Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၄ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၄ မြင်ကွင်း

(မိုးမခ) ဇွန် ၂၅၊ ၂၀၂၂

ဇွန် ၂၂ လမ်းခွဲ

ဇွန်လ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ပြီးတဲ့နောက် မြန်မာပြည်သူတွေအတွက် အလွန်နာကျည်းစရာ စိတ်မကောင်းစရာ နေ့ရက်ဖြစ်တယ်လို့ မြန်မာပြည်တွင်းက လူပုဂ္ဂိုလ်အချို့က သဘောထား ထုတ်ဖော် ပြောဆိုကြပါတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိင်ရတဲ့ ပါတီခေါင်းဆောင်ကို စစ်ကောင်စီက အမှုမျိုးစုံနဲ့ လုပ်ကြံတရားစွဲပြီး ထောင်ဒဏ်တွေ အများအပြား ချမှတ်လိုက်တာအပြင် ယခင်ကလို အကျယ်ချုပ်နဲ့ နေအိမ်မှာ ထားခဲ့တဲ့ အစဉ်အလာကို ဖျက်သိမ်းပြီး နေပြည်တော်က အကျဉ်းထောင်မှာ ထားရှိလိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင်အများအပြားကို ဖမ်းဆီး ထိန်းသိမ်း အမှုစွဲ ထောင်ချထားပြီးတဲ့နောက် ပြည်သူလူထုတခဲနက်ထောက်ခံမှုနဲ့ ၁၉၈၈ အရေးတော်ပုံကနေ အစဉ်အဆက် တိုက်ပွဲဝင်ခဲ့တဲ့ NLD ပါတီနဲ့ ပါတီဝင်တွေအပေါ် စစ်ကောင်စီ၏ သဘောထားနဲ့ ဆက်ဆံရေးကလည်း အဖြေထွက်နေပြီလို့ ဆိုရမယ် ထင်ပါတယ်။

NLD ပါတီက အစဉ်တစိုက် တရားဝင်ပါတီတရပ်အဖြစ်ဆိုတဲ့ ရှုထောင့်ကနေ ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အသိအမှတ်ပြုရေး၊ လွှတ်တော်ခေါ်ဆိုရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုသာ တောင်းဆိုနေခဲ့ပါတယ်။ NLD ပါတီကိုယ်တိုင်ကတော့ သူ့ပါတီဝင်အများအပြားလဲ ပါဝင် ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးက ပေါ်ထွက်လာတဲ့ CRPH, NUG, NUCC အစုအဖွဲ့ အင်အားစုတွေကို ပါတီတရပ်အနေနဲ့ ကြားကျတဲ့ဆက်ဆံရေးကို ထားခဲ့ပါတယ်။ ပါတီဝင်တွေရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှုအဖြစ် သဘောထားပြီး ပါတီသဘောထားပြောဖို့ အခြေအနေမရှိသေးဘူးလို့သာ ပြောခဲ့ပါတယ်။ ယခု သူတို့ခေါင်းဆောင် ပြီးတော့ ပြည်သူတွေက အမျိုးသားခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်ုးစုကြည်ကို တရားစွဲ အမှုဆင် စစ်ဆေးနေရာကနေ ထောင်ဒဏ်တွေ ချမှတ်ပြီး အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီ ဖြစ်တာမို့ ပါတီတရပ်အနေနဲ့လည်း ပြတ်ပြတ်သားသား စစ်ကောင်စီကို ရင်ဆိုင်ဖို့ လမ်းတလမ်းတော့ ရွေးရလိမ့်မယ် ထင်ပါတယ်။

စစ်ကောင်စီကို ရင်ဆိုင်ဖို့ နွေဦးတော်လှန်ရေးအင်အားစုများက လက်နက်ကိုင် ခုခံတော်လှန်ရေး၊ အခြေခံဥပဒေအသစ် ရေးဆွဲရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးတို့ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ စစ်ကောင်စီကလည်း လက်နက်ကိုင် ခုခံတွန်းလှန်မှု မှန်သမျှကို ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ချေမှုန်း နှိမ်နင်းဖို့ ကြိုးစားနေပါတယ်။ စစ်ရေးမှာ အချိန်ဆွဲတာ၊ အကြပ်ကိုင်တာ၊ ဓားစာခံထားတာ၊ ချောင်ပိတ်တာ၊ ဖြတ်တောက်ပိတ်ဆို့တာတွေနဲ့ မြေလှန်ပစ်တာတွေကို စစ်မက်ဒေသတွေမှာ ဆောင်ရွက်နေပါတယ်။ စစ်ကောင်စီ၏ လက်နက်ကိုင်လက်ပါးစေတွေ အားလုံးကလဲ ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ဖို့ လက်မရွဲဲံံကြဘူးဆိုတာ သက်သေတွေ မြင်နေကြရပါတယ်။ စစ်ကောင်စီက သူ့ကို ဆန့်ကျင်သူမှန်သမျှကို သက်ညှာနေမှာ မဟုတ်ဘူးဆိုတာလဲ ပြသပြီး ဖြစ်ပါတယ်။

အဲသည်လိုပဲ နိုင်ငံရေးစစ်မျက်နှာမှာ စစ်ကောင်စီက အတိုက်အခံဟူသမျှကို အချိန်ဆွဲတာ၊ အကြပ်ကိုင်တာ၊ ဓားစာခံထားတာတွေ လုပ်တာအပြင် ချောင်ပိတ်တာ ဖြတ်တောက်ပိတ်ဆို့တာတွေကိုလည်း စစ်အုပ်စုက ကျွမ်းကျင်စွာ အသုံးချတယ် လို့ ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပြည်တွင်းမြေပေါ်မှာ ရပ်တည်နေကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ အင်အားတွေကိုသာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ အချိန်ဆွဲ အကြပ်ကိုင် ဓားစာခံထားပြီးတော့ တဆင့်ချင်း အကြပ်ကိုင် ပိတ်ဆို့တာတွေ လုပ်ဆောင်နေရာက အခုတော့ အားလုံးစောင့်ကြည့်နေတဲ့ နိုင်ငံရေးပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချလိုက်ပါပြီ။ နိုင်ငံရေးနည်းနဲ့ စေ့စပ်ဆွေးနွေး အဖြေရှာရေး မိတ်ဆွေဖွဲ့ရေး ဆိုတာကို မြေလှန်လိုက်ပြီလို့ ပြောနိုင်ပါတယ်။

တနည်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင်ဖျက်သိမ်းပစ်လိုက်တာအပြင် မြေပေါ်မှာ ရပ်တည်နေတဲ့ နိုင်ငံရေးအင်အားစုတွေ ခေါင်းဆောင်တွေ အားလုံးကိုလည်း စစ်အုပ်စုအနေနဲ့ သူတို့လက်ခုပ်ထဲက ရေလို ကြိုက်သလို လုပ်ပစ်နိုင်တယ်ဆိုတာ ထင်ထင်ရှားရှား သက်သေပြလိုက်တာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့သည်လို လုပ်ရပ်ကို မြန်မာပြည်တွင်းမှာ လူထုဒေါ်အမာ၊ လူထုစိန်ဝင်း နဲ့ ဟံသာ၀တီဦးဝင်းတင်တို့သာ သက်ရှိထင်ရှားရှိနေသေးရင် သူတို့ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ကြမှာ ဖြစ်ပါတယ်။ ယခုကတော့ ခေါင်းဆောင်ရယ်လို့ ထင်ထင်ရှားရှား လက်ညိုးထိုးမပြနိုင်တဲ့ NLD ပါတီက ပြင်းထန်တဲ့ တုန့်ပြန်မှု မလုပ်နိုင်သေးပါဘူး။ 

ရပ်ကွက်ထဲမှာ ဘယ်သူမှ ထိန်းသိမ်းလို့ မရတဲ့ လူမိုက် လမ်းပေါ်ထွက် ရမ်းကားနေချိန်မှာ လူကြီးတွေသာမက ကလေးတွေကော ခွေးတွေကို ကိုယ့်နေရာမှာ ကိုယ် ငြိမ်ငြိမ်လေး နေထိုင်နေကြတဲ့ ပုံသဏ္ဍာန်နဲ့ တူနေပါတယ်။ မြန်မာပြည်က မြေပေါ်လှုပ်ရှားမှုများ အင်အားစုများ ခေါင်းဆောင်များကိုယ်တိုင် သည်အချိန်မှာ မီးစင်ကြည့်က နေရသလို အခြေအနေကို စောင့်ကြည့်နေကြရတဲ့ ပုံစံပါ။ စားဝတ်နေရေးအတွက် စစ်အုပ်စု မျက်စိအောက်မှာ လှုပ်ရှားရုန်းကန်နေရသူ ပြည်သူလူထုတွေ ကိုယ်တိုင်ကလည်း မခံချင်စိတ်တွေကို မြိုသိပ်ပြီး ရင်ဆိုင်နေကြရုံသာ ရှိပါတယ်။ ပြည်တွင်းမှာ တရားဝင် ပုံနှိပ်ထုတ်ဝေနေကြတဲ့ ပုဂ္ဂလိက စာစောင်များကိုယ်တိုင်ကလည်း နွေဦးတော်လှန်ရေးနဲ့ စစ်ကောင်စီ၏ ကျုးလွန်နေမှုများကို တိုက်ရိုက် ဖော်ပြခြင်း မရှိဘဲ မိမိဘာသာ ဆင်ဆာလုပ်ထားမှသာ ဆက်လက်လည်ပတ်နိုင်မှာ ဖြစ်တာကို ကောင်းကောင်း သိထားကြပုံပါပဲ။ စစ်ကောင်စီလက်အောက်မှာ တရားဥပဒေနဲ့ တရားမျှတမှု မရှိတော့တဲ့နောက် စစ်ကောင်စီ၏ လက်နက်ကိုင်တွေအောက်က လက်နက်မဲ့ပြည်သူတွေနဲ့  တက်ကြွလှုပ်ရှားသူ အင်အားစုတွေ အတွက် ဘာမှ အာမခံချက် မရှိဘူးလို့ ဆိုနိုင်ပါတယ်။

ဇွန် ၂၂ က မြန်မာပြည်သူတွေအတွက် လမ်းခွဲတခု ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးထိပ်တင်ပြီး စစ်အုပ်စုနဲဲ့ စေ့စပ်ညှိနှိုင်းရေး၊ နိုင်ငံရေးမျက်နှာစာမှာ စစ်အုပ်စုကို တဆင့်ချင်း ကန့်သတ်နိုင်ရေးလမ်းစဉ်ကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကို စစ်အုပ်စုက ပြတ်ပြတ်သားသား ဖယ်ရှားလိုက်ပါပြီ။ စစ်အုပ်စုက ဒါးဒါးချင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရေး အလုံးစုံပျက်သုဉ်းရေးလမ်းကို မမှိတ်မသုံ လျောက်လှမ်းနေချိန်မှာ မိမိတို့အနေနဲ့ စစ်အာဏာရှင်စနစ်ကို အလုံးစုံဖျက်သိမ်းရေး၊ လက်နက်ဖြင့် ခုခံကာကွယ် တွန်းလှန်ရေး၊ မိမိတို့တိုင်းပြည်မပြိုကွဲအောင် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးကို ဆက်လက်တိုးချဲ့ အရှိန်အဟုန် မြင့်ကြမည်လား၊ သို့မဟုတ် စစ်အုပ်စုကို မလွန်ဆန်ဘဲ ငြိမ်ဝပ်ပိပြားစွာ နေထိုင်ပြီး စစ်အာဏာရှင်ပေးတဲ့ ကျားသနားမှ နွားချမ်းသာတဲ့ စစ်ဒီမိုကရေစီအမိုးအကာအောက်မှာဘဲ ရသလောက်လေး တိုးဝှေ့နေထိုင်ကြမလားကို ရွေးချယ်ဖို့ လမ်းခွဲ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar