အခြေမဟုတ်ဘူးလေကွယ်။

ဟိုငေးဒီငေးနဲ့အိမ်ရှေ့ပြူတင်းတခါးကနေမျှော်ငေးနေမိတယ်။ အိမ်ရှေ့ကစိန်ပန်းပင်နှစ်ပင်မှာထူးထူးခြားခြား စိန်ပန်းပြာပင်ကရွက်နုမထိုးမီမှာ တပင်လုံးခရမ်းရောင်လွှမ်းပြီးပွင့်နေတယ်။ စိန်ပန်းနီကမပွင့်သေး။ ရွက်နုစိမ်းဖန့်ဖန့်တွေနဲ့ ပရစ်တွေဖူးကလည်း အစီအရီ။ အပြာအနီတပြိုင်းတည်းပွင့်ဖို့ အားယူနေလေရော့သလား။  

ထိုင်းမှိုင်းနေတဲ့စိတ်တွေက နုပျိုသစ်လွင်ငယ်စဉ်ကအကြောင်းတွေကိုပဲ ပြန်ပြောင်းစဉ်းစားနေမိတော့တယ်။ အထူးသဖြင့်တက္ကသိုလ်ကျောင်းသားဘဝဆုံခဲ့ကြုံခဲ့ဖြစ်ပျက်ခဲ့ကြတာလေးတွေ။ မှတ်မိသေးတယ်။ ဇွန်လကျောင်းဖွင့်ပြီဆိုတာနဲ့ ဘွဲ့နှင်းသဘင်ရှေ့ အဓိပတိလမ်းရဲ့ ဝဲယာမှာစိန်ပန်းပွင့်တွေရဲရဲနီအောင်းဖူးပွင့်လို့နေပေါ့။ 

တွံ့တေးသိန်းတန်ရဲ့ ‘ချစ်ရက်ရှည်ရှည်အင်းလျားမြေ’ထဲကလိုပဲ။ စိန်ပန်းပွင့်တို့ရဲရဲနီ။ စိန်ပန်းပြာကတော့ အတော်ရှားတယ်။ ဒဂုံဆောင်ဘေးမှာတပင်တော့တွေ့မိရဲ့။ လက်ထောက်တက္ကသိုလ်နယ်မြေမှူးကိုသက်ထွန်းကိုမေးကြည့်မိသေးတယ်။ နောက်တော့ အဓိပတိလမ်းအဝင်ဝ ညာဘက်ဘေးက ဗိုလ်အောင်ကျော်အထိမ်း အမှတ် အုတ်ဂူနဲ့တည့်တည့်မှာ စိန်ပန်းပြာပင်လေးတွေ့လာရတယ်။ ၁၉၈၈ မတိုင်မီမှာတော့ စိန်ပန်းပြာလေးပွင့်နေပါပြီ။ အတိတ်ကကျောင်းသားသမဂ္ဂအဆောက်အုံကြီးမရှိတော့ပေမယ့် စိန်ပန်းပြာပင်လေးကတော့သမဂ္ဂဝိဉာဉ်ပူးကပ်လို့ နေရာပြန်ယူလာနိုင်ခဲ့တာမို့လည်းဝမ်းသာခဲ့ရသေး။     

မကြာသေးခင်ကပဲမသမာသူလူတစုကဘွဲ့နှင်းသဘင်ရှေ့မှာ ရဲရဲရင့်ရင့်ပွင်းလေ့ရှိတဲ့ စိန်ပန်းပင်နှစ်ပင်စလုံးလည်းအမြစ်ကတူးလို့ မျိုးဖြုတ်သုတ်သင်လိုက်ကြတယ်။ သမဂ္ဂအဆောက်အုံဝင်းရှေ့ကစိန်ပန်းပြာလည်း ရှောင်ပုန်းဖို့အချိန်တောင်မရလိုက်ဟန်ပါပဲ။ သူ့ကိုပျိုးထောင်ခဲ့တဲ့ ကိုသက်ထွန်းကတော့ ၁၉၈၈ အရေးတော်ပုံအပြီးမှာ ကိုယ့်လိုပဲတက္ကသိုလ်နယ်မြေထဲက အပြီးထွက်ခွာသွားခဲ့ရလေရဲ့။ နုတ်တောင်မဆက်လိုက်ရပါဘူး။ 

ဘွဲ့နှင်းသဘင်ရှေ့မှာစိန်းပန်းရဲရဲနီပွင့်သလိုအင်လျားကန်ဘောင်ထိပ်မှာလည်း စိန်ပန်းတွေပွင့်တာပါပဲ။ အဲ့ဒီစိန်ပန်းပင်အောင်အောက်မှာတော့ အကြော်တဲလေးလည်းရှိပေါ့။ အကြော်စားရင်းသူငယ်ချင်းတွေနဲ့ အမှတ် တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသေးတယ်။ ဓာတ်ပုံကိုပြန်ကြည့်ရင်းကျောင်းသားဘဝရဲ့ အပူပင်ကင်းကင်းနဲ့ပျော် ပါးခဲ့တာတွေကိုပြန်မြင်မိတယ်။ ဟုတ်တယ်လေကျောင်းသားဘဝမှာစာမေးပွဲရာသီရောက်လို့ စိတ်ပူပန်ရတာကလွဲပြီးကျန်အချိန်မှာပေါ့ပါးလွတ်လပ်မြဲမို့လား။

သူငယ်ချင်းတွေနဲ့စုရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်ပြီးလူငယ်ဘာဝဘဝအကြောင်း၊ အချစ်အကြောင်းပညာရေး၊ နိုင်ငံရေးအကြောင်းအစုံစုံကိုပြောကြဆိုကြ ငြင်းကြ ခုံကြ ရယ်ဖွဲ့ဖွဲ့ကြပေါ့။ တက်ကြွစိတ်နဲ့တပါတီအာဏာရှင်ကိုဆန့်ကျင်တွန်းလှန်ရေးအကြောင်းတွေလည်း စုဝေးပြောဖြစ်ခဲ့သေးရဲ့။ ၁၉၈၈ လှိုင်းထဲမှာတော့ ကံ့ကော်တောကငှက်တအုပ်လည်း မုန်တိုင်းကြားမှာ တဘဝဆီ ဝေးကွာသွားခဲ့ကြပေါ့။ လွမ်းမောတမ်းတဖွယ်ရာ။ အခုထိပြန်မဆုံကြပေမယ့် သတင်းလေးတွေတော့ စေ့စေ့ငုငုနားစွင့်ခဲ့ကြရသည်ပဲလေ။

တချို့လည်း ၈၈ မုန်တိုင်းမှာ အတောင်ကျိုးလို့ ဘဝတခန်းရပ်ခဲ့သူတွေရှိပေါ့။ သင်္ချာဌာနကဆရာကိုတင်လှရဲ့ သူရဲကောင်းဈာပနလိုက်တောင်မပို့လိုက်ရဘူး။ မြန်မာစာဌာနကဆရာလေးကိုနေဝင်းအောင်တယောက်တော့ မသမာသူတွေရဲ့စွပ်စွဲချက်ဒဏ်ရာနဲ့ သေရာပါဝေဒနာတရပ်ခံစားရင်း ရပ်ဝေတနေရာမှာ ဘဝလမ်းကို ဆက်လျှောက်လှမ်းနေတယ်လို့သဲ့သဲ့လေးကြားရ။ အခုလည်း နိုင်ရာတာဝန်ထမ်းလို့ အားပြုပေးသံကြားရတော့ဝမ်းသာမိရဲ့။ 

     ၈၈ မုန်တိုင်းရဲ့ဒဏ်ရာတွေ။ တယောက်တနေရာဆီ။ ဘဝပြဋ္ဌာန်းရာလှိုင်းအတိုင်း ရေစုံမျောပါသူလည်း ရှိ။ လှိုင်းလိုပဲ နိမ့်တုံမြင့်တုံလောကဓံခံရသူတွေလည်း ရှိပေါ့။ တချို့ကတော့ ရည်ရွယ်ရာလမ်းအတိုင်းဆက်လက်လျောက်လှမ်းလို့ လှိုင်းနဲ့ဝေးရာကမ်းစပ်မှာနားခိုသာယာနေသူလည်း ရှိပေါ့။ အချို့ကတော့ လေးစားမြတ်နိုးတန်ဘိုးထားစရာသူတွေ။ ယုံကြည်ရာလမ်းမှာခိုင်ခိုင်ကျည်ကျည်နဲ့တော်လှန်ရေးတပ်ဦးအလံကို ဆုပ်ကိုထားမြဲ။ တချို့က တော့ ဘဝအခြေနေအရဆုပ်ကိုင်ထားချင်ပေမယ့် လက်အံသေလိုဖြေလျော့လိုက်ရတာလည်း ရှိပေါ့။ စာနာမိပါရဲ့။

တချို့ကြတော့ ရန်သူနဲ့ပူးပေါင်းရင်းလက်တွဲဖေါ်ရဲဘော်တွေကိုပြန်လည်တိုက်ခိုက်နေတာတွေ့တော့ ဆရာကြည်အောင်ရဲ့ “တချို့တံတွေးခွက်၊ စိတ်ပျက်စရာ’ ဆိုတဲ့ ကဗျာပိုဒ်ကလေး သတိရမိတယ်။ ကိုယ့်အတ္တအကျိုးစီးပွားအရ မူလယုံကြည်ရာတော်လှန်လမ်းနဲ့ ဆန့်ကျင်ဘက်လားရာလျောက်ရင်း ရန်သူအကျိုးပြုတွေဖြစ်သွာတာလည်း ရှိပေါ့။ တကယ်ဆို အခြေနေအရကိုယ်မပါနိုင်တော့မယ့် မုဒိတာပွားရင် းညီငယ်တွေကိုအားပေးသင့်တာပဲမဟုတ်လား။ လူအမျိုးမျိုးနဲ့ ဘဝအထွေထွေပါပဲ။

၁၉၈၈ ဟာ ၂၀၂၁ ရဲ့ အကိုကြီးတွေပါပဲလေ။ အကိုကြီးတွေရဲ့ တချိန်ကဟစ်ကြွေးသီဆိုခဲ့တဲ့တော်လှန်တေးတပုဒ်ကို ညီငယ်တွေလိုက်ပါသီဆိုခဲ့ကြတာပဲမဟုတ်လား။ ဒါက သဘာဝရဲ့နိယာမတခုပေပဲ။ ရှေ့မျိုးဆက်ပခုံးပေါ်ကိုနောက်မျိုးဆက်က တက်ကြည့်ခွင့်ရခဲ့တာ။ ရှေ့မျိုးဆက်နဲ့နောက်မျိုးဆက်၊ ထုံကူး ခဲ့ကြတာပါပဲ။ အခုလည်း ညီငယ်မျိုးဆက်တို့ပဲ တို့အကိုကြီးတွေဆိုခဲ့ဖူးတဲ့ တော်လှန်တေးကို ဆက်လက်သီဆိုနေကြဆဲပါ။ သူ့ခေတ်သူ့ဝန်ကို မတွန့်ဆုတ် ခိုင်မတ်သောဇွဲနဲ့ သီဆိုနေကြတာ အားရဝမ်းမြောက်စရာ။ အားလည်းကိုးမိပါရဲ့။

ဟိုတချိန်ကတော့ ငယ်ရွယ်စဉ်အလျောက် တက်ကြွစွာပဲ တပါတီအာဏာရှင်စနစ်ကိုဆန့်ကျင်တွန်းလှန်ကြဖို့ အာပေါင်အာရင်းသန်သန်နဲ့ အဓိဋ္ဌာန်ပြုခဲ့ကြ။ ကြားနာခဲ့ရတာတွေဟာ ညီငယ်တွေအတွက် သွေးတက်ကြွဖွယ်ရာတွေပေါ့။ ဟော ၂၀၂၁ ရောက်လို့ ညီငယ်တွေဆိုတဲ့တော်လှန်တေးကို သံပြိုင်သီဆိုကြရာမှာ တို့အကိုကြီးပါမလာတဲ့အပေါ်မှာတော့ ညီငယ်တွေေစိတ်မကောင်းဖြစ်မယ်ဆိုလည်း ဖြစ်စရာပေပဲ။ ဒါတွေဟာ အခုမှမဟုတ်။ အရင်ကလည်းရှိခဲ့သလို သမိုင်းအဆက်ဆက်လည်း ဒီလိုဖြစ်ရပ်မျိုးဖြစ်ခဲ့ဟန်ပါပဲ။

ဒီလိုအခြေအနေကိုတွေ့လိုက်ရတော့ ကဗျာဆရာကိုလေးအောင်ရဲ့ “တို့အကိုဆိုခဲ့ဖူးတဲ့တေးတပုဒ်” ဆိုတဲ့ ကဗျာလေးကို သတိရလိုက်မိတယ်။ 

'' တို့အကိုဆိုခဲ့ဖူးသောတေးတပုဒ်''       
                                                                                           
တလှေထဲစီးမယ်တဲ့  
ရေကြီးလည်းကြီးပါစေလေဆီးလည်းဆီးပါစေ ။
ကျောက်ဆောင်ကို မြှောက်တောင်ပေါက်ပါလို့  
မကြောက်ပေါင်ညီအကိုတို့ရေတဲ့
တို့တတွေလှော်ကာယက်မယ်  မြစ်ဘက်ကိုလေး။

ခါတရံရယ်က သာအသံတေးအချိုပေါ့                                                                                                   ဟေ့..တို့အကိုဆိုကာဟစ်တယ်   ချစ်စရာတေး။

အို…ခုများ
သူအားအင်ခွေကာနွမ်းလေသလား
တို့လမ်းမှာသူမပါချင်ဘု
သူခွာကြဉ်ခြေရာပျောက်လေတော့ 
ပူစွာပင် အကိုတယောက်ရယ်ဖြင့်     
စခန်းထောက် ပန်းရောက်နီးကာမှ     
(အကိုကြီးရေ) လမ်းပျောက်လို့ပြေး  ။ 

အုံ့ဆိုင်းညို့မှိုင်းနေတဲ့အခုလိုနိုင်ငံရေးရာသီမျိုးမှာ ကိုလေးအောင်ရဲ့ “တို့အကိုဆိုခဲ့ဖူးတဲ့တေးတပုဒ်’ ကိုပြန် လည်တမ်းတရွတ်ဆိုနေမိတယ်။ ဘက်ပြောင်းပြီးအတိတ်ကိုမေ့လျော့တတ်တဲ့ တို့အကိုဘယ်နှယောက်များ ရှိနေပါလိမ့်မလဲ။ “ကျောက်ဆောင်ကို မြှောက်တောင်ပေါက်ကာတိုက်ပွဲဝင်မယ်ဟေ့” ဆိုတဲ့ တချိန်ကတို့အကိုကြီးရဲ့ ‘ရဲရဲနီစွေးသွေးကြွေးတရားနဲ့ ဟစ်ကြွေးဖေါက်ခွဲစိမ်ခေါ်ရဲ’ ခဲ့တွေကို ပြန်လည်တမ်းတမိပါရဲ့။

အခုများတော့ ‘ရေကလည်းကြီး လေကလည်းဆီးထားလေတော့ တို့အကိုကြီး ‘လမ်းပျောက်လို့ပဲပြေးသွားလေသလား’ အရမ်းကြောက်လို့ပဲ ဝေးသွားလေသလား’ ဆိုတာကိုတော့ မပြောတတ်နိုင်ပြီဘဲကွယ်။ ဘာပဲဖြစ် ဖြစ် တို့အကိုဆိုခဲ့ဖူးတဲ့တေးတပုဒ်ကိုတော့ ညီငယ်မျိုးဆက်သစ်တွေကမက်မက်စက်စက် သတိတရဆက် လက် သီဆိုဟစ်ကြွေးနေသံတွေကို တို့အကိုကြီးကြားမှကြားပါလေစ။ နိုးထမှ နိုးထနိုင်ပါလေစ။ မိစ္ဆာဒိဋ္ဌ်ကို ပါယ်မှ ပါယ်နိုင်ပါလေစရယ်လို့ လက်ကျန်သံယောဇဉ်လေးနဲ့ စိုးရိမ်စိတ်စောနေမိပါတော့တယ်။

ဘိုလ်တောကျော်(ကနီတောရ)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar