မြန်မာနွေဦး ခရိုနီကယ် - ဇွန် (၃) မြင်ကွင်း
(မိုးမခ) ဇွန် ၄၊ ၂၀၂၂
ဦးဂျင်မီ နဲ့ ဦးဇေယျာသော် တို့ကိုချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုတဲ့ ဂယက်
ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေကို စီမံခန့်ခွဲတာ လက်နက် နဲ့ ငွေကြေး ထောက်ပံ့ပြီး စီစဥ်စေခိုင်းခဲ့တာ သိမ်းဆည်းထားတဲ့ လက်နက်တွေ အများအပြား ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မတွေ အပါအဝင် အခြားသောပုဒ်မတွေ နဲ့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဦးဇေယျာသော်နဲ့ ဦးဂျင်မီတို့ကို သေဒဏ် အမိန့်နဲ့ ပတ်သက်လို့ ပြင်ဆင်ချက် ပယ်ချခံခဲ့ရပြီး သေဒဏ်ပေးတော့မယ် ဆိုတဲ့ သတင်းတွေ ဒီနေ့ ထွက်ပေါ်လာပါတယ်။
စစ်ခုံရုံးက စီရင်တဲ့အမှုတွေမှာ အယူခံမရှိပဲ စကစရဲ့ ဦးစီးချုပ်ကို အယူခံအတွက် လျှောက်ထားတဲ့ လုပ်ထုံးလုပ်နည်းသာရှိပြီး အရပ်ဘက် တရားစီရင်ရေးမှာလို တရားရုံးအဆင့်ဆင့် အယူခံမျိုးမရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။
တချို့ကတော့ ဒီသတင်းထွက်ပေါ်လာပြီးနောက် တကယ် သေဒဏ်ပေးလို့မရဘူးဆိုတဲ့ ယူဆချက် ၁၉၉၀ ခုနှစ် နဲ့ ၂၀၁၀ ခုနှစ်တို့မှာ သေဒဏ်နဲ့ပတ်သက်တဲ့ ဂျီနီဗာ သဘောတူညီချက်လိုမျိုး ၊ Rome သဘောတူညီချက်လိုမျိုးမှာ လက်မှတ်ထိုးထား သေဒဏ်ချမှတ်ပေမယ့် တကယ် သေဒဏ်စီရင်ခြင်းမပြုဘူးလို့ ကတိပေး ထားတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေလည်း ပေါ်ထွက်နေတာ တွေ့ရပါတယ်။
အချို့ကတော့ ဒါဟာ နိုင်ငံတကာကို စျေးဆစ်ချင်တာကြောင့် လုပ်ဆောင်တာမျိုးဖြစ်နိုင်ပြီး မကြာခင်သီတင်းပတ်တွေမှာ မြန်မာနိုင်ငံလာရောက်မယ့် အာဆီယံ ကိုယ်စားလှယ်၊ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တို့ လိုမျိုးက ကြားဝင် မေတ္တာရပ်ခံတာကြောင့် သေဒဏ်ကို ပယ်ဖျက်ပေးလိုက်တာမျိုးကို လုပ်ဆောင်နိုင်ခြေရှိတယ်ဆိုတဲ့ မှန်းဆမှုတွေ လည်းရှိနေကြောင်း ကြားသိနေရပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ သေဒဏ်ချမှတ်ပြီးနောက် အသနားခံစာ တင်ခဲ့တယ် အဲဒီအသနားခံစာကို ပယ်ချခဲ့ပြီးဖြစ်လို့ တခြားဥပဒေပိုင်းဆိုင်ရာ ဘာအဆင့်မှ မကျန်ရှိတော့ပဲ အကျဥ်းထောင်ဘက်က လုပ်ဆောင်ရမယ့် အဆင့်တွေပဲ ရှိတော့တယ်လို့ သတင်းဌာနတချို့ကို ပြောဆိုထားတာတွေ့ရပါတယ်။
အကယ်၍ အဲဒီပြောဆိုမှုအတိုင်းသာဆိုခဲ့ရင် သေဒဏ်စီရင်မယ့် ရက်တွေက ရေတွက်လို့ရတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။
သေဒဏ်ချမှတ်ခံရတဲ့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေ အဖို့စိတ်ထိခိုက်စရာ စိတ်ပိုင်းဆိုင်ရာ အရအကြီးမားဆုံး ထိုးနှက်ချက်သဖွယ် ဖြစ်နိုင်ပါတယ်။ အခုလို သေဒဏ်စီရင်ချက်အတည်ပြုခံရသူ ၄ ဦးအနက် လူသိများဆုံး နိုင်ငံရေးခေါင်းဆောင်၂ ဦးနဲ့အတူ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ သတင်းပေး (ဒလန်) ရှင်းလင်းရေး အနေနဲ့ ကျောင်းဆရာမ တဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ လှိုင်သာယာမြို့နယ်က ၂ ဦးလည်းပါဝင်တာ ဖြစ်ပါတယ်။
အခုလို ထင်ရှားတဲ့ နိုင်ငံရေးသမား ၂ ဦးရဲ့ သေဒဏ်စီရင်ချက်ကို အတည်ပြုလိုက်ခြင်းဟာ ဘာရည်ရွယ်ချက်လဲဆိုတာကို ခန့်မှန်းကြည့်တဲ့အခါ ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်း စစ်တပ်ထောက်ခံသူ ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကြံ့ခိုင်ရေးပါတီဝင်တွေ သတင်းပေးတွေ ကို ဒလန်ရှင်းလင်းရေး ခေါင်းစဥ်အောက်ကနေ လုပ်ကြံသတ်ဖြတ်ခံနေရတာတွေကြောင့် စစ်ကောင်စီ ထောက်ခံသူတွေဘက်က မကျေနပ်မှုကို နှစ်သိမ့်စေလိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်နိုင်သလို အခြားတဖက်မှာတော့ PDF လှုပ်ရှားမှုမှာ စီစဥ်ပါဝင်သူ၊ ဒလန်ရှင်းလင်းရေးမှာ ကိုယ်ထိလက်ရောက်ပါဝင်သူတွေကို လက်တွေ့ သေဒဏ်အပြစ်ပေးတယ်ဆိုတဲ့ သတင်းစကားကို ပါးချင်တာကြောင့်လို့လည်း ကောက်ချက်ချနိုင်မယ်လို့ ထင်ပါတယ်။
စစ်ကောင်စီ ထောက်ခံသူတွေရဲ့ ဆိုရှယ်မီဒီယာ ရေးသားမှုတွေမှာ လက်ရှိ စကစခေါင်းဆောင်ရဲ့ စီမံခန့်ခွဲမှုကို အားမရ ပျော့လွန်းတယ်လို့ ဝေဖန်ချက်တွေ အများအပြားတွေ့ရသလို ဖမ်းဆီးခံထားရသူတွေကို လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးတာတွေကို မနှစ်သက်တဲ့ ဝေဖန်မှုတွေ စစ်တပ်ထောက်ခံသူတွေ နေ့စဥ် လုပ်ကြံသတ်ဖြတ်ခံရမှုကို ကာကွယ်မပေးနိုင်တာတွေကို မကျေနပ်အားမရ ဖြစ်တဲ့ သဘောထားတွေ အများအပြားတွေ့ရတာကြောင့် အခုလို သေဒဏ်စီရင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အဲဒီထောက်ခံသူတွေကို ကျေနပ်အောင် လုပ်ဆောင်တဲ့ လုပ်ရပ်တခုလည်း ဖြစ်နိုင်ပါတယ်။
ဒီလို လက်တွေ့ သေဒဏ်စီရင်အပြစ်ပေးတယ်ဆိုတဲ့ အကျိုးဆက်က ဘာတွေဖြစ်နိုင်သလဲလို့ မှန်းဆကြည့်တဲ့အခါ စစ်အာဏာရှင် ဆန့်ကျင်ရေးလက်နက်ကိုင် တိုက်နေသူတွေ မြို့ပြပြောက်ကျားတွေ အနေနဲ့ ပိုပြီး ရန်/ငါ စည်းပြတ်စေနိုင်ပါတယ်။ ပိုမိုပြတ်ပြတ်သားသား လုပ်ဆောင်လာတာတွေ လည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
တဖက်မှာတော့ အကျိုးဆက်အနေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်စေပြီး တိုက်ပွဲအရှိန်ပိုပြင်းထန်လာနိုင်ပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေးတိုက်ပွဲတွေ အတွက် စည်းရုံးမှု ပိုအားကောင်းလာနိုင်ပါတယ်။ စစ်ကောင်စီကို အပြုတ်တိုက်ဖို့ သံဓိဌါန်ပိုခိုင်မာလာစေနိုင်ပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ လက်ရှိရှိနေတဲ့ အနေအထားထက် ပိုပြီးနာမည်ဆိုးအဖြစ်နဲ့ သတ်မှတ်ခံရမယ့် အလားအလာလည်း ရှိပါတယ်။ သံတမန်မျက်နှာစာမှာ ထပ်ပြီးဖိအားတခုတိုးလာနိုင်တာဖြစ်ပါတယ်။ သေဒဏ်စီရင်မှုကို မပယ်ဖျက်ထားတဲ့နိုင်ငံတွေ ကမ္ဘာ့နိုင်ငံတွေမှာ အများအပြားရှိနေကြပေမယ့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သူတွေကို သေဒဏ်စီရင်တာမျိုးက နည်းပါးလွန်းတာ ဖြစ်ပါတယ်။ အခုဖြစ်ရပ်မှာ မြို့ပေါ် ပြောက်ကျား PDF တွေကို ငွေကြေးထောက်ပံ့ လက်နက်ထောက်ပံ့ စီစဥ်ညွှန်ကြားတယ်လို့ စွပ်စွဲထားပေမယ့်လည်း လက်တွေ့မှာ နိုင်ငံရေးအမှုသာ ဖြစ်တယ်လို့ အများက နားလည်မှတ်ယူကြတာလည်း ဖြစ်ပါတယ်။
နိုင်ငံရေး သမားတွေကို သေဒဏ်ပေးတဲ့ လုပ်ရပ်ဟာ စစ်ကောင်စီအတွက် နောက်ထပ်နိုင်ငံတကာဖိအား ကမ္ဘာ့အလယ်မှာ ရှုတ်ချစရာတခုထပ်တိုးလာမယ့် အနေအထားလည်း ဖြစ်ပါလိမ့်မယ်။
အခြားရှုထောင့်တခု၊ စဥ်းစားစရာရှုထောင့်တခုကတော့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး အရေးတော်ပုံမှာ နေ့စဥ် လူဆယ်ဂဏန်းနဲ့ အသက်ဆုံးရှုံးကြရတာတွေ ဖြစ်ပျက်နေတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ် စစ်ကိုင်းတိုင်း မကွေးတိုင်းတို့မှာ အရပ်သားတွေ ၊ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ၊ ထောက်ခံအားပေးသူတွေ ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးနေကြရတာလည်း ဖြစ်ပါတယ်။
လူ့အသက်တချောင်းတိုင်းက တန်ဖိုးခြင်း အတူတူဖြစ်တာမို့ နေ့စဥ် အသက်ဆုံးရှုံးကြရတဲ့အဖြစ်အပျက်တွေကိုလည်း လျစ်လျူမရှုသင့်ပဲ အခု သေဒဏ်စီရင်မှု အရေးလိုပဲ အရေးတကြီးထား ထည့်သွင်းစဥ်းစား အဖြေရှာကြဖို့ လျော့ပါးအောင် လုပ်ဖို့လိုတယ်ဆိုတဲ့ ရှုထောင့် စဥ်းစားမှုပဲ ဖြစ်ပါတယ်။
နိုင်ငံရေးအရ စစ်ရေးအရ ခေါင်းဆောင်တွေ ဖြစ်လို့ အရေးပါတာ မှန်ပေမယ့်လည်း အညတြတွေ ထောက်ခံသူအများအပြားဟာ နေ့စဥ်နေ့တိုင်း အသက်စွန့်လွှတ်ပြီး ခုခံတိုက်ခိုက်ရင်း ထောက်ခံအားပေးရင်း အသက်ဆုံးရှုံးနေကြရတာလည်း မမေ့ဖို့ လိုအပ်တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar