Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၁)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၁)
(မိုးမခ) မေ ၁၀၊ ၂၀၂၂

တောင်အာဖရိက လွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း လက်နက်ကိုင်လမ်းစဥ်ကို ထည့်သွင်းရွေးချယ်ဖို့ တွန်းပို့လိုက်တဲ့အဖြစ်အပျက်က ၁၉၆၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အဲဒီနေ့ Sharpeville မြို့မှာ လူ ၅၀၀၀ လောက်က မတရားတဲ့ မှတ်ပုံတင်ဥပဒေကို ဆန့်ကျင်ဖို့ ရဲစခန်းရှေ့ ငြိမ်းချမ်းစွာ စုရုံးရောက်ရှိလာချိန်ဖြစ်ပါတယ်။ လူအုပ်ထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများအပြား ရှိနေပါတယ်။ 

အဲဒီအချိန် ရဲတပ်ဖွဲ့က သတိပေးခြင်းတစုံတရာမရှိဘဲ လူအုပ်ကို သေနတ်နဲ့ ပစ်ခတ်လိုက်ပါတယ်။ သေနတ်နဲ့ပစ်ပြီဆိုတော့ လူအုပ်ကြီးက ကြောက်လန့်တကြားနဲ့ နောက်ကြောင်းလှည့်ပြေးကြပေမယ့် ရဲတွေက မရပ်ဘဲ ဆက်လက်ပစ်ခတ်ခဲ့ကြပါတယ်။ ဒီပစ်ခတ်မှုကြောင့် အမျိုးသား အမျိုးသမီး ၆၉ ယောက် သေဆုံးခဲ့ပြီး ၁၈၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ တောင်အာဖရိကမှာ သမိုင်းတွင်သွားတဲ့ လူသတ်မှုကြီးတစ်ခုဖြစ်သလို တကမ္ဘာလုံး တုန်လှုပ်သွားတဲ့အဖြစ်အပျက်လည်း ဖြစ်ပါတယ်။ 

၁၉၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အာဖရိကအမျိုးသားကွန်ဂရက် (African National Congress - ANC) အနေနဲ့ နှစ်ပေါင်း ၅၀ နီးပါး အကြမ်းမဖက်လှုပ်ရှားမှုတွေနဲ့ လူမျိုးရေးခွဲဲခြားမှု ပပျောက်ရေး၊ လွတ်မြောက်ရေး အတွက် ကြိုးပမ်းခဲ့တာပါ။ လှုပ်ရှားမှုထဲမှာ တလျှောက်လုံးပါခဲ့တဲ့ လူဖြူအချို့နဲ့ လူမည်းခေါင်းဆောင်များဟာ ဒီဖြစ်ရပ်ကြောင့် အလွန်အမင်း စိတ်ထိခိုက်ကုန်ပါတယ်။ 

ရှပ်ပ်ဗေးလ်မြို့ လူသတ်ပွဲဟာ အံ့သြတုန်လှုပ်စရာဖြစ်ရတဲ့နည်းတူ မခံရပ်နိုင်စရာ၊ ဒေါသထွက်စရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအနှံ့အပြားမှာ အဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကို အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့သလို ANC ကိုလည်း တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။ ပြည်သူလူထုကို ထိတ်လန့်ကြောက်ရွံ့အောင် အစိုးရက လုပ်ဆောင်ပါတယ်။ 

လူဖြူအစိုးရက ဖိနှိပ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးထောင်ချမှုတွေလည်း အကြီးအကျယ်လုပ်ဆောင်ပါတယ်။ အဖမ်းအဆီးခံရသူတွေဟာ တရားရုံးတင် စစ်ဆေးတာတွေမရှိဘဲ ထောင်သွင်းအကျဥ်းချတာကို ခံရသလို ညှဥ်းပန်းနှိပ်စက်မှုတွေလည်း ခံကြရပါတယ်။ ရဲက ငွေပေးပြီး စည်းရုံးထားတဲ့ လူမည်းကွန်ရက်တွေကို အသုံးချပြီး တခြားလူမည်းတွေအကြောင်း စုံစမ်းထောက်လှမ်းခိုင်းပါတယ်။ အထူးသဖြင့် ဘယ်သူတွေက အစိုးရကို ဆန့်ကျင်ဖို့ ဘာတွေ လှုပ်ရှားဆောင်ရွက်နေကြတယ်ဆိုတာ သိဖို့ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် နယ်လ်ဆင်မန်ဒဲလားနဲ့ တခြားသော ခေါင်းဆောင်တွေဟာ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းလမ်းတစ်ခုတည်းနဲ့ လူမျိုးရေးခွဲခြားတဲ့ Apartheid စနစ်ကို တော်လှန်နိုင်မှာ မဟုတ်ဘူးလို့ ကောက်ချက်ချလိုက်ကြပါတယ်။ အစိုးရအနေနဲ့ သူ့တိုင်းပြည်က ပြည်သူလူထုအပေါ် တိုက်ခိုက်လာပြီဆိုရင် လူထုအနေနဲ့လည်း ပြန်လည် ခုခံတိုက်ခိုက်ဖို့လိုအပ်တယ်လို့ သူတို့က ယူဆပါတယ်။ ဒါကြောင့် လက်နက်ကိုင်လမ်းစဥ်ကိုပါ ရွေးချယ်ဖို့ စတင် ဆုံးဖြတ်လိုက်ကြပါတော့တယ်။ 

နယ်လ်ဆင်မန်ဒဲလားက အဖမ်းမခံရအောင် ရှောင်တိမ်းရင်း တော်လှန်ရေးအတွက် ပြင်ဆင်ပါတယ်။ ၁၉၆၁ မှာ MK လို့ အတိုကောက်ခေါ်တဲ့ Umkhonto we Sizwe (Spear of Nation) ဆိုတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ ဒီအဖွဲ့က ဆန္ဒပြပွဲတွေဖော်ဆောင်ဖို့နဲ့ အစိုးရရုံးတွေကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတာပါ။ ဒီအဖွဲ့က လူတွေကို တိုက်ခိုက်တာမဟုတ်ဘဲ အစိုးရယန္တရားလည်ပတ်နေတဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးပါတယ်။ သူ့ထက် ပိုပြီးကြမ်းတဲ့အဖွဲ့က Poqo (Standing Alone) အဖွဲ့ဖြစ်ပြီး Pan Africanist Congress - PAC) ရဲ့ စစ်ဘက်အဖွဲ့အစည်းဖြစ်ပါတယ်။ 

တောင်အာဖရိက လွတ်မြောက်ရေးလှုပ်ရှားမှုအတွင်းက ဒီဖြစ်ရပ်မှာ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ဆင်တူတဲ့အချက်က အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြအရေးဆိုရာက လက်နက်ကိုင် ခုခံတော်လှန်ဖို့ လူထုကရွေးချယ်လိုက်ခြင်းပါ။ ဒီဆုံးဖြတ်ချက် ဒီလမ်းကြောင်းကို တခြားသောနည်းလမ်းပေါင်းစုံနဲ့ တွဲဖက်တော်လှန်ဖို့ ရွေးချယ်ဖြစ်အောင် တွန်းပို့တာက ပြည်သူလူထု မဟုတ်ပါဘူး။ ပြည်သူလူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်တဲ့ အာဏာရှင်တွေကြောင့်သာ ဖြစ်ပါတယ်။ 

ပြည်တင်းရင် မင်း အစိုးရတောင် ကြာကြာမခံနိုင်တာဆိုတော့ တိုင်းပြည်ကို ခုထိ အုပ်ချုပ်ခွင့်မရတဲ့ မြန်မာစစ်အာဏာရူးတို့ ကြာကြာတောင့်မခံနိုင်ပါဘူး။ သူတို့ဘက်က အင်အား ပိုမိုချည့်နဲ့လာလို့သာ ပိုမိုကြမ်းတမ်းတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ပြည်သူတွေ ကြောက်စိတ်လွှမ်းမိုးအောင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးစကားပြောလိုက်၊ တွေ့ဆုံဆွေးနွေးရေးအကြောင်းပြောလိုက် ရလိုရငြား သွေးတိုးစမ်းနေပါတယ်။ 

စစ်အာဏာရူးတွေရဲ့ အနေအထားဟာ "ရောဂါဆုံးနေတဲ့လူတစ်ယောက် ဝေဒနာကို လက်မခံသလို" ဇွတ်ငြင်းနေတဲ့ပုံ ဖြစ်နေပါတယ်။ သူတို့အနေနဲ့ အာဏာအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ပြည်သူကို အထင်သေးတဲ့စိတ်၊ မလေးစား မညှာတာတဲ့စိတ်တွေပဲ လွှမ်းမိုးနေပါတယ်။ မြန်မာလူထုက အရင်လို လုပ်ချင်တိုင်း လုပ်ခွင့်မပေးတော့ဘူးဆိုတာကို မယုံကြည်တဲ့ပုံပါပဲ။ 

တကယ်တော့ ပြည်သူလူထုက သူတို့ကြောင့်ပဲ လွတ်လပ်ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ဆိုတဲ့ ပန်းတိုင်ကိုရောက်အောင်သွားဖို့ ဒီတော်လှန်ရေးမှာ ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နေသူတွေကလည်း သိန်းနဲ့ သန်းနဲ့ချီတဲ့သူတွေပါ။ 

တော်လှန်ရေးဆိုတာ အထိအခိုက်တွေ၊ အရင်းအနှီးတွေ ရှိပေမယ့် လွတ်လပ်ရေးတိုက်ပွဲအပြီး အရှည်ကြာဆုံး ဒီကနေ့တိုက်ပွဲရဲ့အဖြေဟာ ပြည်သူတွေကိုယ်တိုင်ရဲ့ ဇွဲ လုံ့လ သတ္တိ အသိဉာဏ်တွေရဲ့ ပေါင်းစပ်ပြီး ပေါ်ထွက်မှာဖြစ်တာကြောင့် မလွဲမသွေနိုင်မှာဖြစ်ပါတယ်။ 

လက်တွေတွဲလေ မြဲခိုင်လေ၊ ပိုပြီး ခရီးတွင်လေ ဖြစ်ပါတယ်။ အားငယ်ဖို့ မလိုပါဘူး။ ငါတို့မှာ ငါတို့ရှိပါတယ်။ 

ထိန်လင်း
၅၊ ၅၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar