ကိုကျော် (မြစ်ကြီးနား) - မယ်ရီယိုပိုး Azovstal သံမဏိစက်ရုံဝင်းကို ရုရှားတို့ စတိုက်ပြီ
(မိုးမခ) မေ ၄၊ ၂၀၂၂
အင်္ဂါနေ့မှာ မယ်ရီယိုပိုးမြို့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ သံမဏိစက်ရုံဝင်းကို ရုရှားစစ်တပ်များမှ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေနေ့များမှာ စက်ရုံဝင်းထဲမှာပိတ်မိနေတဲ့ ယူကရိန်းအရပ်သား ၁၀၁ ယောက် (အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ် ၁၇ ယောက်) တို့အား ဘေးကင်းရာသို့ကယ်ထုတ်နိုင်ခဲ့ပြီး မြေအောက်ခန်းမှာ ၂ လကြာ ပုန်းခိုခဲ့ရပြီးနောက် ပထမဆုံးအကြိမ်နေ့အလင်းရောင်ကို မြင်ခဲ့ရတယ်လို့ UN လူသားချင်းစာနမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ Osnat Lubrani မှ ပြောပါတယ်။
စက်ရုံဝင်းထဲမှာ ကျန်ရစ်နေသေးတဲ့သူများအတွက်တော့ သတင်းဆိုးကြားရတာ ဖြစ်ပါတယ်။ မြေအောင်ဥမင်လမ်းကြောင်းများနဲ့ ကတုတ်ကျင်းများ ပြည့်နှက်နေပြီး ၄ စတုရန်းမိုင်ကျယ်ဝန်းတဲ့ သံမဏိစက်ရုံအား ရုရှားတို့က တင့်ကားများနဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စက်ရုံဝင်းထဲမှာ ယူကရိန်းစစ်သားအရေအတွက် ဘယ်လောက်ကျန်ရှိနေသေးတာကို သေချာမသိရပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ရုရှားတို့ရဲ့ခန့်မှန်းချက်အရ ယူကရိန်းစစ်သား အယောက် ၂၀၀၀ ခန့် နဲ့ ဒဏ်ရာရရှိသူ ၅၀၀ ရှိတယ်လို့ ဆိုပါတယ်။ အရပ်သား ရာကဏန်းခန့်ကလည်း ကျန်ရှိနေသေးတယ်လို့ ယူကရိန်း ဒုဝန်ကြီးချုပ် Iryna Vereshchuk မှ ပြောခဲ့ပါတယ်။
"ကျနော်တို့ကတော့ ဖြစ်နိုင်သမျနည်းလမ်းနဲ့ တိုက်ခိုက်မှုကို ခုခံသွားမှာပါ၊ ဒါပေမဲ့ စက်ရုံဝင်းထဲမှာ ကျန်ရှိနေသေးတဲ့ အရပ်သားတွေကို ဘေးကင်းရာသို့ ကယ်ထုတ်သွားဖို့ အရေးတကြီးစီမံမှုတွေ လိုအပ်နေတာကို ကျနော်တို့တောင်းဆိုထားပါတယ်" လို့ ယူကရိန်း Azov တပ်ဖွဲ့မှ တပ်ရင်းမှုး Sviatoslav Palamar မှ ပြောခဲ့ပါတယ်။ ထို့အပြင် သံမဏိစက်ရုံကို ရုရှားတို့က ရေတပ်အမြောက်နဲ့ လေကြောင်းတို့မှ ညဖက်တလျောက်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ရပြီး အရပ်သား ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြီးပြောခဲ့ပါတယ်။
UN ကယ်ဆယ်ရေးအဖွဲ့ဝင် Osnat Lubrani မှ ပြောခဲ့ရာမှ နောက်ထပ်ကယ်ဆယ်ရေးများ ပြုလုပ်နိုင်ဖို့ မျော်လင့်ခဲ့ကြောင်း သို့ရာတွင် အစီစဥ်တစ်ခုမှ အဆင်မပြေခဲ့ကြောင်း သိရပါတယ်။
သံမဏိစက်ရုံအားတိုက်ခိုက်မှုက အရပ်သားများအား လုံခြုံစိတ်ချစွာ ကယ်ထုတ်နိုင်ရေးကိစ္စ သဘောတူညီချက်များကို ရုရှားတို့က ချိုးဖောက်ခဲ့ကြောင်း၊ အစောပိုင်းမှ ကယ်ဆယ်ရေးတို့က အောင်မြင်မှုတစ်ခု မဟုတ်သေးကြောင်း၊ သို့ပေမဲ့ အကျိုးရလာဒ်ရှိခဲ့ပြီး ကျန်ရှိနေတဲ့သူများအား ကယ်ထုတ်နိုင်ဖို့ အခွင့်အရေးတစ်ခု ရှိအုံးမယ်လို့ ယုံကြည်ကြောင်း ယူကရိန်းသမ္မတ ဇီလန်းစကီးမှ ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ။
(AP News - May 3, 2022 - Russia storms Mariupol plant as some evacuees reach safety, By CARA ANNA and YESICA FISCH
today)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar