လင်းနွေးအိမ် - ဘာမှလာမပြောနဲ့
ဘာမှလာမပြောနဲ့
လင်းနွေးအိမ်
(မိုးမခ) မေ ၂၆၊ ၂၀၂၂
ဘာမှလာမပြောနဲ့
ပြည်သူ့ဘက်တော်သားတွေ
ဒဏ်ရာတွေနဲ့။
ဘာမှလာမပြောနဲ့
ဒီလူတွေ
ဒီဒဏ်ရာတွေကိုကုဖို့
နနွင်းသိပ်သူကသိပ်
ဗီစပ်ရွက်အုံသူကအုံ
တံတွေးစွတ်သူကစွတ်
ပရိတ်ရွတ်သူကရွတ်။
ဘာမှလာမပြောနဲ့
ဒီလိုနဲ့ဒီလူတွေရှင်သန်လာတာ
သမိုင်းရာစုချီနေပြီ။
ဘာမှလာမပြောနဲ့
ဒီလူတွေဆက်ရှင်သန်ဦးမယ်။
ဘာမှလာမပြောနဲ့
ဒီလူတွေကိုကမ္ဘာကြီးကအံ့ဩဦးမယ်။
ဘာမှလာမပြောနဲ့
အမာရွတ်တွေနဲ့ဒီလူတွေ
ရယ်ရယ်မောမောနဲ့
ဖက်ဆစ်ခေတ်အကြောင်း
ပြန်ပြောင်းပြောကြဦးမှာမြင်ယောင်တယ်။
မေ ၂၅၊ ၂၀၂၂။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar