Breaking News

ထွန်းဝင်းငြိမ်း - စုန်ရေ


စုန်ရေ
ထွန်းဝင်းငြိမ်း
(မိုးမခ) မေ ၁၀။ ၂၀၂၂

အမေ့ရဲ့
သားသမီးအပေါ်ထားတဲ့
ချစ်ခြင်းတရားဆိုတာ
နှိုင်းယှဉ်ဖေါ်ပြခြင်းငှာ
မစွမ်းသာတဲ့
ဘာသာဗဒေ တခုပါပဲ။
အမေ့မေတ္တာမှာ
စာချုပ်စာတမ်းတွေ
မပါပေမယ့်
ခေတ်ဝန်ကိုထမ်းခဲ့တဲ့ သား
အလုပ်ပြုတ် ထောင်ကျ
လွတ်လာတော့လည်း
ဈေးတောင်းခေါင်းပေါ်ရွက်နေရပေမယ့်
အလုပ်မရှိလည်း ငါ‌ ကျွေးထားမတဲ့။
အဖမ်းခံရတာ
တီဗီမှာပါသတဲ့
ဗကပနဲ့ဆက်လို့တဲ့အေ
ငါ့ကိုလည်း
ကောင်စီရုံးမှာ
တညလုံးထိုင်ခိုင်းထားတာ
ခင်ဗျားသားရဲ့
သူငယ်ချင်းတွေပြောပြဆိုတော့
ငါတနေကုန်ဈေးထွက်နေတာ
ဘယ်သိမလဲ ကလွဲလို့
ငါ ဘာမှမ‌ပြောလိုက်ဘူးတဲ့။
အလုပ်ထဲလိုက်သွားတော့
အဒေါ်ကြီးသား
စစ်ကြောရေးမှာ
ဆုံးသွားပြီ ကြားတော့
အမေ မနေဘူး
ထောက် ခြောက်အထိ
ရောက်အောင်သွားမေးခဲ့တာ
သေရင်လည်း အလောင်းပေး
မပြန်ဘူးဆိုပြီး တောင်းခဲ့တာ
ထောင်ကို ပို့လိုက်ပြီဆိုတော့မှ
ပြန်ခေါ်လို့ရသတဲ့။
နေပူမိုးရွာမရှောင်
ထောင်ကိုအကြိမ်ကြိမ်သွားမေးခဲ့သူ
မိုးလင်းမိုးချုပ် ကြွပ်ကြွပ်အိပ်‌လေးတထုပ်နဲ့
ထောင်ရှေ့မှာ ငုတ်တုပ်ထိုင်စောင့်ခဲ့သူ
ထောင်ပြောင်းရတယ်ဆိုတော့လည်း
အင်းစိန်၊ သာယာဝတီ၊ တောင်ငူထိ လိုက်ခဲ့ရသူ
ဆယ်စုနှစ်တခုကျော်‌ မငြီးမငြူ ထောင်ဝင်စာတွေ့ခဲ့သူ
ဟောဒီ အမှောင်ခေတ်ကြီးရဲ့ ဂန္ထဝင်ဘက်အခြမ်းမှာ
မိခင်တွေရဲ့ အခန်းကဏ္ဍကို မြင့်မြတ်စွာ
ဖော်ပြရင်း အကြိမ်ကြိမ် ဦးညွတ်လိုက်ရပါရဲ့။

ထွန်းဝင်းငြိမ်း
၉၊ ၅၊ ၂၀၂၂
* စာကြွင်း- ထောက် ခြောက် = စစ်ထောက်လှမ်းရေး အမှတ် ၆
Photo - TWN
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar