Breaking News

ကိုအောင်မှိုင်း - နွေဦးတော်လှန်ရေးနဲ့ ပြဒါးရှင်လုံး (၃) လုံး

ကိုအောင်မှိုင်း - နွေဦးတော်လှန်ရေးနဲ့ ပြဒါးရှင်လုံး (၃) လုံး
(မိုးမခ) ဇွန် ၁၁၊ ၂၀၂၂

နွေဦးတော်လှန်ရေးက ပြဒါးရှင်လုံး (၃) လုံးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တယ်လို့ ပြောပါရစေ။ ဒါတွေကတော့

၁။ နွေဦးတော်လှန်ရေးဟာ လူထုတရပ်လုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်တယ်။
၂။ နွေဦးတော်လှန်ရေးမှာ မြန်မာနိုင်ငံအနှံ့ လူထုကပြောက်ကျားစစ်ပွဲတွေ ဆင်နွှဲနိုင်ခဲ့ပြီဖြစ်တယ်။
၃။ နွေဦးတော်လှန်ရေးက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်မယ်ဆိုတဲ့ ခိုင်မာတဲ့ရည်မှန်းချက်ကို မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံပြည်သူတရပ်လုံးက သဘောတူ ဆုံးဖြတ်နိုင်ခဲ့ပြီဖြစ်တယ်။

ဒီပြဒါးရှင်လုံး (၃) လုံးက နွေဦးတော်လှန်ရေးအောင်ပွဲခံဘို့ အရေးအကြီးဆုံးတွန်းအားတွေဖြစ်သလို အာမခံချက်တွေလဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ် (၃) စစ်ကို အကုန်အစင်ဖျက်သိမ်းရမှာဖြစ်သလို အနာဂါတ်မြန်မာနိုင်ငံသစ်ကိုလည်း ပုံလောင်းပေးရမှာဖြစ်ပါတယ်။ အဓိကအချက်ကတော့ နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံသမိုင်းသစ်ကိုရေးဘို့ သမိုင်းကတာဝန်ပေးခဲ့ပြီလို့ ပြောလိုပါတယ်။

ဒီကိစ္စက ကျနော်တို့မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ အတိတ် ပစ္စုပ္ပန်အနာဂါတ်ကာလ (၃) ခုလုံးအတွက် ရည်မှန်းချက်ကြီးကြီးနဲ့ဆောင်ရွက်ကြရမှာဖြစ်လို့   နိုင်ငံသူနိုင်ငံသားတိုင်းဟာ ပိုင်ဆိုင်ပြီးဖြစ်တဲ့ ပြဒါးရှင်လုံး (၃) လုံးကိုကိုင်စွဲပြီး စစ်အနိုင်တိုက်ကြရမှာ ဖြစ်တယ်လို့ပြောပါရစေ။ နွေဦးတော်လှန်ရေးရဲ့ ထူးခြားတဲ့လက္ခဏာက ပြည်တွင်း ပြည်ပမြန်မာနိုင်ငံသားတွေရဲ့ အင်အားနဲ့ စစ်မိစ္ဆာတွေကို ကိုယ်ဒူးကိုယ်ချွန် တော်လှန်နေကြတာဖြစ်ပါတယ်။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ကမှ လက်နက်တလက် ငွေတပြားတချပ်မှ အကူအညီမရဘဲ ကျနော်တို့ ခုခံစစ်ကို (၁) နှစ်ကျော်ကြာ ဆင်နွှဲနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် သူရဲကောင်းတွေနေတဲ့ တိုင်းပြည်လို့ပြောပါစေဗျာ။

ရန်သူမိစ္ဆာစစ်တပ် သောင်းဂဏန်းကျော် သေကြေ ဒဏ်ရာရစေခဲ့သလို လက်နက်ကြီးငယ် ထောင် အချို့သိမ်းဆည်းနိုင်ခဲ့ကြပါတယ်။ ကိုယ့်အားကိုယ်ကိုး လက်နက်တွေ သောင်းဂဏန်းကျော်ထုတ်လုပ် နိုင်ခဲ့သလို အင်အားသိန်းဂဏန်းနီးပါးရှိတဲ့ တော်လှန်ရေးတပ်တွေကို ပြည်သူ လူထုကြီးက မွေးဖွားပေးလိုက်နိုင်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဒေါ်လာသန်းရာဂဏန်းနီးပါးကို နေရာအနှံ့ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်ကျနော်တို့ပြောလေ့ရှိတာကတော့ ဒီတော်လှန်ရေးထက် ကြီးမြတ်တဲ့တော်လှန်ရေး ဘယ်မှာရှိတော့မှာလဲဗျာ။

NUG သမ္မတ ဝန်ကြီးချူပ် ကာကွယ်ရေးဝန်ကြီးတွေ PDF ရဲဘော်တွေနဲ့အတူ ရှိနေကြောင်း ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြလာတာတွေ့ရပါတယ်။ဆိုလိုချင်တာက NUG အစိုးရအနေနဲ့ စစ်အနိုင်တိုက်ရေး လမ်းစဉ်ကို အခိုင်အမာကျင့်သုံးတော့မယ်လို့ ကောက်ချက်ဆွဲနိုင်မှာ ဖြစ်ပါတယ်။ကျနော့်အမြင်ကတော့ နွေဦးတော်လှန်ရေးအတွက် မှန်ကန်တဲ့လမ်းစဉ်ဟာ စစ်အနိုင်တိုက်ရေးဘဲ ဆိုတာသေချာပါ တယ်။

နွေဦးတော်လှန်ရေးအောင်ပွဲခံဘို့ဆိုတာ လက်နက်ကိုင်တော်လှန်ရေးကို အဓိကတိုက်ပွဲသဏ္ဍာန်ထားပြီး အခြားတိုက်ပွဲသဏ္ဍာန်တွေနဲ့ပေါင်းစပ်ဆိုတဲ့ ပေါ်လစီဟာအမှန်ဆုံးလမ်းစဥ်ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်တော်လှန်ရေးမှ လက်နက်ကိုင်တိုက်ပွဲတခုထဲနဲ့ အောင်ပွဲမခံနိုင်ဘူးဆိုတဲ့တရားကိုလဲ ကျနော်တို့ လက်ခံနားလည်ထားဘို့လိုပါတယ်။ ကျနော်တို့ဟာ အစွန်းတရား ၂ ခုလုံးကို ရှောင်ရှားရပါလိမ့်မယ်။

လက်ယာစွန်းကျတဲ့အတွေးအခေါ်တွေကို ရှောင်ကြရမှာဖြစ်သလို တချိန်ထဲမှာလက်ဝဲစွန်းကျတဲ့ အတွေးအခေါ် အယူအဆတွေကိုလဲ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ နွေဦးတော်လှန်ရေးအောင်မြင်ဘို့က အခြားတိုက်ပွဲသဏ္ဍာန်တွေကလည်း အရေးကြီးလှပါတယ်။

လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်က ဘာကြောင့်အဓိကတိုက်ပွဲသဏ္ဍာန်ဖြစ်နေသလဲဆိုတဲ့မေးခွန်းရဲ့အ ဖြေကတော့ ရှင်းပါတယ်။  ရန်သူက လက်နက်နဲ့ဖိနှိပ်သတ်ဖြတ်နေတာကို လက်နက်နဲ့ ပြန်လှန်ခုခံတိုက်ခိုက်ရတဲ့စစ်ပွဲဖြစ်တာကြောင့် လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ဟာ အရေးပါလာသလို အဆုံးအဖြတ်အခန်းမှာ ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ဒါကို လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ဟာ အဓိကကျတဲ့ တိုက်ပွဲသဏ္ဍာန်အဖြစ်မရွေးချယ်ခဲ့ဘူးဆိုရင် ကျနော်တို့ဟာ လက်ယာစွန်းလို့ပြောရပါလိမ့်မယ်။ အဲဒီလိုဘဲ အခြားတိုက်ပွဲသဏ္ဍာန်တွေကို ပစ်ပါယ်လစ်လျူရှုမယ်ဆိုရင်တော့ လက်ဝဲစွန်းလို့ ပြောရမယ်ထင်ပါတယ်။

သေချာတာတခုက လက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်နဲ့  အခြားတိုက်ပွဲသဏ္ဍာန်တွေကို  မှန်မှန်ကန်ကန် ပေါင်းစပ်နိုင်ဘို့ဆိုတာကို ခေါင်း ဆောင်မှုအနုပညာလို့ခေါ်ဆိုလေ့ရှိကြပါတယ်။ တော်လှန်တဲ့ခေါင်းဆောင်မှု တော်လှန်တဲ့အတွေးအခေါ်အပါအဝင် ကျွမ်းကျင်လိမ်မာပြီး တော်လှန်တဲ့သေနင်္ဂဗျူဟာတွေကို မဖြစ်မနေ ပေါင်းစပ်အသုံးပြုမှုကို ဆိုလိုတာပါ။ နွေဦးတော်လှန်ရေးဟာ စစချင်းလက်နက်ကိုင်တိုက်ပွဲသဏ္ဍာန်ကို ပြည်သူလူထုကရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး။ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခြင်းဆိုတဲ့ ဒီမိုကရေစီကျင့်ထုံးတွေပေါ်က စစ်အုပ်စုရဲ့မှားယွင်းတဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။ကမ္ဘာ့ပြည်သူအပေါင်းဟာလည်း ဒီလိုပါဘဲ။ ငြိမ်းချမ်းရေးကိုဘဲ လိုလားကြလေ့ရှိပါတယ်။ လက်နက်နဲ့ ဖိနှိပ် သတ်ဖြတ် နှိပ်စက်ခံရတဲ့အဆုံး မိမိကိုယ်ကို ကာကွယ်ဘို့ မိမိပြည်သူလူထု ကိုကာကွယ်ဘို့ ကျနော်တို့ဟာ လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေရွေးချယ်ကြရတာဖြစ်ပါတယ်။

သမိုင်းတလျှောက် လူထုဟာလက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ ထိခိုက်နာကျင်မှုတွေ အမှန်ဘဲရှိလာတာကလဲ သဘာဝတခုပါဘဲ။ကနေ့စစ်တပ်နဲ့လူထုကြား ပဋိပက္ခက ရန်ဘက်ပဋိ ပက္ခသဏ္ဍာန်ဆောင်သွားခဲ့ပါပြီ။ဘယ်လိုမှ ကြေအေးလို့မရတဲ့ နာကျည်းမှုတွေကို လူထုကခါးစီးခံခဲ့ ကြရပါပြီ။ ဆက်လဲခံနေရဆဲပါ။ ဗမာစစ်တပ်ခေါင်းဆောင်တွေဟာ အင်မတန်လောဘကြီးကြသလို အင်မတန်ကောက် ကျစ်ယုတ်မာကြတာတွေ့ရပါတယ်။၂၀၀၈ ဖွဲ့စည်းပုံလို စစ်တပ်စွက်ဖက်မှုအပြည့် ယူထားတဲ့ဖွဲ့စည်းပုံကို မိုက်မိုက်ရိုင်းရိုင်း အတည်ပြုခဲ့ကြပါတယ်။ သူတို့အဆိုအရ နောက်တကြိမ်စစ်တပ်က အာဏာမသိမ်းအောင် ရေးဆွဲထားတာလို့လဲဆိုပါတယ်။ ဒါပေမဲ့ အခြားတဘက်မှာလည်း စစ်တပ်က အာဏာသိမ်းဘို့အမြဲပြင်ဆင်နေတာ ထင်ရှားပေါ်လွင်နေပါတယ်။

၁၉၆၂ခုနှစ် ဗိုလ်နေဝင်းစစ်အာဏာသိမ်းပြီးကထဲက စစ်အာဏာရှင်အာဏာရှင်စနစ်ကို ထူထောင်ဘို့ စစ်ရေး နိုင်ငံရေး စီးပွါးရေးတွေမှာ အဖက်ဖက်က လူထုပိုင်ဆိုင်မှုတွေနဲ့ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗိုလ်နေဝင်းလဲသူခိုးပါဘဲ။ ဗိုလ်သန်းရွှေလဲ သူခိုးပါဘဲ။ ဗိုလ်မင်းအောင်လှိုင်လဲသူခိုးပါဘဲ။ဗိုလ်နေဝင်းက ပြည်သူပိုင်သိမ်းပြီး လူထုပိုင်ဆိုင်မှုတွေဓားပြတိုက်တယ်။ လုယက်ခိုးယူတယ်။ စစ်တပ်ပိုင် စီးပွါးရေးတွေအခြေချတယ်။ နိုင်ငံရေးအရလဲ မဆလတပါတီစနစ်ကိုထူထောင်ပြီး စစ်အာဏာရှင် စနစ်သက်ဆိုးရှည်အောင်ကြိုးပမ်းခဲ့တယ်။ဗိုလ်သန်းရွှေကလည်း နိုင်ငံပိုင်သယံဇာတတွေ စျေးပေါ ပေါနဲ့ရောင်းပြီး ကိုယ်ကျိူးရှာတယ်။စစ်တပ်အတွက် လက်နက်တွေဝယ်ယူရင်း သူ့အတွက်ကော်မ ရှင်စားတာက အစပိုက်ဆံရတာ အကုန်လုပ်တယ်။ရေနံ ဓါတ်ငွေ့ ကျောက်စိမ်း ကျွန်းသစ်တွေကို ပေါပေါလောလောစျေးနဲ့ တရုတ်ကို အဓိကထုတ်ရောင်းတယ်။ကော်မရှင်ခတွေ နက်နက်နဲနဲ လက်ခံ ရယူတယ်။

၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) အစိုးရကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့်ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့တယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ လ (၁၈) ရက်နေ့၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကတည်ထောင်ခဲ့တဲ့ တနိုင်ငံလုံးလက်ဝါးကြီး အုပ်စီးပွါးရေးလုပ်ငန်းကြီးဘဲဖြစ်တယ်။ လူထုသုံး နဖါကလော်ကစပြီး ရေနံဓါတ်ငွေ့ထုတ်လုပ်ရေးစ တဲ့လုပ်ငန်းကြီးတွေအထိ ဝင်ရောက်အခွင့်ထူးခံ ချယ်လှယ်သွေးစုတ်တယ်။

ရည်ရွယ်ချက် ၄ ချက်ကို အကြောင်းပြပါတယ်။
(၁) တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။
(ခ) စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။
(ဂ) ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။
(ဃ) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။

နောက်ဆုံးအားလုံးကိုချူပ်လိုက်တဲ့အခါ ဥသျှောင်ဆိုသူကြီးများ အဆမတန်ချမ်းသာကြွယ်ဝသွားကြပြီး စစ်သားတွေလဲ ဂျိုင်းထောက်နဲ့စာအုပ်ရောင်းရတဲ့ဘဝ တချို့ဆို တောင်းရမ်းစားသောက်ရတဲ့ဘဝတွေဖြစ်ကုန်ကြတာဘဲ အဖတ်တင်ပါတယ်။ လူထုကတော့ လူတန်းစားအလိုက် အဆင့်ဆင့် နိမ့်ကျလာကြတာ တွေ့ရပါတယ်။ ဆိုလိုချင်တာက ချမ်းသာက အလယ်အလတ်၊ အလယ်အလတ်က ဆင်းရဲ၊ ဆင်းရဲကသူတောင်းစားဖြစ်ဆိုသလို နိမ့်ကျလာကြတာ လက်တွေ့ခံစားကြရတဲ့ဘဝပါဘဲ။

ဗိုလ်မင်းအောင်လှိုင်က ဗိုလ်နေဝင်း ဗိုလ်သန်းရွှေတို့ထက် လောဘရမက်ပိုကြီးတယ်။ ပိုလဲကောက် ကျစ်ယုတ်မာတယ်။ ဆရာတွေထက်လက်စောင်းပိုထက်တယ်။ စီးပွါးရေးတင်မကဘဲ​ နိုင်ငံရေးအာဏာကိုပါ မက်မောတယ်။ မင်းအောင်လှိုင်တပ်ချူပ်ခေတ်မှာ တပ်ပိုင်မြေပြဿနာဟာ ဗမာပြည်မှာ အလွန်ကြီးမားတယ်။ တပ်ပိုင်မြေဆိုတဲ့ကိစ္စကလဲ အတော်လွယ်ကူတဲ့မြေသိမ်းယာသိမ်းလုပ်ငန်းတခုဖြစ်ပါတယ်။ဘာတရားဥပဒေ ဘာငွေကြေးမှမကုန်ဘဲ (တပ်ပိုင်မြေ) ဆိုတဲ့ ဆိုင်းပုဒ်ကလေး ထောင်လိုက်တာနဲ့ အလွယ်တကူဘဲ အဲဒီမြေကြီးကို စစ်တပ်ကပိုင်သွားပါတော့တယ်။ အောက်ခြေ စစ်တပ်အဆင့်ဆင့်က တပ်ပိုင်မြေဆိုင်းပုဒ်ထောင်ကြသလို စစ်ဗိုလ်ချူပ်တိုင်းလိုလိုက လိုချင်တဲ့မြေမှာ ဆိုင်းပုဒ်ကလေးထောင်ပြီး ကိုယ်ပိုင်မြေတွေဖြစ်ကုန်ကြတော့တာပါဘဲ။ ဘိုးဘွားဘီဘင်တို့ ဓားမဦးချတို့ဆိုတဲ့ မြန်မာ့ဓလေ့ရိုးရာပိုင်ဆိုင်မှုတွေဟာ သေနတ်ပြလိုက်ရုံနဲ့ အလိုအလျှောက် စစ်ဗိုလ်ချူပ်ကြီးတွေ မြေတွေဖြစ်ကုန်ကြတော့တာပေါ့။ မင်းအောင်လှိုင်ပိုင်ဆိုင်တဲ့ မြေဧက ဘယ် လောက်ရှိပြီး ဘယ်လောက်ကို ရောင်းစားထားမှန်းတောင် စာရင်းချူပ်လို့မရသေးပါဘူး။ ဒါပေမဲ့ မင်းအောင်လှိုင်ပိုင်ဆိုင်တဲ့ တရားဝင်လုပ်ငန်းတွေကိုတော့ စာရင်းချူပ်ထားတာ တွေ့နိုင်ပါတယ်။

မင်းအောင်လှိုင်နှင့်ပတ်သက်သောလုပ်ငန်းများမှာ

(က) A & M Mahar Foods and Medical Products ကုမ္ပဏီ

(ခ) Sky One ဆောက်လုပ်ရေးကုမ္ပဏီ

(ဂ) The Yangon Restaurant၊ Yangon Gallery ပန်းချီပြခန်း

(ဃ) Everfit ကုမ္ပဏီ (ပြည်လမ်း City Mall ဈေးဝယ်စင်တာအပေါ်ထပ်ရှိ GymFitness ကာယ လေ့ကျင့်ခန်း)                                                                                                                   

 (င) Seventh Sense Company Limited ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီ                                                                                                                            
(ဆ) စတယ်လာဆဲဗင်းကုမ္ပဏီလီမိတက် (Stellar Seven Entertainment Company Limited)                                                                                                                           
(ဇ) Azura Beach Resort ကမ်းခြေ အပန်းဖြေစခန်း (ချောင်းသာ )

(စျ) အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီ

(ည) Mytel ဆက်သွယ်ရေးကုမ္ပဏီ

(ဋ) ဘုန်းမြတ်ပြည့်စုံ ကုမ္ပဏီလီမိတက် (Bone Myat Pyae Sone Trading Company Limited)

(ဌ) ကန်သာယာဆေးရုံ

(ဍ) JOOX MYANMAR Music platform

(ဎ) Pullman Hotel (မန္တလေး)

(ဏ) ငြိမ်းချမ်းပြည့်စုံ အဝေးပြေးကားဂိတ် (ရန်ကုန်-ရခိုင်)

(တ) မိုးကောင်းရတနာမိခင်နှင့်ကလေးအထူးကုဆေးရုံ တို့ဖြစ်ကြောင်း သိရှိရသည်။ 

ဒါက ဗြောင်လုပ်ငန်းတွေဖြစ်ပြီး နိုင်ငံခြားမှာ ခိုးဝှက်ရင်းနှီးမြုတ်နှံတာတွေ ခိုးဝှက်ဝယ်ထားတဲ့ ရှယ်ယာတွေမပါ သေးပါဘူး။ မင်းအောင် လှိုင်ဟာ ဒေါ်လာဘီလျှံချီပြီး ခိုးထားတယ်ဆိုတာတော့ ပေါ်လွင်ပါတယ်။ ထီ အကြိမ်ကြိမ်ပေါက်တာမဟုတ်သလို အမွေရတာလဲမဟုတ်တော့ ခိုးတာကလွဲပြီး အခြားမရှိပါဘူး။ ဒုချူပ်စိုးဝင်း ခိုးထားတာ ကျန်တဲ့ဗိုလ်ချူပ်တွေခိုးထားတာ ပြည်ခိုင်ဖြိုးက ဗိုလ်ချူပ်တွေခိုးထားတာ တွေသာ စုပေါင်းလိုက်ရင် ကျနော်တို့ပြည်သူတွေ ၁၀ နှစ် အလုပ်မလုပ်ဘဲ စားနိုင်လောက်တယ်လို့ အချိူ့ပညာရှင်တွေပြောလေ့ရှိပါတယ်။

ဒီလိုပေါက်လွတ်ပဲစား အခွင့်ထူးခံတာတွေကို ကျနော်တို့တားဆီးဘို့က စစ် ၃ စစ်ကို အပြတ်ဖြတ်ကြ ဘို့ကလွဲပြီး အခြားမရှိပါဘူး။ စစ်အနိုင်တိုက်ရေးကလွဲပြီး အခြားမရှိပါဘူး။ ကျနော့်ကို ရဲဘော်တွေ မိတ်ဆွေတွေ ညီအကိုမောင်နှစ်မ ဆွေမျိူးသားချင်းတွေမေးကြတဲ့မေးခွန်းတွေထဲက တူတဲ့မေးခွန်း ၂ ခုရှိပါတယ်။

၁။ နွေဦးတော်လှန်ရေးက နိုင်မှာဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းနဲ့                                                 
၂။ ဘယ်လောက်ကြာမလဲ ဆိုတဲ့မေးခွန်း ၂ ခုကတော့ အသိချင်ဆုံးလို့ ထင်ပါတယ်။

သေချာတာကတော့ နွေဦးတော်လှန်ရေးကနိုင်မှာသေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ နွေဦးတော်လှန်ရေးဟာ ပြဒါးရှင်လုံး ၃ လုံးပိုင်ဆိုင်ထားတာကြောင့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိဘူးတဲ့ အခြေအနေမျိူးဖြစ်ပါတယ်။

ဘယ်လောက်ကြာမလဲဆိုတဲ့မေးခွန်းကို ရိုးရိုးသားသားဖြေရရင် ခေါင်းဆောင်မှုချာရင် ကြာမယ်ဆို တာပါဘဲ။ ဒီနေရာမှာ ခေါင်းဆောင်တွေဟာ ခေါင်းဆောင်မှုအနုပညာကို အခိုင်အမာပေါင်းစပ်ပြီး သတ္တိရှိရှိ ညီညီညွတ်ညွတ် ဦးဆောင်နိုင်မယ်ဆိုရင်တော့ သိပ်မကြာလောက်တော့ဘူးလို့ဘဲ ပြောရ တော့မှာပါ။ နွေဦးတော်လှန်ရေးဟာ ဒီရေမြင့်အချိန်ကို ရောက်နေပါပြီ။

အရေးတော်ပုံအောင်ရမည်။

ကိုအောင်မှိုင်း


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar