Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၂)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၂)
(မိုးမခ) မေ ၂၅၊ ၂၀၂၂

အာဏာရှင်တွေကို တော်လှန်ကြတဲ့အခါ လွှတ်တော်ထဲ အယုံအကြည်မရှိအဆိုတင်ပြီး မဲခွဲရသလို ချောမွေ့မှုမရှိတာတော့ သေချာပါတယ်။ အာဏာရှင်မှန်သမျှက တိုးတိုးတိတ်တိတ်ရော ကျယ်ကျယ်လောင်လောင်ပါ လူထုကို ဖိနှိပ်ကြတာဆိုတော့ အကြောက်တရားလွှမ်းမိုးအောင် လုပ်ထားလေလေ တော်လှန်ဖို့ခက်ခဲလေ ဖြစ်တတ်ပါတယ်။ 

အခြားတစ်ဖက်မှာလည်း အာဏာရှင်များက သူတို့အာဏာတည်မြဲရေးအတွက် ကျားကန်ပေးမယ့် အခြေခံအဆောက်အအုံတွေကို ပိုမိုအင်အားကြီးအောင် တည်ဆောက်ကြပါတယ်။ တိုင်းပြည်ကို အတွေးအခေါ် အမှောင်ချတာတွေ၊ ပညာတတ် နည်းပါးအောင်လုပ်တာတွေ၊ စီးပွားရေးနဲ့ နေမှုထိုင်မှု အခြေအနေဆိုးဝါးပြီး ကျန်တာကို အာရုံမစိုက်နိုင်အောင်လုပ်တာတွေ၊ အချင်းချင်း သွေးခွဲမှုတွေ၊ လူမျိုးရေး ဘာသာရေး မှိုင်းတိုက်မှုတွေနဲ့ သူတို့ရဲ့ရပိုင်ခွင့်အတွက်ပဲ ဦးတည်ဆောင်ရွက်ကြတာ တွေ့ရမှာဖြစ်ပါတယ်။ 

*(အခု ကျောင်းတွေပြန်ဖွင့်တာဟာ ပညာတတ်စေချင်လို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတယ်ဆိုတာ ပြသဖို့ ကြိုးစားတာပါ။ ကျောင်းမတက်လိုက်ရရင် ကလေးတွေ ပညာမဲ့သွားမယ်ဆိုတဲ့ အယူအဆတွေနဲ့ပတ်သက်လို့ နောက်ဆောင်းပါးမှာ အသေအချာ ရေးပါ့မယ်။)* 

တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု ကာလအတွင်းမှာလည်း လူဖြူအစိုးရက လူမည်းတော်လှန်ရေးသမားတွေကို ထောက်လှမ်းဖို့ လူမည်းတချို့ကို အသုံးချခဲ့တာဟာ အာဏာရှင်များရဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အဂတိတရား ၄ ပါး ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ လူမှုအသိုင်းအဝိုင်းကြီးမားလေ အာဏာရှင်တွေရဲ့အသုံးချမှု ခံရလေဖြစ်ပါတယ်။ အသိအမြင်နိုးကြားမှုနဲ့ ဇွဲရှိမှုတွေက တော်လှန်ရေးအောင်မြင်ဖို့ မရှိမဖြစ်အချက်တွေပါ။ 

လက်နက်ကိုင် တော်လှန်ရေးနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ နယ်လ်ဆင် မန်ဒဲလားဟာ ၁၉၆၂ ခုနှစ်မှာ နိုင်ငံကူးလက်မှတ်အတုနဲ့ အာဖရိကတိုက်အတွင်းက အခြားတိုင်းပြည်တွေဆီ သွားရောက်ခဲ့ပါတယ်။ ခရီးစဥ်တွေအတွင်း အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်သူတွေနဲ့ တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တောင်အာဖရိကကို ပြန်ရောက်တဲ့အခါမှာတော့ အဖမ်းခံလိုက်ရပြီး ထောင်ဒဏ် ၁ နှစ်အချခံခဲ့ရပါတယ်။ 

အဲဒီနှစ်မှာပဲ ရဲတပ်ဖွဲ့က Rivonia မြို့က အာဖရိက အမျိုးသားကွန်ဂရက် (ANC) ဌာနချုပ်ရုံးများကို ဝင်ရောက်စီးနင်းပါတယ်။ ပြီးတော့ အစိုးရကို ဆန့်ကျင်ဖို့ လျှို့ဝှက်ကြံစည်သူလို့ ယူဆတဲ့ ANC အဖွဲ့ဝင်တွေကို ဖမ်းဆီးပါတယ်။ နယ်လ်ဆင် မန်ဒဲလားကလည်း အဲဒီအမှုနဲ့ ဆက်နွယ်နေပါတယ်။ ၁၉၆၃ ခုနှစ် အောက်တိုဘာလမှာ နယ်လ်ဆင် မန်ဒဲလားနဲ့ အခြားသူ ၇ ဦးကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲပါတယ်။ 

၁၉၆၄ ခုနှစ် ဧပြီလအတွင်း တရားခွင်တစ်ခုမှာ နယ်လ်ဆင် မန်ဒဲလားက အစိုးရကို ဘာကြောင့်ဆန့်ကျင်ရသလဲဆိုတာကို ရှင်းပြတဲ့ လျှောက်လဲချက်မိန့်ခွန်းဟာ ထင်ရှားတဲ့ သမိုင်းဝင်မိန့်ခွန်းဖြစ်ပါတယ်။ ၄ နာရီကြာ အဲဒီလို လျှောက်လဲခဲ့ပေမယ့် တရားရုံးက နယ်လ်ဆင် မန်ဒဲလားကို တစ်သက်တစ်ကျွန်း အမိန့်ချလိုက်ပါတယ်။ ပြီးတော့ ရော်ဘင်ကျွန်းထောင်ကို ပို့လိုက်ပါတယ်။ သူ့ရဲ့ အကျဥ်းသားအမှတ်စဥ် ၄၆၆၆၄ က နောက်ပိုင်းမှာ သူ့ကို ကိုယ်စားပြုပြီး သုံးစွဲတဲ့ အထင်ကရ နံပါတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ 

အဲဒီနှစ်မကုန်ခင်မှာပဲ လူဖြူအစိုးရကို လက်နက်ကိုင်လမ်းစဥ်နဲ့ ခုခံတိုက်ခိုက်နေတဲ့ MK နဲ့ Poqo အဖွဲ့ ၂ ခုစလုံး အချေမှုန်းခံလိုက်ရပါတယ်။ အဲဒီအဖွဲ့ဝင်တွေ နေထိုင်တဲ့အဆောက်အအုံတွေကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးတာ၊ ထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ တချို့ ANC ခေါင်းဆောင်တွေက တောင်အာဖရိက ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ကြပြီး အဖွဲ့အစည်းဆက်လက်ရှင်သန်ဖို့ ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။ 

မန်ဒဲလားနဲ့ အခြားသောနိုင်ငံရေးအကျဥ်းသားများကို အကျဥ်းချခဲ့တဲ့ ရော်ဘင်ကျွန်း အကျဥ်းထောင်ဟာ ကြမ်းတမ်းတဲ့အကျဥ်းထောင်ဖြစ်ပြီး အခွင့်အရေးချိုးဖောက်ခံရမှု များပြားတဲ့ထောင်ဖြစ်ပါတယ်။ အိပ်ရာမရှိ၊ စားစရာ မလောက်မငနဲ့ အခန်းကျဥ်းထဲ နေထိုင်ရပြီး ထောင်ဝန်ထမ်းတွေက အကျဥ်းသားအများအပြားကို အနိုင်ကျင့်နှိပ်စက်တာတွေလည်း ရှိပါတယ်။ ထုံးကျောက် ထုတ်ယူတဲ့ စခန်းတွေမှာလည်း အလုပ်ကြမ်း လုပ်ကိုင်ကြရပါတယ်။ 

ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထားတဲ့ အဲဒီအကျဥ်းထောင်ထဲမှာ အကျဥ်းသားအချင်းချင်းတောင် ဆက်သွယ်ခွင့်မရပါဘူး။ မန်ဒဲလား အကျဥ်းကျနေစဥ်အတွင်း မိခင်နဲ့ သူ့ရဲ့ သားတစ်ဦး ကွယ်လွန်ခဲ့ပါတယ်။ အဲဒီလို အချိန်တွေမှာလည်း စျာပနသွားရောက်ခွင့် မရခဲ့ပါဘူး။ 

တော်လှန်ရေးဆိုတာ အလှည့်အပြောင်းမျိုးစုံကို ကျော်ဖြတ်ရတာမို့ စိတ်ပျက်အားငယ်နေလို့ မပြီးပါဘူး။ တွေဝေမှု အားလျှော့မှုတွေကို ရှေ့တန်းတင်မယ်ဆိုရင် နယ်လ်ဆင် မန်ဒဲလားဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာမှာ မဟုတ်ပါဘူး။ အကောင်းတွေကို လိုချင်ရင် အဆိုးတွေကိုလည်း ရင်ဆိုင်ဖို့ အားမွေးရပါမယ်။ အားငယ်စိတ် ဝင်လာရင်လည်း ကိုယ့်ပတ်ဝန်းကျင်က၊ ဒါမှမဟုတ် ကမ္ဘာပေါ်က အဆိုးဆုံးအခြေအနေတွေ၊ အဆိုးဆုံးဘဝတွေအကြောင်း လေ့လာရင်း အားမွေးရပါမယ်။ ဒီတော်လှန်ရေးမှာ ကိုယ်တစ်ယောက်တည်း ရင်ဆိုင် အံတုနေရတာ မဟုတ်ဘူးဆိုတဲ့အချက်ကို မမေ့ပါနဲ့။ 

ငါတို့မှာ ငါတို့ရှိပါတယ်။ 

ထိန်လင်း
၂၀၊ ၅၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar