Breaking News

မ၊ လ ၊ ရိပ် - နိဗ္ဗာန်မဆော်ရဲ့ သာဓု

နိဗ္ဗာန်မဆော်ရဲ့ သာဓု
မ၊  လ ၊ ရိပ်
(မိုးမခ) ဇွန် ၇၊ ၂၀၂၂

မြေဆွဲအားက လွတ်တာမျိုး ကမ္ဘာသားဟာ ကြုံရခဲဘိ
ပြေဆွဲအား လွတ်တာကတော့ နိုင်ငံသားဟာ ကြုံရနိုင်
ပြေဆွဲအား လျော့တာမျိုးလည်း ရှိနိုင်သမို့ လျော့လွန်းတော့ပတ် 
ချာလပတ်ရမ်းပြီး လည်ချင်လည်း လည်ပေတော့ မိတ်ဆွေ
တစ်ဖက်ကမ်းကနေ ဒီဘက် လှမ်းရမလို ဟိုအကိုင်းခိုရမလို
လူလိုလို မျောက်ကြီး ဖင်ဂေါင်းကျယ်လိုလိုထဲ မပါရင် ရပြီ
သစ်ပင်လိုလူနဲ့ တိမ်လိုလူ အမူချင်းခြားပေမဲ့ စိတ်ထားမကွဲတဲ့ခါ ရပြီ
စစ်ကိုင်းပြတ်ရွေ့ငလျင်တွေ လှုပ်ရှားတော့ မြေဆွဲအားကို သက်ရောက်သလား
ပြေဆွဲအားကို တက်မြှောက်သလား ငါစဉ်းစားတယ်
ပြေးဟေ့ ပြေးဟ ဆိုတဲ့ ကြာနီကန် တရားဟောသံကို ငါ ကြားတယ်
လက်မှာ လက်နက်မပါရင်တဲ့ခါ လက်မပါ ခြေထောက်ပဲရှိသလိုပေါ့ မိတ်ဆွေ
ပြေဆွဲအားကို မလွှတ်ပေမဲ့ မြေဆွဲအားကို လွတ်အောင် ရုန်းကြသူတွေရဲ့ 
အဝေးက လည်ပြန်ကြည့်တွေဟာ အကြည့်သက်သက်မကတဲ့ခါ
ပြေခွန်ကို ကျေပြွန်အောင် လှမ်းရွက်လိုက်သလိုပါပဲ
အသက်ကို ချ ထမ်းထားရသူတွေနဲ့အတူ သာဓုခေါ်လိုက်ရပါကြောင်း။

ဇွန် ၅၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar