Breaking News

မြန်မာနွေဦး ခရိုနီကယ် မေ ၁၆ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် မေ ၁၆ မြင်ကွင်း

(မိုးမခ) မေ ၁၇ ၂၀၂၂


ရခိုင့်တပ်တော် AA အဖွဲ့နဲ့ NUG ရဲ့ ဆွေးနွေးမှု၊ စစ်ကိုင်း နဲ့ မကွေးတိုင်းက သေဆုံးမှုတွေ မီးရှို့ခံရမှုတွေ၊  

ရခိုင့်တပ်တော် AA/ULA အဖွဲ့နဲ့ NUG တို့ အွန်လိုင်းကနေ ဒီနေ့ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ AA ဘက်က အမြင့်ဆုံးတာဝန်ရှိသူတွေပါဝင်ပြီး NUG ဘက်ကတော့ မဟာမိတ်ဆက်ဆံရေးကော်မတီက တာဝန်ယူထားသူတွေ ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့အပြင် ပညာရေး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး စသူတို့ တက်ရောက်ကြတယ်လို့ သတင်းထဲ ဖော်ပြထားပါတယ်။ 

AA  နဲ့ NUG ဆက်ဆံရေးက ဘာကြောင့် အာရုံစိုက် စိတ်ဝင်စားကြသလဲဆိုရင် NLD အာဏာရ အစိုးရကာလမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်း အန်အယ်လ်ဒီက စစ်တပ်နဲ့ တသားထည်း ရပ်တည်ခဲ့တဲ့ အဖြစ်က မဝေးသေးတဲ့ အတိတ်နောက်ခံ အခြေအနေဖြစ်လို့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကာလမှာ တိုက်ခိုက်မှုတွေ လျော့ကျလာပြီး ရွေးကောက်ပွဲနောက်ပိုင်း စစ်ပွဲအသွင်မျိုး ဖြစ်ပွားတာ မရှိတော့တာပါ။ 

စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ စစ်ကောင်စီအကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်လာပေမယ့်  AA အဖွဲ့ကတော့ ရခိုင်ပြည်နယ်ရဲ့ ဒေသအတော်များများမှာ အုပ်ချုပ်ရေး တရားစီရင်ရေးလိုမျိုး လူထုကြားမှာ shadow government သဖွယ် တည်ဆောက်မှုကို အားစိုက်လုပ်ဆောင်နေပြီး စစ်ကောင်စီနဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ကြီးကြီးမားမား မရှိခဲ့တာလည်း တွေ့ရပါတယ်။  

NLD အာဏာရှိစဥ်ကာလ ၂၀၁၇ -၂၀၁၉ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ တပ်နဲ့ ထွေအုပ်ရဲ့ အရေးယူဖမ်းဆီးမှုတွေ နဲ့ပတ်သက်ပြီး NLD   အပေါ် အကြိတ်အခဲ မကြေလည်မှုရှိလိမ့်မယ်လို့ နိုင်ငံရေးနယ်ပယ်ကသူတွေက ကောက်ချက်ချကြပြီး စစ်ကောင်စီနဲ့ NUG တို့ရဲ့ တိုက်ပွဲမှာ ထဲထဲဝင်ဝင် ဝင်မပါသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။  


AA  အနေနဲ့ တိုင်းရင်းသားနယ်မြေက PDF တချို့ကိုတော့ အကူအညီပေးတာတွေ ရှိကောင်းရှိနိုင်ပေမယ့် NLD, NUG နဲ့တော့ တိုက်ရိုက်ဆက်ဆံ စကားပြောတာ မရှိခဲ့ပဲ ယခုတွေ့ဆုံမှုက ပထမဆုံးလို့ပြောနိုင်ပါတယ်။  


 


AA အနေနဲ့ လာမယ့် အနာဂတ်မှာ ကွန်ဖက်ဒရေးရှင်းအဆင့်အနိမ့်ဆုံးရမှ စိတ်ဝင်စားမယ် ဆိုတဲ့ပြောဆိုမှုလည်း ရှိနေပြီး ၄င်းတို့နယ်မြေကို ၄င်းတို့ဘာသာ ကာကွယ် တည်ဆောက်မယ့် သဘောမျိုး ရည်မှန်းထားပုံလည်းရပါတယ်။ ရခိုင်ပြည်နယ်မှာ စတည်ထောင်စဥ်ကစလို့ ဆယ်စုနှစ်တခုမျှ အချိန်တိုတိုအတွင်း အခုအနေအထားရောက်အောင် တက်လှမ်းနိုင်ခဲ့တာ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်သလို ၊ တဖက်မှာလည်း ၄င်းတို့ကိုယ်တိုင် တိုက်ပွဲဝင် ရယူထားတဲ့ အောင်မြင်မှုကို ဘယ်ပါတီ အဖွဲ့အစည်းနဲ့မှ စပ်တူ အကျိုးခံစားဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့လည်း ယူဆနိုင်ပါတယ်။ ရခိုင်ပြည်နယ် ရခိုင်အမျိုးသား လွတ်မြောက်ရေး နဲ့ပတ်သက်လို့ ခေတ်အဆက်ဆက် အသုံးချခံဖြစ်ခဲ့ရတယ်ဆိုတဲ့ အတိတ်ရဲ့ သင်ခန်းစာကြောင့်လည်း ဖြစ်နိုင်ပါတယ်။  


 


NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ပတ်သက်လို့ ဖြစ်ဖြစ် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ဖြစ်ဖြစ်သတိပြုစရာ အတိတ်က အားနည်းချက် ချို့ယွင်းချက် လိုအပ်ချက်တွေကို သုံးသပ်ပြုပြင်စရာ အမှားတွေရှိခဲ့ရင် ပြင်ဆင်စရာလိုအပ်မယ် ဖြစ်ပါတယ်။  


 


ဒီနေ့အတွက် အခြားသတင်းတွေထဲမှာတော့ ရေဦးမြို့နယ်က ကျေးရွာတွေ စစ်ကောင်စီ တပ်ရဲ့ မီးရှို့ခံရတာတွေ၊ ကျေးရွာက အရပ်သားတွေ သတ်ဖြတ်ခံခဲ့ရပြီး မီးလောင်ပြင်ကို ရှင်းလင်းတဲ့အခါတွေ့ရတဲ့ ရုပ်အလောင်းတွေ ၊ ပခုက္ကူ မြို့နယ်ထဲက ကျေးရွာကြီးတရွာ မီးလောင်ခဲ့ရာမှာ အိမ်ခြေ ၁ ထောင်လောက် မီးလောင်ကျွမ်းသွားခဲ့တဲ့သတင်း၊ မြိုင်မြို့နယ်ထဲက ရေလယ်ကျွန်းထဲက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ်တွေကို စစ်ကောင်စီဘက်က မီးရှို့ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။  


စစ်ကောင်စီတပ်တွေကို မိုင်းခွဲတာ ကြားဖြတ်တိုက်ခိုက်တာ အလစ်အငိုက် ဝင်စီးတာ ယာဥ်တန်းတွေကို မိုင်းခွဲတာတွေအတွက် စစ်ကောင်စီက တုံ့ပြန်ရာမှာ ဖြစ်ပွားတဲ့အနီးအနား ကျေးရွာတွေကို မီးတင်ရှို့တာ မသင်ကာသူတွေကို သတ်ဖြတ်တာမျိုးနဲ့ မြေလှန်တဲ့ နည်းစနစ်ကို လက်နက်ကိုင် တိုက်ပွဲတွေစတင်ကတည်းက အခုချိန်ထိ ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို တားဆီးဖို့ရာ ကာကွယ်ဖို့ရာ PDF တွေအနေနဲ့ မလုပ်ဆောင်နိုင်သေးတာလည်း ဖြစ်ပါတယ်။ အချို့နယ်တွေမှာ အုပ်ချုပ်ရေး ဖွဲ့နိုင်သော်လည်း ကျေးရွာတွေကို အထိမခံရအောင် ကာကွယ်ပေးနိုင်တဲ့အထိ လက်နက်အင်အားနဲ့ လူအင်အား မပြည့်စုံသေးတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။  


ဒီလိုအခြေအနေရှည်ကြာလာရင် PDF တွေ အခြေခံရပ်တည်တဲ့ ကျေးရွာတွေ ပျက်စီးပြီး လက်နက်ကိုင် ခုခံမှုအရှိန်လျော့သွားလိမ့်မယ်လို့ စစ်ကောင်စီဘက်က မျှော်လင့်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  


တိုက်ပွဲက ဘယ်လောက်ရှည်ကြာမလဲ၊ လူထုအနေနဲ့ ဆက်လက်တောင့်ခံနိုင်အောင် ရပ်တည်နိုင်အောင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ PDF တွေအနေနဲ့ ကျေးရွာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာကိုလည်း နည်းလမ်းရှာဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar