ဘိုလ်တောကျော်(ကနီတောရ) - ပြည်သူအချစ်ဆုံးကရုဏာရှင် နိုင်ငံခေါင်းဆောင်ကြီး ဆိုပါလားဟေ့
ပြည်သူအချစ်ဆုံး ကရုဏာရှင်နိုင်ငံခေါင်းဆောင်ကြီးဆိုပါလားဟေ့
ဘိုလ်တောကျော်(ကနီတောရ)
(မိုးမခ) ဇွန် ၇၊ ၂၀၂၂
တနေ့ပျင်းပျင်းရှိတာနဲ့ ‘အဖြူထည်ကဝိချုပ်’ဝတ်ရုံကို လွှမ်းရုံလိုက်ပြီးတက္ကသီလာဘက်လျောက်ခဲ့တယ်။ အ လုပ်သစ်တခုလုပ်ဖို့ရည်ရွယ်ချက်နဲ့ ညကပြင်ဆင်ရေးထားတဲ့ဗီနိုင်းစနဲ့တင်းတိမ်စောင်ပတ္တူစအချို့ကို ဂျိုင်ကြားညှပ်ပြီးတက္ကသီလာရဲ့ ‘လုံဗဏီသာမောအင်းကြင်းတော’ကိုအမောတကောပြေးလာခဲ့တယ်။ အဲ့ဒီအရပ်မှာပီတာဇော်မြင့်ထောက်ခံစာတွေပေးနေတယ်ဆိုတော့ အဲ့ဒါကိုအမှီပြုပြီးစီပွားရှာဖို့အတွက်ပဲပေါ့။
လုံဗဏီသာမောအင်ကြင်းတောရောက်တာနဲ့ ပီတာဇော်မြင့်ရှိရာတောင်ပိန္နဲပင်အောက် ခြေဦးလှည့်ရပြန်တယ်။ တွေ့ပါပြီ။ “ပီတာဇော်မြင့် ထောက်ခံစာရေးပေးသည်” တဲ့။ တဖုတ်ဖုတ်ကြွေကျနေတဲ့ တောင်ပိန္နဲသီးတွေရန်ကို ရှောင်ရင်းကွေ့ရင်းဆရာဆီရောက်ပေါ့။ ဆရာနေရာတဝိုက်ကိုငုတ်လေးငုတ် တိုင်လေးတိုင် ပန္နက်ချ စိုက်ထူပြီး သကာလ ပါလာတဲ့တင်း တိမ်စောင်တွေနဲ့ပတ်လိုက်တယ်။ ပြီးမှ ညကရေးထားတဲ့ ဗီနိုင်စကိုဆရာနေရာနဲ့မလှမ်း မကမ်းမှာချိတ်လိုက်တယ်။
“အလဲ့…တယ်တော်တဲ့ငါဘဲ” ကိုယ့်ဆိုင်းဘုတ်ကိုယ်ပြန်ကြည့်ပြီးကျေနပ်နေတယ်။
“မိတ်ဆွေ,,, ။ အဆုပ်၏ဝန်ဆောင်မှုမရှိဘ လေကိုပင်ရှူ၍မရသည်ကို သိပြီးဖြစ်မည်ထင်သည်။ ဈေးကွက်စီးပွားရေး၏လိုအပ်ချက်အရထောက်ခံစာဝန်ဆောင်မှုပြုလုပ်ပေးနေသည်။ တစောင် ၅၀၀၀ ကျပ်။
ပုံ…
ဘိုလ်တောကျော်
(ကနီတောရ)။
“ဟေ့ကောင် တောကျော် အဲဒါဘာလုပ်တာလဲကွ” တဲ့။
ကိုယ့်ကြော်ငြာကိုယ်ဖတ်ပြီးပီတိသောမနဿပွားလို့ ‘ဇော’ မကျခင်ထုံးစံအတိုင် းဆရာရဲ့သိမ်မွေ့နုညံ့တဲ့ နုတ်ဆက် စကားကြောင့် ဘိုလ်တောကျော်လန့်သွားတယ်။
“ဟာဗျာဆရာကလည်း အခုမှ ‘ပီတိဇော’လေးကျမလို့ ဝင်စားနေတုန်း အလန့်တကြားမလုပ်စမ်းပါနဲ့” “အောင်မာမင်းကလူစကားတွေပြောလို့ပါလား။ ဒါဘာလုပ်တာလဲကွ”
“ဒီလိုပါပဲ၊ ဆရာရေးထားတာကတော့ ဆရာမြင်တဲ့အတိုင်းပါပဲ။ ဈေးကွက်စီးပွားရေးမှာ ဘယ်အရာမှ အလကားမရဘူး။ ဆရာအိမ်လိုချင်သလား အိမ်ခြံမြေပွဲစားရှိတယ်။ နိုင်ငံခြားသွားချင်လား ပတ်စ်ပို့ပွဲစားရှိတယ်။ နိုင်ငံသားကဒ်လိုချင်လား။ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့သူနဲ့တွေ့ချင်လား။ အားလုံးပွဲစားရှိသဗျ။ ဆရာ့လိုထောက်ခံစာ အလကားရေးပေးနေတော့ ဈေးကွက်စီပွားရေးဟန့်တာနှောက်ယှက်နေသလိုခံစားရတာကြောင့် ထောက်ခံစာ ဝန်ဆောင်မှုလုပ်ရတာပေါ့ဆရာရယ်။” ဆိုတော့ ပီတာဇော်မြင့် တွေဝေသွားပေါ့။ ပြီးမှ …
“ဒါကတော့ဟုတ်ပါပြီကွာ မင်းဟာကသတ်ပုံမှားနေသဟ။ ‘ဗိုလ်’ဆိုတာ ဗထက်ချိုင့်လသတ်ဗိုလ်ရသကွ။ “
“ဟဲဟဲဆရာကလည်း သတ်ပုံသတ်နည်းသိချင်ရင် မင်းအောင်လှိုင်ဆီသာ စစ်အမှုထမ်းပေတော့။ သတ်ပုံသတ်နည်းသာမကဆိုးခိုးလုယက်ပြီး မီးရှို့နည်းပါတတ်စေရမယ်။ အခုဟာကဆရာကြီးသခင် ကိုယ်တော ်မှိုင်းကိုအားကျလို့ ပေးထားတာပါဆရာရယ်။”
“ဟေ … ဆိုအုံးဟငါတော့ သဘောမပါဘူးဖြစ်နေတယ်။
“ဒီလိုပါဆရာရယ်။ ဆရာကြီးမှိုင်းကအင်္ဂလိပ်မုန်းတော့ အင်္ဂလိပ်တို့ရဲ့ မစ္စတာဆိုတာနဲ့ လူတွေမုန်းတဲ့ချဉ်ပေါင် ရွက်သည် မောင်မှိုင်းတို့ကိုပေါင်းစပ်ပြီး “မစ္စတာမောင်မှိုင်း”လို့ ကလောင်အမည်ပေးသလိုဘဲပေါ့ ဆရာရယ်။ ပိန်းရန်ကော။ တောကျော်ဆိုတာခြင်္သေ့ဆိုပြီး လူတွေကမုန်းနေကြတာလေ။ ဒီတော့လူတွေအော်ဂလီဆန်တာတွေ ကကိုပေါင်းပြီး ‘ဘိုလ်တောကျော်’ လို့ ခေါ်စရာသညာပြုပေးထား တာပါဆရာရယ်။ ‘ဘိုလ်’ ဆိုတာကရကန်ဖျက်တဲ့ သဘောဆိုကြပါစို့”။
“ဒါဖြင့် ကနီတောရ’ဆိုတာကရောကွယ်”
“ အဲ့ဒါကတော့ အခုနိုင်ငံရေးသမားတွေပြောနေတဲ့ ‘ဗမာလူမျိုးကြီးဝါဒဆိုတဲ့ အပြောတွေက ိုအော်ဂလီဆန်လာ လို့ ကိုယ်ကလည်း ကနီနယ်သားဆိုတော့ ‘ကနီလူမျိုးကြီးဝါဒ’ အဖြစ် သုံးလိုက်တာပါဆရာရယ်။ ဟားဟား ….။
ဆရာတပည့်နှစ်ယောက် တဟားဟားနဲ့ပွဲကျလို့မဆုံးခင် လူကိုးယောက် ဗြုန်းခနဲရောက်လာပေါ့။ အားလုံးက မျက်နှာထီမျက်နှာထားနဲ့တမင်လုပ်ဟန်ချီထားတယ်။ ရင်ကိုကော့၊ ခေါင်းမော့ပြီးဝင်လာတာတွေ့တော့ ပီတာ ဇော်မြင့်လည်း သူ့တဲထဲ ဝင်သွားရော။ ဘိုလ်တောကျော်ကို ခပ်ထေ့ထေ့ မထီဟန်နဲ့….
“ မင်းကပွဲစားလား” လို့ သံပြိုင် မေးလိုက်တယ်။ ဘိုလ်တောကျော်ကလည်း‘ ဟန်ကိုယ့်ဖို့ ‘ ဆိုတဲ့အတိုင်း “ကျုပ်ပွဲစားမဟုတ်ဘူး။ ဝန်ဆောင်မှုလုပ်ငန်လုပ်တဲ့သူပဲ” လို့ ပြန်ပက်လိုက်တာပေါ့။
“ဘာထူးလို့လဲကွာ။ ပါးစပ်ကလေးနဲ့ပိုက်ဆံယူတာချင်းအတူတူပဲဟာ”
“မတူဘူး။ ဂလိုဘဲလိုက်ဇေးရှင်းအရကျုပ်ကပေါ်လာတာ။ အစဉ်အလာအတိုင်းအာဏာပြပြီးငွေယူတဲ့လူမျိုးမဟုတ်သလ ိုပါးစပ်လေးစိုက်ပြီးငွေယူတဲ့သူလည်း မဟုတ်ဘူး။ နုတ်မှုပညာရှင်အဖြစ် တက္ကသီလာမှာဆယ်နှစ် ဆယ်မိုးသင်ယူတတ် မြောက်ပြီးမှ ဂလိုဘဲခေတ်မှာဝန်ဆောင်မှု လုပ်တာ။ ဒါကြောင့်ပွဲစားမဟုတ်။ ဓားပြမဟုတ်။ အာဏာနဲ့လည်းအနုကြမ်းစီးသူလည်းမဟုတ်…။ စကားမဆုံးခင် …
“တော်တန်တိတ်။ ,ဒါ ငါတို့ကိုစောင်းပြောတာ” တဲ့။
“ဟာမဟုတ်ပါဘူး။ ကဲကဲခင်ဗျားတို့ လာရင်းသာပြောပါဗျာ။ ” ဆိုတော့ ...နုတ်ခမ်းမွှေးကိုအပေါ်နုတ်ခမ်းအလယ် တည့်တည့်မှာအလှထားခံရတဲ့ ခွေးဝဲစားလိုသူကစတင်ပြီး “ ငါကဟစ်တလာ။ ဒီဘက်ကတဇောက်ကန်းပုတင်။ ဟိုဘက်ကကုတ်ချောင်းချောင်းနဲ့က မူဆိုလိုနီ။
ဒီဘက်ကနုတ်ခမ်းမွှေးကားကားနဲ့က မူရှာရက်။ ဟော့ဒီပြူးကြောင်ကြောင် အကောင်ကတော့ ပိုပေါ့တပည့် လက် မရွံဟွန်ဆန်။ ပို့မော်ဒန်ဆံပင်ပုံစံနဲ့က ကင်ဂျုံအမ်း။ ရုပ်ကြမ်းကြမ်းနုတ်ခန်းမွှေးနဲ့ကဆဒန်ဟူစိန်။
ဟောဒီမိုနာလီဇာလိုပဟေဠိအပြုံးနဲ့ကောင်က ‘ဇီကြက်ဖင်’၊ ဒီဘက်က ‘သုံးပေတရပ်’ကောင်ကတော့ မင်းတို့ ပြည်သူတွေခေါ်ကြတဲ့ ‘လိပ်ပု’ခေါ်’ကြောင်ချေး’ခေါ် ‘ကြင်စိုး’ပဲ။”
ကြည့်လိုက်တော့ အားလုံးမျက်နှာထားက အိမ်ကမိန်းမအစောင့်စစ်သားနဲ့ကြာခိုလို့ မကျေနပ်တဲ့ ဗိုလ်စုတ်ချုပ် မျက် ခွက်မျိုးတွေနဲ့။
“လာရင်းကိစ္စပြောပါအုံး” ဆိုတော့ …
“အေး..။ မင်းတို့ဆရာကြီးကစာပေလောကတင် ထောက်ခံစာရေးပေးတာလား။ ကျန်တာတွေကိုရောပေးလားဆို တာကို အရင်သိချင်တယ်။”
“ဟုတ်ကဲ့။ အလုပ်မရွေးကိစ္စကြီးငယ်မရွေးထောက်ခံချက်ပေးပါတယ်။ လာရင်းကိစ္စကိုသာပြောပါ။”
“အင်းဒါဆိုရင်ပြောရသပေါ့။ ငါတို့ထဲကတယောက်တည်းပဲဆူပါလေးတစ်ဒီဂရီကိုသုံးပြီး ‘မေတ္တာကရုဏာတရား အကြီးဆုံးနဲ့ပြည်သူချစ်သောအမျိုးသားခေါင်းဆောင်’ဆိုပြီး ထောက်ခံစာရေးပေးရမယ်။ တယောက်ထဲပေးရမှာ။ ဒါပဲ။
“ဗျာ! ..
၉ ယောက်မှာတယောက်တည်းဆိုတော့ ….။ ဘိုလ်တောကျော်စဉ်းစားရကြပ်သွားပြီ။ မျက်တောင်လေးပုတ်ခတ်ခတ်လုပ်ရင်းစဉ်းစားခန်းဝင်နေတယ်။ ၉ ယောက်လုံးကလည်း သူ့နည်နဲ့သူ့ဟန် တိုင်းပြည်အတွက်သာမက ကမ္ဘာကြီးအတွက် ကောင်းကျိုးမပြုခဲ့တဲ့သူတွေချည်းပဲ။ ဟစ်တလာကတော့ သူ့လူမျိုး သူ့တိုင်းပြည်အတွက် တကမ္ဘာလုံးကျွန်ပြုဖို့လုပ်တာ။
မူဆိုလိုနီကလည်း ဟစ်တလာနဲ့အမှုတွဲ။ ဇီကြက်ဖင်ကလည်းဆင်းရဲတဲ့ကမ္ဘာကို သူ့အကြွေးနဲ့ ကျွန်ဖြစ်အောင်လုပ် တာ။ ကင်ဂျုံအန်ကလည်း သူ့အဖိုးရဲ့ပဒေသရာဇ်ကွန်မြူနစ်နန်းဆက် သက်ဆိုးရှည်ဖို့ သူ့ပြည်သူကို ရက်စက်ပြီး ကမ္ဘာကြီးကိုခြိမ်း ခြောက်တဲ့လူ။ မူရှာရက်နဲ့ဆဒန်ဟူစိန်ကလည်းထူးမခြားနားလူသတ်ကောင်။
လတ်လတ်ဆတ်ဆတ်ရှိနေတဲ့ ပုတင်ကြည့် တော့လည်းသွေးစိမ်းရှင်ရှင်နဲ့သွေးညှီနံ့ကမပျောက်သေး။ ကြောင်ချီးကလည်း ပုတင်နဲ့ဗိန်မသာလိမ်မသာ။ လိမ်တာမှာတောင်သူကပိုသာနေသေး။
ကဲ ဘယ်လိုလုပ်ရပ’ လို့စဉ်းစားနေဆဲ ….
“ဟေ့ကောင် မင်းဆရာဆီကနေမေတ္တာစေတနာ ကရုဏာအကြီးဆုံးတယောက်အတွက် ထောက်ခံချက် မြန်မြန်ယူလာခဲ့” တဲ့။ ဟစ်တလာ ဒေါကန်ပြီ။
ဘိုလ်တောကျော်လည်းဆရာဇော်ရှိရာတင်းတိန်စောင်ကာထားတဲ့ တဲထဲဝင်လုဆဲဆဲမှာကြောင်ချီးရောက်လာပြီး…
“ဒီမယ် ဘိုလ်တောကျော်၊ ကျုပ်က ပျူဝဋ်နိုင်ငံမှာအချမ်းသာဆုံး၊ ကျုပ်သားနဲ့သမီးကလည်း ဆေးရုံတွေ ကုမ္ပဏီတွေအများကြီးပိုင်တယ်။ ဘီလျံနဲ့ချီချမ်းသားတယ်။ ကျုပ်မှာလည်းလက်မရွံ့ ကျွန်စစ်တပ်ကြီး လည်း ရှိတယ်။ နိုင်ငံအကြီးဆုံးဦးသူပိုင်တဲ့ကုမ္ပဏီလည်းရှိသေးတယ်။ ဘိုလ်တောကျော်လိုရုပ်ချောချော ဥပဓိရုပ်ကောင်းကောင်းနဲ့ မင်းသားသို့မဟုတ် အဆိုကျော်လုပ်ချင်သပဆိုရင်လည်း ကျုပ်သမီးမှာ အနုပညာကုမ္ပဏီလည်း ရှိသေးတယ်။”
ဘိုလ်တောကျော် စိတ်နည်းနည်း ယိုင်သွားတယ်။ တွေဝေသွားတယ်။ ငါကအတော ်ဥပတိကောင်းဟန်ပဲပေါ့’ လို့ တွေးပြီး စိတ်ကြီးဝင်မယ်ကြံကာ ရှိသေးတယ်။ သူကဆက်ပြီး ….
“ကျုပ်ကိုမေတ္တာ၊ ကရုဏာ၊ အကြင်နာအကြီးဆုံးနိုင်ငံခေါင်းဆောင်အဖြစ် နိုင်ငံကျော်ရုံသာမက ကမ္ဘာမှာပါ ထင်ရှားကျော် ကြားပြီး အမိုက်တိုက်နောက်လိုက် အများအပြားရှိတဲ့ ဆရာတော်ကြီးလည်းဖြစ်တဲ့ ‘ပူတဂူ’ ဆရာတော်ကြီးကိုယ်တိုင် ထောက်ခံမြွက်ကြားဟောစဉ်တရားများလည်း ရှိပါတယ်။ ထို့အပြင်တဝ ‘ထင်ရာဝါဒ တက္ကသိုလ်ပါ မောက္ခချုပ်’လည်း ဖြစ်တဲ့ မေတ္တာတရားနဲ့သမုဒယသံယောဇဉ်ကြီးမားလွန်လွန်းလို့ ‘ဒကာလေး’လို့ တောင်မခေါ်ရက်ဘဲ ‘သားတို့သမီး’ တို့လို့ ချော့ မြှူခေါ်ဆိုတရားပြလေ့ရှိတဲ့ ‘ဗီလိန္ဒဆရာတော်’ရဲ့ ထောက်ခံမှုလည်းရထားတာကြောင့် ဒီလို ‘မေတ္တာ၊ ဂရုဏာ၊ အကြင် နာအရှိဆုံးပြည်သူချစ်သော နိုင်ငံခေါင်းဆောင်ဘွဲ့’ ဟာ ကျုပ်နဲ့သာထိုက်တန်ကြောင်း သင့်ဆရာ ပီတာဇော်မြင့်ကိုပြောပြီး ထောက်ခံစာယူခဲ့လေတော့ အမောင်လူချော လူလှ ဝန်ဆောင်မှုလုပ်ငန်းရှင်”တဲ့။
အင်း…ကြောင်ချီးဆိုတဲ့အမည်နဲ့လိုက်အောင် မြှောက်ပင့်လိုက် ခြိမ်းချောက်လိုက်၊ လာဘ်ထိုးလိုက်နဲ့ ကျုပ်ကိုပါ သူ့ ဘက်ပါအောင်နှဲ့နေလေရဲ့။ ဒီလိုနဲ့ ဆရာဇော် တဲထဲဝင်ပြီးအကျိုးအကြောင်းပြောပြတော့ ဆရာလည်းမျက်လုံး ပြူးပြီး ကြံရာမရဖြစ်ကြပြီပေါ့။
“မင်းလုပ်လိုက်ရင် ပြဿနာကြီးဘဲကွာ။ ကဲ ဘယ်လိုလုပ်ကြမလဲ။ တယောက်ယောက်ကို ‘မေတ္တာ ဂရုဏာ, အကြင် နာအရှိဆုံးပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်ဘွဲ့’ပေးပြီးထောက်ခံလိုက်ရင် ကျန် ၈ ယောက်ကလည်း လက်စောင်းထက်ပါဘိနဲ့။ ခက်ပလားကွာ။ ငါတော့ စစ်ကျွန်လည်းအဖြစ်မခံနိုင်ဘူး။ အကြွေးကျွန်လည်းအဖြစ်မခံနိုင်ဘူး။ က ဲပြောနေကြာတယ်။ နောက်ပေါက်ကထွက်လို့ သူတို့နဲ့ဝေးရာ တတိယ နိုင်ငံဆီပြေးကြစို့’ ဆိုပြီးနှစ်ယောက်သားနောက်ဖေးပေါက်ကထွက်လို့ ပြေးလိုက်ကြတာ အမေရိကန်၊ ဩစီ၊ နော်ဝေ၊ နယ်သာလန်န ဲ့ဖင်လန်အထိ အကုန်လန်အောင် စုံကန်လို့ပြေးခဲ့ရပါရော။
ဘာပဲဖြစ်ဖြစ် သူတို့နဲ့ဝေးရင် အားလုံးဟာနိဗ္ဗာန်ပါပဲလေ။ ပီတာဇော်မြင့်လည်းအခုတော့နောင်တကြီးစွာနဲ့ ထောက်ခံစာလည်းမရေးနိုင်တော့ပါဘူး။ သက်ကြီးပင်စင်စားလို့ ဟိုနိုလူလူရဲ့နတ်သမီးရေချိုးဆိပ်မှာတသိမ့်သိမ့် ငြိမ့်နေလေရဲ့။
ဘိုလ်တော်ကျော်သီတင်းသုံးရာ ကနီတောရကျောင်းလေးလည်း ကြောင်ချီးလက်ချက်နဲ့ လောင်မီးကျသွားတာ ကြောင့် ‘ပလိဗောဓ’ မဖြစ်တဲ့အရပ်ကို စွန့်ခွာလို့ တော်ရာအရပ်မှာ‘အိုးထိန်သည်ဘဝ’ နဲ့ဇာတ်မြှုတ်ရရှာပေါ့။ လုံဗနီသာမော အင်ကြင်းတောရဲ့‘အင်ကြင်းမွှေးနဲ့ ခါချဉ်ထွေး’ တို့အပြင် လွမ်းမောတသထိတ်လန့်ဖွယ်ရာ အတိတ ်ကဖြစ်ရပ်တွေက ိုပြန်လည်မြင်ယောင်ရင်း သက်ပြင်းမျှင်းမျှင်းချလို့ ‘ရင်မောပြုံး’ သာပြုံးနေမိပါတော့တယ်။
စကားညှပ်။ ။ (ချစ်သောဆရာဇော်အား သတိရဦးခိုက်လျက်)
ဘိုလ်တောကျော်(ကနီတောရ)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar