မြန်မာနွေဦး ခရိုနီကယ် - မေ ၂၅ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၅ မြင်ကွင်း
(မိုးမခ) မေ ၂၆၊ ၂၀၂၂
တိုက်ပွဲနဲ့ ဒုက္ခသည်များ
မြန်မာနိင်ငံမှာ ဆယ်စုနှစ် ၇ ခုကျော်ကြာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တဲ့ အကျိုးဆက် စစ်ဘေးဒုက္ခသည်တွေ ကိန်းဂဏန်းက သောင်းဂဏန်း သိန်းဂဏန်းကနေ သန်းဂဏန်းထိ ၂၀၁၇ ခုနှစ်တွေမှာ ရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အခြေချနေထိုင်သူ ရိုဟင်ဂျာတွေ ၇ သိန်းကနေ ၁ သန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင်သွားခဲ့တဲ့ နောက် သန်းဂဏန်းရောက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်တွေတုန်းက ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း စုစုပေါင်း သိန်းဂဏန်းနဲ့ ရှိခဲ့ပြီး ၁၉၉၆မှ ၁၉၉၈ ခုနှစ် ထိ ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းလက်နက်ကိုင်တွေကို မြန်မာစစ်အစိုးရတပ်က တိုက်ခိုက်ခဲ့ရာမှာလည်း ရွာပေါင်း ၁၅၀၀ လောက် ရွှေ့ပြောင်း ဖျက်ဆီးခံခဲ့ကြရပြီး ဒုက္ခသည် သောင်းနဲ့ သိန်းနဲ့ချီခဲ့ကာ ၂၀၁၁ ခုနှစ် ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့နောက် ကချင်ပြည်နယ် နယ်စပ်ဒေသတွေ တလျှောက်၊ ရှမ်းမြောက်ဒေသက နမ့်ခမ်း၊ ကွတ်ခိုင်တို့မှာ ဒုက္ခသည်တွေ သောင်းနဲ့ချီ ရှိခဲ့ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒုက္ခသည်အရေအတွက်က လအလိုက် တရှိန်ထိုးမြင့်တက်ခဲ့တာ လအနည်းငယ်အတွင်း ၄၊ ၅ သိန်းမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ နကိုရှိနှင့်ပြီး ပြည်တွင်း ဒုက္ခသည်အရေအတွက် ၄သိန်းဝန်းကျင်ကနေ ၆ လခန့်အတွင်းမှာ နောက်ထပ် ၄သိန်းကျော် ၅ သိန်းနီးပါး မြင့်တက်ခဲ့ရာက လက်ရှိ အနေအထားမှာ ဒိထက်ပိုများတဲ့ ကိန်းဂဏန်းတွေရောက်ရှိနေပြီလို့ မှန်းဆရပါတယ်။
ဒုက္ခသည်တွေ ရဲ့ အခက်အခဲ အကျပ်အတည်း အသက်ဆုံးရှုံးရမှု၊ ပိုင်ဆိုင်မှုတွေ နေအိမ်တွေဆုံးရှုံးရမှုတွေ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ မလုပ်နိုင်ကြတော့တာတွေက တဖက်မှာ လက်နက်ကိုင် တိုက်ပွဲ နိုင်ငံရေး ရည်မှန်းချက် ရောက်ရှိရေးနဲ့အတူ ယှဥ်တွဲနေတဲ့ ပြဿနာ လက်နက်ကိုင် တိုက်ပွဲကို လုပ်ဆောင်နေတဲ့ အဖွဲ့တွေအနေနဲ့လည်း အရေးတကြီ ထားစဥ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။
ပြောက်ကျားစစ် ဆင်နွှဲတာဖြစ်လို့ ဒေသခံလူထုကို အားပြုပြီး ရိက္ခာ၊ အကာအကွယ်၊ သတင်းအချက်အလက်တွေ ရယူရတာဖြစ်လို့ ကျေးလက်ဒေသမှာ နေထိုင်သူတွေ ဒုက္ခသည်ဖြစ်ပြီး အခြေမကျတဲ့အခါ သူတို့ရဲ့စားဝတ်နေရေးအတွက် အသက်ရှင်ရေးအတွက် ရုန်းကန်နေကြရတဲ့အခြေအနေမျိုးမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဒေသခံတွေကို မှီခိုဖို့ ခက်ခဲလာမှာ ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းက လူထုတွေအနေနဲ့ ပိုင်ဆိုင်မှုကို ဆုံးရှုံးတာ၊ စားရေးအတွက် ရိက္ခာမစိုက်ပျိုးနိုင် မရောင်းဝယ်နိုင်တာတင်မကပဲ ဒုက္ခသည်စခန်းတွေအတွက် ဝယ်ယူတဲ့ ရိက္ခာတွေကိုပါ စစ်ကောင်စီဘက်က ဖြတ်တောက်တာမျိုးလည်း တချို့သောဒေသတွေမှာ ကြုံနေရတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက မြို့နယ် ကျေးရွာတွေ အတော်များများ စစ်ပွဲတွေ ရွာကို ဝင်စီးမှုတွေ တိမ်းရှောင်နေကြရချိန်မှာ ဆန်လို ရိက္ခာမျိုး ရှိသူက မရှိသူကို ဝေမျှနိုင်ပေမယ့် ဆေးဝါး၊ လောင်စာဆီ၊ အဝတ်အထည်တွေအထိ ပိတ်ပင်ခံထားရတာကြောင့် ဆေးဝါးကုသဖို့၊ သွားလာရေးအတွက် လောင်စာဆီနဲ့ အဝတ်အထည်တွေ စျေးကြီးပေးဝယ် သုံးနေကြရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေအနေနဲ့ မြို့ရွာတွေကို လနဲ့ သို့မဟုတ် နှစ်နဲ့ တိမ်းရှောင်ပြီး ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်နေထိုင်ခဲ့ကြတာ ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ အဲဒီအချိန်က အစိုးရရဲ့ တစိတ်တပိုင်းအထောက်အပံ့နဲ့နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်စပ် ဒေသတွေမှာ ဆယ်စုနှစ်ချီတဲ့ ဒုက္ခသည်စခန်းတွေ ရှိသလို မြစ်ကြီးနားမြို့ပေါ်မှာလည်း ဆယ်စုနှစ် တခုကြာ စစ်ဘေးရှောင်စခန်းတွေရှိတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာလည်း ၂၀၁၇ ကနေ ၂၀၁၉ အထိအကြား လက်နက်ကိုင် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေ အခုချိန်ထိ စခန်းတွေမှာ နေကြရဆဲ ဖြစ်ပါတယ်။
အခုလတ်တလော ဖြစ်ပျက်နေတဲ့ ကရင်ပြည်နယ် ၊ ကယားပြည်နယ် ချင်းပြည်နယ်၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်း ဒေသတွေက စစ်ဘေးရှောင်တွေအဖို့တော့ စစ်ဘေးရှောင်စခန်းရှိတဲ့ ဒေသတွေလည်း ရှိသလို စစ်ဘေးရှောင်စခန်းမရှိဘဲ သင့်လျော်သလို တောထဲ ကွင်းထဲ တောင်ထဲ တိမ်းရှောင်ပြီး နေကြရသူတွေလည်းရှိပါတယ်။
စစ်ကိုင်းတိုင်းလိုဒေသမျိုးမှာ နေရာအနှံ့ စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်းတာ သတ်ဖြတ်မီးရှို့တာတွေ ရှိနေတာကြောင့် စစ်ဘေးရှောင်စခန်းရယ်လို့ မရှိဘဲ စစ်ဘေးရှောင်တွေအတွက် သီးခြား နယ်မြေလည်း သတ်သတ်မှတ်မှတ်မရှိကြပါဘူး။ ပစ္စည်းတွေ လှည်းပေါ်တင်ပြီး နွေရာသီက သစ်ပင်ရိပ်မှာ ခိုပြီး နေထိုင်ခဲ့ကြသလို အခုလို မိုးတပြိုက် နေတပြိုက် ကာလမှာ ဖြစ်သလို မိုးကာပြီး လှည်းနဲ့ ဆိုင်ကယ်နဲ့ လှည့်လည် နေထိုင်ကြရတဲ့အနေအထားမျိုးတွေ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ပြောက်ကျားစစ်ကို ချေမှုန်းတဲ့ ဗျူဟာမျိုး သုံးနေတာဖြစ်ပြီး အခြေစိုက်နိုင်တဲ့ ကျေးရွာတွေကို ဖျက်ဆီးပြီး အချိန်ကာလတခုတိုင် PDF တွေ မခိုလှုံနိုင် ရိက္ခာမရနိုင် သို့မဟုတ် အညံ့ခံလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တိုက်ခိုက်နေတဲ့ သဘောမျိုး မှန်းဆရပါတယ်။
တဖက်မှာ PDF တွေအနေနဲ့ အဖွဲ့ သေးသေးတွေ ကျေးရွာအလိုက် ကွဲပြားနေတာ၊ ဒေသအလိုက် မြို့နယ်အလိုက် ကွဲပြားနေတာဟာ ကောင်းတဲ့ အားသာချက်လည်းဖြစ်နိုင်သလို စုစည်း ချိတ်ဆက်မှုမရှိတဲ့ အားနည်းချက်လည်း ဖြစ်နိုင်ပါတယ်။
စစ်ကောင်စီရဲ့ ပြောက်ကျားစစ်ချေမှုန်းရေး မြေလှန်စနစ်ကို တုံ့ပြန်နိုင်တဲ့ ကြံ့ကြံ့ခံနိုင်တဲ့ ဗျူဟာနဲ့ နည်းနာတွေလည်း လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။
စစ်ကောင်စီရဲ့ မြေလှန်စနစ်ကို ခံနိုင်ပြီး ကျေးရွာလူထုကို ကာကွယ်ပေးနိင်ဖို့ရာ ဘယ်လိုအချက်တွေ ဘယ်လို မဟာဗျူဟာ နည်းဗျူဟာတွေ လိုအပ်မလဲဆိုတာလည်း အရေးကြီးသလို ဒုက္ခသည်တွေ ဘယ်လောက်ထိ ကြာရှည်ကြံ့ကြံ့ခံနိုင်မလဲ ဆိုတဲ့အချက်ကလည်း တော်လှန်ရေးအောင်မြင်ရေးအတွက် အရေးပါတဲ့အချက်တချက် ဖြစ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar