Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၅ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၅ မြင်ကွင်း

(မိုးမခ) ဇွန် ၂၆၊ ၂၀၂၂


အပြောနဲ့ လက်တွေ့ ဘာကွာသလဲ

စစ်ကိုင်းတိုင်းနဲ့ တိုင်းရင်းသားတွေ၏ ပြည်နယ်တွေမှာ မြန်မာစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ စစ်သတင်းတွေများစွာကို ဖတ်ရှုရပါတယ်။ နွေဦးတော်လှန်ရေးထဲက အသီးသီးပေါ်ထွန်းလာတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့အချို့တွေလည်း စုဖွဲ့မှု တနှစ်ပြည့်တဲ့ အခမ်းအနားတွေတောင် ကျင်းပလာကြပါတယ်။ ယောဒေသ ကာကွယ်ရေးတပ် (YDF) တနှစ်ပြည့် အခမ်းအနားကို အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။ မြန်မာစစ်တပ်ကလည်း ကျေးလက်တောရွာတွေကို မီးရှို့ ဖျက်ဆီး၊ ပြည်သူတွေကို ခြိမ်ခြောက် နှိပ်စက်သတ်ဖြတ်တာအပြင် အချို့ ကျေးလက်တွေမှာ စစ်တပ်က ခြေတွေ လက်တွေပါ ဖြတ်တောက်ထားပြီး သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိကြရပါတယ်။ စစ်ကိုင်းနဲ့ မုံရွာ ဝန်းကျင်ဒေသတွေမှာ PDF ကာကွယ်ရေးတပ်တွေ အားကောင်းလာပြီး စစ်တပ်ထောက်ခံအားပေးသူတွေကို ဆုတ်ခွာ ထွက်ပြေးအောင် ဖိအားတွေ ပေးနေကြတယ်လို့ ဆိုပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္မဏီ၏ တွင်းထွက်တူးဖော်ရေး လုပ်ငန်းတွေကိုပါ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပစ်မှတ်ထားလာကြပါတယ်။

မြို့ပြတွေမှာ ပြောက်ကျားသပိတ်တွေကို လူငယ်တွေက တတ်နိုင်သလောက် လုပ်ဆောင်နေကြပါတယ်။ စစ်တပ်ထောက်လှမ်းရေးတွေကလည်း သတင်းပေးများ အားကိုးနဲ့ မြေအောက်လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ တိုးမြှင့်နေဆဲ ဖြစ်ပါတယ်။ အဲသည်ထဲမှာ - နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ထင်ရှားသော ကျောင်းသားခေါင်းဆောင်နှင့် နိုင်ငံ ရေး အကျဉ်းသားဟောင်း ကိုလင်းထက်နိုင်(ခေါ်) ကိုဂျိမ်းစ်ကို ဇွန်လ ၁၈ ရက် နေ့ တွင် စစ်တပ်နှင့်ရဲများက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးသို့ ပို့ဆောင် ထားတယ်လို့ သတင်းဌာနများကို မိသားစုဝင်တွေက ပြောကြားထားပါတယ်။ ရန်ကုန် မန္တလေးအပြင် နယ်မြို့တွေ ကျေးလက်တွေမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေ အများအပြား ဘယ်ရောက်နေတယ်၊ သေလားရှင်လား မသိရတဲ့ အမည်စာရင်းတွေ ကိန်းဂဏန်းတွေက တိုးလို့ လာနေတယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်သူတဦးက မှတ်ချက်ပေးပါတယ်။ 

လက်ရှိမှာ အစိုးရယန္တယားအပြည့်အစုံ လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုကြပေမယ့် မြိုံပြက စည်ပင်လုပ်ငန်း၊ ထွေအုပ်၊ စျေးနဲ့ ကုန်သွယ်ရောင်းဝယ်ရေး၊ ကုန်စည်နဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်း၊ ငွေကြေးဘဏ္ဍာရေးဆိုင်ရာ ဌာနတွေ စတဲ့ အစိုးရဌာနတွေက ရှိတဲ့သူတွေနဲ့ လည်ပတ်နေပါတယ်။ အဲသည်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ အစိုးရရုံးဝန်ထမ်းတွေကို လာဘ်ပေးရတာတွေ ဆိုးဆိုးရွားရွား ပြန်လည် ခေါင်းထောင်လာပါတယ်။ ယခင်စစ်အာဏာရှင်လက်အောက်က အကျင့်ပျက်ခြစားမှုတွေ ၂၀၁၅ နောက်ပိုင်း အတန်အသင့် လျော့နည်းသွားရာက အခု စစ်ကောင်စီလက်ထက်မှာ အစိုးရရုံးဆိုင်ရာကိစ္စ အ၀၀ကို လာဘ်ထိုးပြီး ဆောင်ရွက်မှ အဆင်ပြေတဲ့ အဖြစ်ကို ပြန်ခံစားနေရပြီလို့ ကုန်သည်တဦးက ပြောပါတယ်။ အကျင့်ပျက် ခြစားတဲ့ ဝန်ထမ်းတွေကလည်း အခုလို အခြေအနေကို ပိုပြီး သဘောတွေ့နေကြတယ်လို့ ဆိုပါတယ်။ 

နွေဦးတော်လှန်ရေးရဲ့ အသက်သွေးကြောတခုဖြစ်တဲ့ CDM ဝန်ထမ်းတွေဟာ မိမိအိုးအိမ်စည်းစိမ်ကို စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။ အချို့ကလည်း အကြပ်အတည်း ဆင်းရဲဒုက္ခမျိုးစုံကို မိသားစုအလိုက် ရင်ဆိုင် ဖြေရှင်းနေကြရာက မိမိတို့ အိမ်နေရာတွေကို အရဲစွန့်ပြီး ပြန်ကြတယ်လို့ သိရပါတယ်။ နယ်မြေခံ သတင်းပေးတွေ ဒလန်တွေကြောင့် အဖမ်းခံကြရသူ အများအပြားရှိပါတယ်။ အချို့ကတော့ ပြန်ပေးဆွဲခံရတဲ့ ဓားစာခံကို ငွေပေးပြီး ပြန်ရွေးရသလို လုံခြုံရေးတပ်ဖွဲ့တွေကို ငွေကြေးလာဘ်ထိုးပြီး ရွေးကြရပါတယ်။ အချို့ကလည်း ခံဝန်ချက်တွေ လက်မှတ်ထိုးပြီး အပြင်ပြန်ရောက်လာကြတာလဲ ရှိပါတယ်။ မိမိဒေသမှာ ပြန်ပြီး ဆက်လက်နေထိုင်ဖို့ အဆင်မပြေတော့တာကြောင့် CDM တွေဟာ နောက်ဆုံးတော့ အခြားအရပ်တပါးကို ပြန်လည် ထွက်ခွာ တိမ်းရှောင်ကြရပြန်ပါတယ်။ အဲသည်လို အဖြစ်အပျက် အမြောက်အများရှိပေမယ့် CDM ဝန်ထမ်းတွေဟာ ထောက်ပံ့ကူညီမှု အလွန်ချို့တဲ့စွာ ဖြတ်သန်းနေကြတဲ့အကြောင်းကိုလည်း သည်မှာ မှတ်တမ်းပြုအပ်ပါတယ်။

မြို့ပြဒေသက နေရာတွေမှာ ပုံမှန် စီးပွားရေး လူမှုရေး ပညာရေး လုပ်ငန်းတွေ ပြန်လည် လည်ပတ်နေပြီလို့ အထင်ရောက်နေတဲ့ သာမန်ပြည်သူတွေလည်း ရှိနေပါတယ်။ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်မားပြီး တရားဥပဒေစိုးမိုးမှု မရှိတော့တာ၊ အသက်အိုးအိမ် လုံခြုံမှု မရှိတော့တာကို ပကတိအတိုင်း လက်ခံဖို့လည်း ဝန်လေးနေကြတုန်းပါပဲ။ ကျောင်းတွေ ပြန်ဖွင့်ပြီးတဲ့နောက်မှာ ပုဂ္ဂလိကကျောင်းတွေ ပြင်ပကောလိပ်တွေ အင်တာနေရှင်နယ်စကူးတွေမှာ ကျောင်းအပ်နှံသူတွေ မူလကထက် ပိုတိုးလာတယ်လို့ ဆိုကြပါတယ်။ ကျောင်းတွေ ဖွင့်လာတာ ကျောင်းသားတွေ စာသင်ခန်းတွေထဲ ဦးလှည့်လာတဲ့ ပြယုဂ်ကို ကြည့်ပြီး စီးပွားရေးလုပ်ငန်းတွေကလည်း ပြန်လည် ဦးထောင်လာကြလိမ့်မယ်လို့ ခန့်မှန်းကြတယ်လို့ ပြောကြပါတယ်။ ကျောင်းမတက်တော့တဲ့ ကျောင်းမတက်နိုင်တဲ့ ဦးရေကို မကြည့်တော့ဘဲ ကျောင်းစာသင်ခန်းတွေ လည်ပတ်နေတာကိုပဲ မြင်ကြည့်နေကြတာမို့ ပုံမှန်ဖြစ်ပြီလို့ ကောက်ချက်ဆွဲချင်အောင် စစ်ကောင်စီက အစွန်းကုန် အားထုတ်နေတဲ့ သဘောဖြစ်ပါတယ်။

အခုတလောမှာ NUG အစိုးရက ဝန်ကြီးတွေ ဒုဝန်ကြီးတွေက အခမ်းအနားတွေ ရန်ပုံငွေရှာဖွေပွဲတွေကို အွန်လိုင်းကတက်ရောက်မှု ပါဝင်ပြောဆိုမှုတွေ အတော်များလာပါတယ်။ ပွဲတိုင်းမှာလည်း NUG ဝန်ကြီးတွေ ဒုဝန်ကြီးတွေက တော်လှန်ရေး မကြာမီ အောင်မြင်တော့မည့်အကြောင်း၊ အားလုံးအချိန်ကိုက်လှုပ်ရှားကြဖို့ အချိန်မဝေးတော့ကြောင်း၊ လစဉ် ပြည်သူတွေ၏ ထောက်ပို့ငွေ မည်ရွေ့မည်မျှရရင် အောင်မြင်ဖို့ ပိုသေချာကြောင်း စတဲ့ ပြောကြားချက်များလည်း ပွဲတိုင်းမှာ ကြားရတဲ့အပြင် သတင်းဌာနတွေကလည်း သူတို့၏ ပြောစကားများကို ထုတ်ပြန်ပေးကြပါတယ်။ NUG ကိုယ်ပိုင်ပြဋ္ဌာန်းတဲ့ ငွေကြေးစနစ် ဒီဂျစ်တယ်စနစ် စတာတွေကိုလည်း အကျယ်တဝင့် ပြောဆိုလာကြပါတယ်။ အချို့ဒေသတွေ အချို့အခြေအနေတွေမှာ NUG ဝန်ကြီးတွေ၏ အားပေးစကားတွေ ကြုံးဝါးချက်တွေ မှန်ချင် မှန်နိုင်ပေမယ့် မြန်မာပြည်တပြည်လုံးနဲ့ တိုင်းပြည်၏ လက်ရှိအခြေအနေတခုလုံးကို ခြုံငုံကြည့်လိုက်ရင်တော့ အပြောနဲ့ လက်တွေ့ ကွာဟနိုင်တာကို မြေပြင်က ပြည်သူတွေက ပိုသိမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar