Breaking News

နေသွင်နိုင်း - လင်ပြန်ပေး


နေသွင်နိုင်း - လင်ပြန်ပေး
(မိုးမခ) ဇွန် ၁၁၊ ၂၀၂၂

ကျွန်မလင် ဂန့်ဂေါဘက် အထမ်းတက်သွားလို့
ဆန်တစ်ပြည် ဆီနဲ့ဆား စာရင်းတို့ကာ ထားပါဦး
အရင်အကြွေးဟောင်း ထပ်ပေါင်းပြီး တို့ကာမှတ်
ဝက်သားတစ်တွဲ သမီးကြီးဆွဲလာသေးသတဲ့
ဆန်မရှိအစားကြီး မွေးလာမှတော့ကျွေးရမှာပ
ကြွေးထူမပူ သန်းထူမယား 
ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ရေလက်​ကြားက
အသိပါတော်
အရပ်သက်သေထူပါရဲ့
လင်လာမှ ပေးမှာမို့
ကျွန်မ မယုံ ကျွန်မလင်ကို ယုံပါတော်။

ကျွန်မလင် မင်းတပ်ဘက် ခရီးထွက်လို့
ဆံပင်ကျွတ်ဝယ် သံတိုသံစတွေ သယ်ပါရဲ့
ဒန်ဝယ်တယ် ကြေးဝယ်တယ်
အိမ်အပြန်မျက်နှာပန်းလှ မီးဖိုချောင် ရနံ့မွှေး
လက်ဖက်စိုခြောက် မျှစ်စို့ပေါက်လေးနဲ့
နွားနောက်သား​ခြောက်တွေပါ ရောင်းဝယ်ကုန်ကူး
ခွာဒိုသဘင် ကြုံဖူးပါ့ဆိုလား
ခေတ်ဆွေး ပရိစ္ဆေဒ
ကားလမ်းတွေခရီးမပေါက်ခင်ကတည်းက
ကျွဲပခုံးထ ရုန်းရတဲ့ ကျွန်မလင်ပါ။

ဒီတစ်ခေါက် အကောင်းကံထောက်လို့ကတော့
ဆောင်းဘောက်တစ်လုံးနဲ့ ကြာနီကန် 
ကျောက်ခဲလေးဘဝ ဆုံးရှာပြလိုက်မဟဲ့
မနက်လင်းတိုင်း နိဗ္ဗာန်ရောက်ကြောင်းတရားသံမှတ်ပေတော့
ရေသန့်ဘူးခွံ၊ သံဘူးခွံ၊ဘဝအခွံတွေပေါတဲ့ခေတ်မှာ
ကျွန်မချစ်လင် ဒူပေဒဏ်ပေခံပြီး ရပ်တကာနယ်လှည့်
ဆေးလည်းပေးပါရဲ့ မီးလည်းယူပါရဲ့
အေးအတူပူအမျှ မိသားစုခြင်ထောင်ကြီးအပေါ်
​ရှေးအတီကတည်းက ကောင်းခဲ့သူပါရှင်၊
ဖွဟဲ့ ၊နွားလားဥသဘကြီးမှတ်တာပဲ
မယုံချင်ယုံ ယုံချင်ယုံ
ပြောမယုံ ကြုံဖူးရင် သိမှာပဲ
ကန်တော့ပါရဲ့၊ရှိကြီး ခိုးပါရဲ့
တောစောင့်တောင်စောင့်နတ် 
ရှင်ကြီးရှင်ကောင်းများနဲ့ 
အပြင် (၃၇) မင်း၊ အတွင်း (၃၇) မင်း
မြစ်ကြီးခြားတော်မူပါ၊ ချောင်းကြီးခြားတော်မူပါ
ချစ်တင်းပြောတာပါ၊ မုန်းတင်းမပြောရပါဘု
ကျွန်မချစ်လင် မယ့်သည်ပင်ဆိုတာ
ကျွန်မအတွက်တော့ မရှိခဏဘုရားပါပဲ
တခါတရံ အမှန်အကန်ဆိုင်ကယ်ပျက်တွေပါ 
ဝယ်လာတတ်သေးတာမို့
ဒီတစ်ခါ အင်ဂျင်ကောင်းလို့ကတော့
ကျွန်မလင် ငွေရွှင်​ကြောင်းပါပဲ။

ကျွန်မလင် စီးတဲ့ ဖွတ်ချက်
မီးခိုးတွေတလူလူထွက်ပေမယ့်
ယင်းမာပင်၊ ပုလဲ၊ မုံရွာ၊ ချောင်းဦး၊ အရာတော်ပါ 
ကူးနိုင်ပါသတဲ့နော်၊
မြိုင်တစ်ကြော ပခုက္ကူ၊ ရေစကြို၊ ကန်နက်၊ ကျောက်ကန်၊ ကျောင်းရပ် မကျန်
အသစ်ရောင်း အဟောင်းဝယ်
ဓာတ်ဘူးနဲ့ကြွေပန်းကန်
ဖုန်းစုတ်နဲ့မော်တာအဟောင်းတွေပါ 
ကျွန်မလင် ဖန်တတ်သေးပါရဲ့။

ပြောမပြောချင်ပါဘူး
တစ်ရွာသူ ခင်ပျိုပါး သူ့မယားလုပ်မှာ စိုးပေမယ့်
မပဋာပြာလူးခဲ့တာပ
အရင်တစ်ခါ ခရီးထွက်တုန်းက
အင်ဂျင်းကောင်းကောင်း
မယားအသစ်စက်စက်တစ်​ယောက်
ဗွေဖောက်ပြီး ကျွန်မလင် တော်ကောက်ယူခဲ့သေးတာမို့
ငါ့လင်ပြန်ပေး ကြွေးကြော်အော်ဟစ်
မိန်းမကြမ်းကြီးဖြစ်တဲ့အထိ
ရွာကျော် ခဲပစ် ထန်းလှီးဓားဆွဲ
ကျွန်မ မယားကြီး ဓားကြိမ်းကြိမ်းပြီး
အပူမီးကျစ် ကရိုဏ်း ဌာန်ကုန် ချစ်ခဲ့ရတာပဲ
မယားကြီးဘဝ စလယ်ဝင်ဖင်မည်းတော့မှ
ကျွန်မလင် သူ့မယား အပူတော့ အများသားကလား။

ကျွန်မ မိန်းမသား တုတ်ဓားနဲ့ရှင်းမရတော့
အခက်ကြုံဗွေမင်း မာန်တစ်ဝက် ဆင်းလို့
မယားပြိုင်လမ်း တင်းပြီးလှမ်းရသပေါ့
ကျွန်မလင် အသစ်မက်ပုံများ ဘီလူးမ ပန်းပန်
တစ်လောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့
အပုပ်မ ဟန်ပါတော်၊
ငယ်ချစ်ငယ်ဖြူ ကြင်သည်းအူ
မယားသူ ကျွန်မလောက်မှ မတင်းမစို
သင်းမို့သာ ဘယ်သင်းကြိုက် ချိုပါလိမ့်
ရှမ်းကြိုက်တော့ နွားကြိုက်ပုံထင်ပ
ဇရပ်အိုစာခြောက်ရုပ် 
သိဒ္ဒတ္ထတောထွက်ကိန်းနဲ့
ရုပ်နာမ်ဓာတ်ခန်း ရိုးတံကမ္မဋ္ဌာန်းမကြီးပါတော်။

စိုတဲ့လက် မခြောက်စေချင်လို့
မေတ္တာတစ်ရွေး မြူတစ်မြှေးလောက်မှ
မျောက်မ ခင်ထားအပေါ် မကျရောက်ရပါဘု
သို့ဒါပေဒိ မယားငယ် မိခင်ထားကို
ညီမလိုသဘောထားလို့
ကွာပါဆိုတော့ သူများ 
လွမ်းရတော့ ကျွန်မ မဖြစ်ချင်ပါ ကွယ်ရို့
မိန်းမကောင်းမိန်းမမြတ်ကြီးမို့ စံတင်
မခံချင်သော်လည်း အောင့်ကာနမ်း
ကျွန်မအနား လိုက်ကာတဖက်​​ခြား
မိထားကို ခေါ်ထားလို့
ယူကျုံးမရတဲ့ အပူလုံးကို မြိုချ
စိတ်ထဲမှာတော့ ပါးရှစ်စိတ်ကွဲ
သင်းဟာမကို ဆွဲဖြဲပစ်ခဲ့တယ်ပေါ့လေ၊
ထန်းတဲကာ တစ်ခန်းခွဲ 
ယောကျ်ားရဲ့ပုဆိုးစုတ် ဆွဲဆုတ်ကာ လိုက်ကာဆွဲရပေါ့
"ရွှေလဝန်း စန္ဒော်ငယ်၊ ထွက်ပေါ်လာမူနိုး၊ စောင့်စားလို့ တာရှည်သည်၊ နေခြည်မှာ ပန်းကဲ့သို့ညှိုး"**ဆိုသလို
ဟိုကဝေ ရွာသူမက ကျွန်မလင် ကိုချစ်တတ်ကို
မာယာတစ်သိန်း အပလိန်းအနန္တ တီတာတေးခ
ပီလောပင် ပက်ကျိတက်သလို
ကြွေပေါ် တရော်ဖိတ်ပါပေါ့
လိုက်ကာတဖက်ခြား ဆယ်နှစ်ကြိုးတပ်ပြုစားလို့
ဒီမိန်းမအသည်းနာ စိတ်ဒဏ်ရာ ဆပ်ပြာကြမ်း
စိမ်စပ်သည့်ပမာ သည်းခြေကျွမ်းကာ ရမ်းခါရပါပေါ့ရှင့်
ပုဆိုးတန်းတင် မကြင်ချင်ကြင်ချင် ကြင်ပေးလို့
လင်သားစွဲအောင် ချွဲပြခဲ့ရတဲ့ 
ကျင်လည်ရာ ချွဲမ မယားကြင်ရာကြီးပါတော်။

အလိုလေးတဲ့မှတော်
ကျွန်မလင် သူတော်ကောင်းကြီး
ငရုတ်သီးခူးရင်း
အဖော်ကောင်းတော့ ကျောက်မြောင်းရောက်ဆိုသလို
ရော့........မယားညီအစ်မရယ်တို့
နင်တို့မျှတအောင်သုံးစွဲပေတော့ လိမ္မာရစ်ကြပါတဲ့တော်
မဦးမချွတ် သင်းရွတ်သွားပုံက
လင်ပြန်ပေးအကုန်ဆပ်
ငါတော့ ခရီး​ပြန်ထွက်စရာရှိလို့သူဆိုရှာ
ထင်းငုတ်တိုခုတ် ဓားမစုတ်ကို ခါးထိုးလို့
တောင်ရိုးကို သွားမဟဲ့တဲ့
လင်ပြန်ပေးစာရင်း ကြွေးအေးလို့ 
အလုံးကြီးကျလှပြီဆိုတော့ကာဖြင့်
ရွှေသဘောတော်ကျ ကြည်အသာ မျက်နှာလွှဲ
သေလမ်းမဟုတ်ပြီးရောပ ကြွချင်ရာ ကြွ 
တစ်သက်လုံးမလာလည်း ပြီးတာပဲရယ်လို့
ဟော့ဒီက မေတ္တာတုံးမကြီးက
ဘယ်စခန်း ဘယ်ဆီ
သင်းသွားရာ ခရီးလမ်း ဒီမိန်းမကြမ်းကြီး
မမေးမိခဲ့ပေါင်တော်....။

အမယ်မင်း အခုတော့
စစ်ထွက်မောင် ကျွန်မယောကျ်ား
သူ့အသွေးသူ့အသားနဲ့လိပ်ပြာလှ
အညတရ သမိုင်းမဝင် 
ကျွန်မလင်ဂုဏ်တင်ခဲ့သူကြီးပါတော်
အလိမ္မာ အိမ်ပါ မယားအလိမ္မာကြီးပေမို့
လက်သည်းဆိတ်လို့ လက်ထိပ်နာရပါသရှင်
အိမ်ရှေ့ပူတော့ အိမ့်နောက် မချမ်းသာရပါသရှင်
မင်းမကောင်းတော့ ပြည်ပျက်ပါသပေါ့
ဒေဝဒတ်ဆွမ်းတော်ကပ်ကြသူတွေနဲ့
ဘုရား​လောင်း ဘဝရှင်သာသနာပြုမင်းတြရားကြီးလက်ထက်မှာပါရှင်
ကျွန်မလင် သူတော်ကောင်းကြီး
တောင်ယမား မြောက်ယမား ဆည်ကြီးဘွားခနဲပေါ်လာတုန်းက
အမေရေယာဥ်နန်းအထွက်မှာပါပ
ချောင်းရေအက်ခန်း ပဲဂျုံနှမ်းလည်း နွမ်းပါလို့
ငရုတ်ကြက်သွန် ချောင်းရေမခင်
​မြောင်းရေမ​ဝင်တော့
ဘုရားစူးရပါစေရဲ့ သေခြင်းကြီးဆိုးရပါစေရဲ့
ကျွန်မလင်ကျေးဇူးရှင်တောင်သူဦးကြီးစစ်စစ်ပါဖျာ့း
ခရောင်းမြေအက် ပက်ကြားထပ် 
ချောင်းရေပါငတ်ပြန်လို့
ချိုလိမ်တစ်ရှဥ်း ရဈေးနင်းပြီး
အရင်းမပြုတ် ပါးစပ်လှုပ်ဖို့
ဒန်အိုး ဒန်ခွက် အထမ်းထွက်
တောင်ပေါ်တခွင် ပြဲပြဲစင်ပါပေါ့
ကြေးရောင်ကျောမွဲ ခွက်မဆွဲချင်လို့ပါရှင့်
ကျွန်မလင် တောင်ပိုင်တက်
နှစ်တိုင်းနန်းဆက်သူပါရှင်။

ဒေါင်းမှာအက စောင်းမှာည
စိန်အမှောင် ကြောင်အလင်းပါတဲ့
ပြည်တော်ဝင်အောင် မောင်းတင်
ခတ်ကွင်းပြင် ထ ကြပါစို့ကွယ်
ငရုတ်သီးမှန် ခုနစ်လံရေငုပ်စားလည်း စပ်မှာမို့
နွေပွဲသဘင် ကပွဲဝင်ကြပါစို့ရဲ့ ညီမငယ်
နေစရာမရှိတဲ့အခါ တိုက်ပွဲဟာ ငါတို့အိပ်ရာပ
စားစရာမရှိတဲ့အခါ တိုက်ပွဲသာ ငါတို့အာဟာရပေပ
လွမ်းစရာအဖြစ် နွေတေးမှာသမိုင်းရေး​ခြစ်ရမှာပဲ
သံယောဇဥ်နွယ်ရစ် ကျန်ရစ်တဲ့ငါ့လင်သွေးကို
သတ္တိမောင်နဲ့ မယ်ခွန်အား နာမသာ ပေးပါတော့ဟဲ့
ရဲရင့်တဲ့ ဝီရ အဖေတူ ညည်းစံရမှာမို့
အချိုခါး အစပ်ရှောင်
ညည်းယောကျ်ား ငါ့လင်သားဟဲ့ သွေးစပ်ပါ့မောင်၊
ငါ့လင်ငါ့သွေး သားတော်မောင်အရေး
ညည်းလည်းသိတာပဲ
မြက်မြက်စားရအောင် ဆိုင်းထဲလိုက်မှ
နှဲခွက်တက်နင်းမိလို့ လျော်ရတာထက် ဆိုးချက်ပါတော်
ကျွန်မသားအလိမ္မာ​ကြီးပါတော့
တမာတောအထက် ထယ်ရေးစပ် အငှားထွန် 
စစ်ကြောင်းက မြင်တော့ ကန်ကျောက်တုပ်နှောင် 
မုဆိုးမဘဝ မိုးအမှောင်ကြီးကျပါ​လို့
စစ်သားကြောင် မိစ္ဆာကောင်ခွေးတို့က
လူသားဒိုင်ကာ လမ်းပြအောင် ခေါ်ဆောင်သွားပါသတဲ့
အမယ်မင်း ၊
သွေးပွက်အူပွင့်ရပါပေါ့ ဆိုးချက်က နာ။

ဟဲ့မိခင်ထား......
မယားကြီး အစ်မရာ စိတ်​ကြည်သာမှတ်ပါရော့
သျှောင်ထုံးပြီးက မြင်းစီးဖို့ပြင်ပေတော့
ပိုးပေါက်ရှိက ကျစ်စုံကိုကြံဆိုသမို့
ပူပင်လယ်အေး မျက်ရည်​သွေး ကြွေးတောင်းရအောင်
ပန်းညိုမျိုး ချိုးလေစည်လေ ပြမဟဲ့
အသည်းနာကမ္ဘာ ချေသော် မကြေမှတ်ပါလို့
ကြက်လည်းကြက်မောက်
ဒေါင်းလည်းဒေါင်းမောက်
တောင်တိပ်ကြာပေါက် အနောက်နေထွက်မှ 
အရှုံးပေးကြမကွဲ့
တစ်သက်နှစ်ခါ မသေရပါဘု
သေမြေကြီးရှင်ရွှေထီး မဟုတ်ပေလား
သောင်ဆုံးရင် ရေသာတွေ့မှာမို့
နီးရာဓားဆွဲ ငါ့လက်ကို တွဲစမ်းပါ့
အကြောင်းသင့်ရင် ထနောင်းပွင့်လို့
အကြောင်းတော်ရင် တောင်ပေါ်ရေစီးရမှာပ
အရေးကြီး သွေးနီးကြပါစို့ငဲ့
အနီးမွှေး အဝေးကြိုင်စေဖို့
ရော့.... အငယ်မ...နွေဦးတက်ကို ကိုင်စမ်းပါအေ။

အို... ဘုရားသခင်တို့ အသင်တို့ရှိပါသလား
အို... ဖန်ဆင်းရှင်အပေါင်းတို့ အသင်တို့ ရှိပါသလား
မြေကြီးရယ်မည့်နေ့ကို စောင့်တော်မမူတော့ပါဘု
ဖီးနစ်ငှက်၊ ဘီလူး၊ ကျား၊ ကျားသစ်၊ ခြင်္သေ့၊
အမဲလိုက်ခွေး၊ ကင်းကောင်၊ မီးမှုတ်ထုတ်တတ်သော နဂါး၊ သားရဲတခုခု၊ 
ကဝေနတ်စုန်း၊ ဖုတ်သဘက်၊ ဂဠုန်၊ စွန်ရဲ၊ သိမ်းငှက်တောင်ဆိတ်၊ ဆင်ရိုင်း၊ မြွေဆိုး၊
အဆိပ်ရှိသောသတ္တဝါ တခုခု 
ရန်သူကို သေနိုင်စွမ်းသောအရာ ဖြစ်ရပါလို၏ဘုရား။

သေနတ်၊ လေး၊ လှံ၊ မိုးကြိုး၊
လျှပ်စီးနေသော ဝါယာကြိုး၊ ငလျင်တော်လဲ၊ မီးတောင်၊ ဘွဲ့ဖြူပုဆိုး၊ စပိုက်ဒါမင်း၊ စူပါမင်းနဲ့
ဖောက်ပြန်တတ်သော ဓာတ်ကြီးလေးပါး၊
ရန်သူကို အမြစ်ဖြုတ်နိုင်စွမ်းသော အရာ
ရန်သူ့ဦးခေါင်းကို ရေလို ​လေလို 
ငတ်မွတ်လာသောအခါ
အဘယ်တစ်ခုမျှ ဆုတောင်းမပြည့်ဝစေကာမူ
ဤမြေ၌ တိုက်၍ သေသောသူသည် မြင့်မြတ်ပါလေပြီ အရှင်ဘုရား။

ကောင်းကင်၌တည်သော 
ကျဆုံးရဲဘော်အပေါင်းတို့အား တိုင်တည်တော်မူပါ၏
ရန်သူ့ အသားကို လှီးအံ့
ရန်သူ့အသည်းကို ထုတ်အံ့
ရန်သူ့သွေးကို သောက်အံ့
ရန်သူ့အူဖြင့် သီကုံးသောပန်းတို့ဖြင့်
နိုင်ငံ့တံတိုင်း ခတ်ပါ့အံ့
ရန်သူ့အရိုးအလက်တို့ဖြင့် မီးပုံပွဲကျင်းပရပါအံ့။

မိစ္ဆာတို့မျိုးသုဉ်းသွားသည့်အခါ
စမ်းရေသည် ချိုအံ့
ကလေးတို့သည် ပန်းပေါင်းခသော ဥယျာဉ်ပွဲတော်၌
လူးလားခေါက်ပျံ တေးသီဆိုအံ့
ကွေကွင်းရသော ချစ်သူအပေါင်းတို့သည်
ပျော်စရာအဖြစ် မျက်ရည်မြစ်၌ စီးလတ္တံ။

ရေတွက်၍ မရသော ဤနာကျည်းမှုတို့ဖြင့် ငရဲ၌လည်း ဖြစ်စေသတည်း
ဝဋ်ကြွေး၌လည်း တည်စေသတည်း 
ထိုအရပ်၌ နေပျော်အံ့
ထိုအရပ်၌ သေပျော်အံ့။

မီးတောင်ကြား၌ဖြစ်ထွန်းသော 
ဤ​အသွေးဤအသားဤကျောက်သားတို့သည် မုန်တိုင်းကိုလည်း မမှုတော့ပါပြီ အရှင်ဘုရား။ 

ဖင်အောက်မှာကျား၊ လက်မှာဓားနှင့်၊ မြွေပွေးမြွေဟောက်၊ ငန်းခြောက်တသွယ်၊ 
လူကိုပင်လည်း လူသည်းစားသတဲ့
ကျားကိုပင်လည်း ကျားသည်းစားသတဲ့
မြွေရဲ့အရိုး ဆံထိုးထိုးပြီး
စပါးကြီး စပါးအုံး ခေါင်းအုံးလုပ်သတဲ့
အိုဘယ့် အမေရေယာဉ်နဲ့ မယ်တော်အပေါင်း
သမီးတော်အကြောင်း
ချစ်မေတ္တာလောင်းပါရဲ့
ပတ္ထနာဆုတောင်း ကြွပါစေကြောင်းနှင့်
မကောင်းမှုစိုး သူခိုးထိပ်ခေါင်၊ လူလိမ်ဗြောင်စား၊ မိစ္ဆာနွားနဲ့ သိက္ခာရှားလှပါတဲ့
ငမိုက်သားတသိုက်ကို အပြောက်ကျားတိုက်ဖို့
မယားပြိုင်မိထားနဲ့ ကျွန်မ 
တောဝင်ခန်း က တော့မှာမို့
ကူမ ကယ်မ ဓားတော်ထမ်းလို့
အမေ့နတ်နန်း ဘေးသီမကျွမ်းရအောင်
စစ်လက်ဆောင် ပါးလိုက်ပါရဲ့တော်
ပေါင်းကယ်တော်မူပါ့ဖျာ့း။

ထို့ပြင်တဝ နံကရိုင်းမယ်ကြွတော်မူပလား 
ငါးရံ့ငါးကို အဝေးကမှန်းဆ ဆက်သပါရဲ့
ယမ်းရှေ့က ခတ်တော်မူပါဦးရှင်၊
မြင်းဖြူရှင်လေးပါး အားတော်ထား၍
ကျွန်တော်မျိုးမ အသနားတော်ခပါရဲ့
တိုင်းကားမြို့ရွာ လောင်မီးပင် ကျပါရော့
ဘယ်သင်းဘယ်တောင်ခြေတော်
စိတ်ကစားအိပ်ပျော်တော်မူသလဲလို့ 
မရဲတရဲ မေးရပါပြီရှင်ဖျာ့း။

ရှင်မအောင်ဖြူ ဖျာလိပ်မှာ တူတူပုန်းလို့
ခြေရာတစ်ထောင် မောင်မဲခေါင်လည်း တန်ခိုးပြ၍
ပဲခူးရိုးမတစ်လျှောက် စက်တန်ခိုးထောက်
ခွေးမောင်းခြောက်တော်မူပ
တောင်ပြုန်းမင်းနှစ်ပါး ကယ်တော်မူပါ့
တောင်တော်စံကျား လွှားတော်မူပါ
ရွှေခန်းသား ပခန်းကျော်လည်း ကြက်လောင်းတော်ပျော်တာရပ် တိုက်ပွဲရှေ့က တက်ပါတော်၊

မီးကျည်ဆန် ယမ်းဖောက်လို့ ယမ်းခိုးငွေ့လျှံပါပြီတော်၊ ရွှေပန်းမပါ၊ ငှက်ပျောအုန်းသီး ဗလာထီးပါပဲ
ဒံပေါက်၊ ယုန်ကင်၊ ကြက်ကင်၊​ ဆေးလိပ်၊
ကွမ်းတော်ကို ဘေးချိတ်
အရက်မှန်ဆက်ရန် မတတ်စွမ်းသာမို့
ကျွန်မချစ်လင် အရိုးပြာ
 သားတော်မောင် လိပ်ပြာသွေးနဲ့ ခြေဆေးပါ့တော်

ရွာလုံးကျွတ်မီးကင်​မြှိုက်ထားတာမို့
နတ်နေကိုင်းသာ မကျွမ်းအောင်စောင့်​ရှောက်တော်မူပါ့
နတ်ဒိုးသံအစား ဗုံးသံသာ ဟည်းချလိုက်ရပါရဲ့
နတ်ခွင်နတ်ခမ်း နတ်လမ်းလည်း မရှိတော့ပါပြီ။

အိုဘယ့်... နတ်မင်းသခင် နတ်အရှင်တို့
ပွဲဦး၊ ပွဲလယ်၊ ပွဲသိမ်း စားတော်လည်း မတိုက်
ယပ်တော်လည်း မကပ်နိုင်ပါပြီ
မျက်မာန်တော်ပွား မုန်းကြံထွားပါက
သားရေကြိုးကို တင်းအောင်ကိုင်ပါဖျာ့း
ငါးမြွေထိုးက မင်းအောင်လှိုင်ပါဖျာ့း။

​မြို့ရွာပြည်ဖျက် ပြည်တိုင်းကားပျက်ပါလို့
 သိကြားသာသနာ သံဃာစင်ပါမှောက်ပါရော့လား
မတရားသဖြင့်မို့ နင့်ဓားသာဝံ့ပါတော့အေ
စစ်ထွက်မောင် တို့မယ်ညီနောင်များနဲ့
 လာစမ်းပါ့ မိခင်ထားရဲ့
မရွံ့မကြောက် အိမ်ဦးနတ် ညည်းလင်အသက်ကို ထောက်ပါဟဲ့
ပြည်တော်ဝင်နွေတရားနဲ့ ကမ်းချောက်မှောင်
ကျော်ကာလွှားစို့ဟယ်
ဘယ်ပုံ ကာဆီးထားကြပေမင့် တွေ့မရှောင် 
အောင်နွေပန်းပေမို့ ကမ်းလင့်ရာ ပြည်သစ်တည်
တို့ပြည်ရောင် ဂုဏ်ရှိန်လန်းဖို့ရယ်
တော်လှန်နွေတောင်ခြေစခန်းဆီသို့ မြန်းကြစို့နော်။

ငါ့လင် ငါ့သား ငါ့ဆွေအားနှင့်
ငါ့မျိုးငါ့လူ ငါ့ပြည်သူကို
သတ်ဖြတ်ဖမ်းဆီး သင်းရက်စက်အားကြီးလှပေါ့
မိစ္ဆာတစ်သင်း တပ်ဖော်ရင်းတို့
မြေ မီး ရေ လေ ခက်ကြီးကြွေ၍
အသေဆိုးနှင့်သေစေသော်
ဓာတ်ကြီးလေးပါး တစ်ပါးမကြွင်း
မကြာချက်ချင်း ခိုက်စေသော်
ပရလောက နာမ်လောကနှင့်
တန်ခိုးတေရှိန် နတ်ကဝိန်တို့
ဘုန်းရှိန်ဖေးကူ ဓမ္မထူလော့
ညစ်လူတနင်း ခွေးတသင်းကို
လည်မျိုလျှာပြုတ် အူကိုထုတ်၍
ခုတ်ထစ်ပယ်ရှား ဆိုးညစ်သားကို
အစာငတ်မွတ် လူပြိတ္တာလည်း ဖြစ်စေသော်

ရှင်သော်ကားနံ သေသော်ကားပုပ်
အဟုတ်ဧကန် ဆိုက် ဆွေစဉ်မျိုးဆက် ခိုက်စေသော်

ငရဲမှကား ပြိတ္တာသို့၊ ပြိတ္တာမှကား ငရဲသို့
လွန်းပြန်လျှပ်စစ် ကျွမ်းပြန်ရစ်သို့
လူ့ရွာမလား ဘယ်ဘုရားမျှ အဖူးရစေ။

လာစမ်းချည်ပါရဲ့ 
အဟုတ်တကယ် စာတစ်ကြောင်း ပေတစ်ရာ
ဖွဲ့ဖို့ရာ မဖြောင့်တန်းပါဘု
ကျွန်မလင်သာ ပြန်ပေးပါတော့ အရပ်ကတို့ရေ.......

ငါတို့အိမ် ငါတို့ပြန်ပေး
ငါတို့ရွာ ငါတို့ပြန်ပေး
ငါတို့လင် ငါတို့ပြန်ပေး
ငါ့လင်ဟာ ငါ့သွေး
ငါ့သွေးဟာ ငါ့နိုင်ငံ
ငါ့နိုင်ငံ ငါ့လင်သားမို့
မဟုတ်မတရားအလကားမခံ
ဟယ်လာရော့...... ငရဲရှစ်ထပ် သင်းရှိရာလိုက်မဟဲ့
ပုဏ္ဏကတိုက်ပြီသာ မှတ်ပေတော့
တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ
 နွေဦးဆုပန် အသက်ကိုပင် နှံခဲ့ပြီ
အရေးတော်ပုံအောင်ပါစေကြောင်းနဲ့
ထမီစွန်တောင်ဆွဲ ဘဝကြမ္မာရဲလိုက်ပါရဲ့
စကြဝဠာသိုက်အပေါင်း 
ရွှေနားတော် မကန်းကြပါစေကြောင်း
နားညောင်းတော်မူပါ
သွေးစက်တန်းလန်း မေတ္တာ​ရေစင်ဖျန်းလိုက်ပါရဲ့
အညာသူကျေးလက်မ ဓမ္မတစ်ဖက် တရားစွက်ပြီး
ခရင်းမှိန်းဆွဲ သေတွင်းထဲ ခုန်ဆင်းလိုက်မဟဲ့
လာရော့လဟယ်.....
တစ္ဆေမကြောက် မြွေမကြောက်
တောကြီးမှောက်ပါစေဦးတော့
ထမီကိုအလံလုပ် စားမြိန်ထုပ်နဲ့ တက်ခဲ့ပြီ
သင်းတို့မိစ္ဆာ အယုတ်တမာပြိတ္တာခွေးကိုလ
ရာသီသွေးနဲ့သာ ဆေးပစ်လိုက်ချင်စမ်းပါရဲ့
မှန်း......မြန်းရွှေနန်းဆီ။ ။

နေသွင်နိုင်း

**ရှင်မင်း၏ "ဆံခွေကို ဖြန့်ကျင်းလို့ ပြတင်းက မယ်မျှော်" အစချီ တေးထပ်။

၁၃၈၄ ခု၊ နယုန်လဆန်း ၁၂ ရက်
သောကြာနေ့။
၂၀၂၂ ၊ ဇွန်လ ၁၀။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar