Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၀)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၀)
(မိုးမခ) ဧပြီ ၅၊ ၂၀၂၂

အာဏာရှင်အုပ်စိုးမှုတွေကို ကြည့်ရှုတဲ့အခါ လူနည်းစုတွေက လူများစုအပေါ် အနိုင်ကျင့်လွှမ်းမိုးမှုက အများဆုံး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အာဏာရှင်ခေတ် အဆက်ဆက်မှာလည်း အုပ်စိုးသူ လူနည်းစုက လူများစုဖြစ်တဲ့ ပြည်သူလူထုအပေါ် အနုနည်းရော အကြမ်းနည်းနဲ့ပါ ဗိုလ်ကျစိုးမိုးခဲ့တာဖြစ်ပါတယ်။ 

တောင်အာဖရိကနိုင်ငံမှာဆိုရင်လည်း ဒီလိုပါပဲ။ တိုင်းပြည်လူဦးရေရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိတဲ့ လူဖြူတွေက တိုင်းပြည်ကို အုပ်ချုပ်ပြီး လူမျိုးရေးခွဲခြားဆက်ဆံမှု အကြီးအကျယ်လုပ်ခဲ့၊ ဖိနှိပ်ခဲ့ပါတယ်။ 

A good head and a good heart are always a formidable combination. 

"ခေါင်းကောင်းနဲ့ နှလုံးသားကောင်းဟာ အမြဲတမ်း ဖြုံလောက်အောင် ခွန်အားရှိလှတဲ့ တွဲဖက်မှုဖြစ်တယ်" လို့ နယ်လ်ဆင် မန်ဒဲလားက ဆိုဖူးပါတယ်။ သူ့ရဲ့စကားအတိုင်း တောင်အာဖရိက လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို နည်းလမ်းပေါင်းစုံ၊ အချိန်ကာလပေါင်းများစွာ ဇွဲရှိရှိ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ 

တော်လှန်ရေးတွေကို ဆင်နွှဲတဲ့အခါ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့နည်း၊ အာဏာဖီဆန် အံတုတဲ့နည်း၊ လက်နက်ကိုင်တော်လှန်နည်း စသဖြင့် နည်းလမ်းပေါင်းများစွာ အသုံးပြုခဲ့ကြပြီး ဘယ်နည်းကသာ မှန်ကန်တယ်လို့ ယတိပြတ် မပြောနိုင်ပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးများရဲ့အခင်းအကျင်း၊ အုပ်စိုးသူတွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုနဲ့ တော်လှန်ရေးအင်အားစုများရဲ့ ဆုံးဖြတ်ရွေးချယ်မှုတွေနဲ့ သက်ဆိုင်ပါတယ်။ 

အခြေအနေပေါ်မှာမူတည်ပြီး နည်းစနစ် ပြောင်းလဲရတာနဲ့ပတ်သက်လို့ ကြားဖူးတဲ့အကြောင်းအရာတစ်ခု ဝေငှပါရစေ။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲဝင်စဥ် ကာလအတွင်း အကြိမ်ကြိမ် အဖမ်းခံရတဲ့ နိုင်ငံရေးသမားတစ်ဦးဟာ ထောင်တွင်းမှာ အခွင့်အရေးတောင်းဆိုပြီဆိုရင် အမြဲတမ်း အစာငတ်ခံ ဆန္ဒပြလေ့ရှိပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရက သူ့ရဲ့တောင်းဆိုချက်တွေကို လိုက်လျောပြီး အစားအသောက် ပြန်စားစေပါတယ်။ 

တိုင်းတပါးသား ကိုလိုနီအစိုးရက လူကိုလူလို တန်ဖိုးထားတာကြောင့် အရေးဆိုတိုင်း ဂရုတစိုက်ဆွေးနွေးပြီး လိုက်လျောခဲ့တာဖြစ်ပါတယ်။ ဂျပန်အုပ်ချုပ်တဲ့ ဖက်ဆစ်စနစ်အောက်မှာတော့ စောစောက နိုင်ငံရေးသမားဟာ လုံးဝ အစာငတ်ခံပြီး ဆန္ဒမပြပါဘူး။ ဖက်ဆစ်အစိုးရက အစာငတ်ခံပြီး သူအသေခံသွားရင်တောင် ဂရုစိုက်မှာမဟုတ်ဘူးဆိုတာ သိထားလို့ပါ။ ဒါကြောင့် နည်းလမ်းတစ်ခုဟာ တချို့သောအချိန်တွေအတွက် ကောင်းပေမယ့် တချို့အချိန်တွေမှာ အံဝင်ခွင်ကျ ဖြစ်ဖို့မလွယ်ပါဘူး။ 

တခါတရံ ဖြစ်ပေါ်လာတဲ့အနေအထားအရ တော်လှန်မှုပုံစံ အလှည့်အပြောင်းတွေလည်း ရှိတတ်ပါတယ်။ တောင်အာဖရိက လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုဟာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေနဲ့ စတင်ခဲ့တာပါ။ ၁၉၄၈ ခုနှစ်မှာ အာဏာရလာတဲ့ အမျိုးသားပါတီ (The National Party) က Aparheid လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားမှုစနစ်ကို စတင်ကျင့်သုံးပြီး လူဖြူတွေပဲကြီးစိုးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ 

အဲဒီစနစ်အရ လူဖြူတွေပဲ လုပ်ခွင့်ရှိတဲ့ အလုပ်၊ လူဖြူတွေပဲတက်ခွင့်ရှိတဲ့ ကျောင်း၊ လူဖြူတွေပဲ နေထိုင်ခွင့်ရှိတဲ့အရပ်တွေ သတ်မှတ်ထားသလို အထွေထွေ ရွေးကောက်ပွဲများကိုလည်း လူဖြူတွေကသာ မဲပေးခွင့် ရှိပါတယ်။ နိုင်ငံရေး၊ စစ်ရေး၊ ပညာရေးနဲ့ ချမ်းသာကြွယ်ဝမှုအားလုံး လူနည်းစု လူဖြူတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လူဖြူတွေကသာ ပိုင်ဆိုင်အောင် လုပ်ထားတဲ့စနစ်ပါ။ ဒီစနစ်က မြန်မာပြည်မှာ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်က အမြဲတမ်း အာဏာရယူနိုင်အောင် လုပ်ထားတာနဲ့ သိပ်မကွာပါဘူး။ 
ဒီလိုခွဲခြားတဲ့စနစ်ကို တော်လှန်ဖို့ နယ်လ်ဆင် မန်ဒဲလား အပါအဝင် တောင်အာဖရိက လူမည်းခေါင်းဆောင်တွေက သပိတ်မှောက်တာ၊ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်တာ၊ မတရားတဲ့အမိန့်တွေကို ဖီဆန်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလို အံတုတဲ့လုပ်ဆောင်မှုတွေက ဂျိုဟန်နစ္စဘတ်၊ ကေ့ပ်တောင်းတို့ကတဆင့် မြို့ငယ်လေးတွေအထိ ပျံ့နှံ့သွားပါတော့တယ်။ 

၁၉၅၅ ခုနှစ်မှာ မန်ဒဲလား နဲ့ အာဖရိကအမျိုးသားကွန်ဂရက် (ANC) အဖွဲ့ဝင်အများအပြား အစိုးရကိုဆန့်ကျင်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူတို့ကို တရားစွဲခဲ့ပေမယ့် ပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် သူတို့ကို အစိုးရက သတိထားစောင့်ကြည့်ခဲ့ပါတယ်။ အစိုးရအနေနဲ့ အာဏာကို ဘယ်သူကမှခြိမ်းခြောက်ထိပါးတာ လက်မခံပါဘူး။ အာဖရိကအမျိုးသားကွန်ဂရက် (African National Congress - ANC) အဖွဲ့ဟာ လူမည်းပြည်သူများအနေနဲ့ နိုင်ငံရေးအပြောင်းအလဲ ဖန်တီးဖို့ အားပေးတိုက်တွန်းတဲ့အဖွဲ့ဖြစ်ပြီး လူမည်းများ မဲပေးခွင့် ပိုမိုရရှိရေး၊ ကျောင်းကောင်း အလုပ်ကောင်းများ တက်ရောက်လုပ်ကိုင်ခွင့်ရရှိရေးတွေကို ကြိုးပမ်းခဲ့ပါတယ်။ 

နယ်လ်ဆင် မန်ဒဲလားက အဲဒီအဖွဲ့ရဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လူငယ်အဖွဲ့ချုပ် (ANCYL) ကို အာရုံစိုက်ပြီး အကူအညီပေးပါတယ်။ ANCYL က ကျောင်းသားတွေ နိုင်ငံရေးမှာ ပါဝင်လာဖို့ကြိုးပမ်းပါတယ်။ လူဖြူမဟုတ်သူများကို ခွဲခြားဆက်ဆံတဲ့ Aparheid စနစ်ကို ANC နဲ့ ANCYL တို့က ဆန့်ကျင်ခဲ့ကြပါတယ်။ ငြိမ်းချမ်းတဲ့နည်းတွေနဲ့ အံတုနေတဲ့ပြည်သူတွေကို လူဖြူအစိုးရက အကြမ်းဖက် သတ်ဖြတ်လိုက်ချိန်မှာတော့ လက်နက်ကိုင်လမ်းစဥ်နဲ့ ခုခံတော်လှန်ဖို့လည်း ဆုံးဖြတ်ချက်ချလိုက်ကြပါတော့တယ်။ 

ဒါဟာ အခြေအနေက တွန်းပို့လိုက်တဲ့ တော်လှန်ရေးနည်းနာတစ်ခု ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ အချိန်ကာလနဲ့ အလှည့်အပြောင်း အချိုးအကွေ့တွေကို မျိုးစုံဖြတ်သန်းရမှာဖြစ်ပေမယ့် အောင်မြင်ဖို့ဆိုရင် အဆုံးထိရောက်အောင် သွားရမှာဖြစ်ပါတယ်။ ဒါတွေဟာ ကြုံရမြဲဖြစ်တာကြောင့် အားငယ်ဖို့ မလိုပါဘူး။ 

ငါတို့မှာ ငါတို့ ရှိပါတယ်။ ။ 

ထိန်လင်း
၂၇၊ ၄၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar