လွင် (ဘော်တွင်း) - ပြာရောင်းရန် ရှိသည်
ပြာရောင်းရန် ရှိသည်
လွင် (ဘော်တွင်း)
(မိုးမခ) ဇွန် ၁၅၊ ၂၀၂၂
“လက်စွဲမီးစက်အပျက်ဝယ်တယ်။ ဝါယာကြိုးအဟောင်းဝယ်တယ်။ သံတိုသံစဝယ်တယ်။ ဒန်ဝယ်တယ်။ ကြေးဝယ်တယ်။ ဖုန်းအပျက်ဝယ်တယ်။ မီးအားမြှင့်စက်အပျက်ဝယ်တယ်။ ဘက်ထရီအိုးအပျက်ဝယ်တယ်။ ဆိုင်ကယ်အပျက်ဝယ်တယ်။ အဲယားကွန်းအပျက်ဝယ်တယ်၊ မော်တာအပျက်ဝယ်တယ်”
“ အဲ့ဒီအသည်တွေရွာဘက်ကိုများလာကြသေးလားမသိ၊ လာရင်တော့အဲဒီသွပ်တိုသွပ်စသံတိုသံစတွေရတဲ့ဈေးနဲ့ သာရောင်းထုတ်ရမှာပါ့။ အဲလေ၊ သွပ်တိုသွပ်စတွေက စည်းရိုးလေးလုပ်ထားဦးမှပါ့။ ဒါမှ ဟိုလူဒီလူမဝင်မှာ။ မောင်စဆုံးတုန်းက ငါပြန်သွားလိုက်ရရင် ပစ္စည်းပစ္စယလေးသိမ်းမိဆည်းမိဦးမှာ၊ ခုတော့ ဘာမှလဲ မသိမ်းလိုက်ရ။ ကစိုးမောင်လုပ်ထားခဲ့တာတွေခုတော့ ဘာမှမရှိတော့ဘူးပအေ။ ဟိုဟာလေးစပ်စပ်၊ ဒီဟာလေးစပ်စပ်နဲ့ ရှိုရှိုရှာရှာကလေးတွေ သူကမှ လုပ်တတ်တာအေ့။ သူဆုံးပြီးတော့လဲ မောင်စကအဲသလိုလေးတွေလုပ်လေ့ရှိလို့ တော်သေးအောက်မေ့နေတာ၊ ခုတော့ မောင်စလဲ မရှိတော့၊ အိမ်လဲ မရှိတော့ဘူးပအေ ”
အသံစူးစူးဖြင့် ထပ်ကာထပ်ကာပေါ်ထွက်လာနေသောဟွန်းစပီကာသံကိုနားထောင်ရင်းလေးလေးကခပ်ဖြည်းဖြည်းဆိုသည်။ ကလေးများဆော့ကစားသည့် အသံ၊ လမ်းပေါ်မှ တကြော်ကြော်အော်သွားကြသောဈေး သည်တို့၏ အသံကြားမှ လေးလေး၏ခပ်ဝဲဝဲစကားသံကိုနားလည်အောင် အားစိုက်၍ နားထောင်ရသည်။ သစ်ရွက်တို့ပင်တုတ်တုတ်မလှုပ်အောင် ငြိမ်သက်လှသောလေထုကြောင့် တိုက်ခန်းအတွင်း ပိုမိုမွန်းကျပ်နေသည်။
လေးလေးသည် သမီးအစီမဖွင့်ပြနေသောလူမှုမီဒီယာပေါ်မှ မီးလောင်ပြင် ဓာတ်ပုံများကိုကြည့်နေသော်လည်းမြင်ဟန်မတူ။ ခင်ပွန်းသည်နှင့်အတူတည်ထောင်ခဲ့သော၊ ခင်ပွန်းသည်ခေါင်းချသွားခဲ့သော၊ မကြာခင်ကမှ သားကြီးမောင်စအတွက် ရက်လည်ကျင်းပခဲ့ရသောအိမ်ကိုသာ မြင်ယောင်နေဟန်ပင်။
“ဘုရားက အဲဒီတုန်းကကိုသုံးထောင့်ငါးရာပေးရတယ်၊ ရှေးဘုရား၊ စတိုက် ကလေးနဲ့ (ဘုရားကျောင်းဆောင်)၊ ဘိုးဆီကအမွေရတဲ့ အခင်းကွက်ကိုရောင်းပြီးတော့ ပူဇော်ထားတာ၊ မီးကွင်းဘုရားတဲ့။ မြို့မှာနေတုန်းကတော့ မီးကွင်းသား။ ခု၊ ရွာမတော့ ဘုရားလဲမီးမကွင်းနိုင်တော့ဘူးပ”
“ကစိုးမောင်လုပ်ထားတာတွေလေ။ ဘီရိုတွေရော၊ မှန်တင်ခုံတွေရော၊ ခုံတန်းလျားတွေဆိုတာ။ တလောကမင့်အစ်ကိုကျော်မင်းလာတုန်းကယိုင်ရွဲ့နေတာတွေကို ပြန်ရိုက်ပေးထားခဲ့တာ။ ခုတော့ ဘာမှမကျန်ဘူးပါ့”
သစ်ရွက်တို့ လှုပ်ရှားစပြုလာသည်။ မိုးရနံ့ပါသောလေပြင်းသည်တိုက်တန်းရှေ့ လမ်းပေါ်ရှိခရေပင်ကြီးများမှ ခရေရွက်များအကြားအတင်းအဓမ္မတိုးဝင် တွန်းထိုးသွားသည်။ လုပ်လီလုပ်လဲ့ ခရေပွင့်များသည် မိခင်အပင်ကြီးကိုမြဲစွာတွယ်ကပ်မထားနိုင်တော့ပဲ အောက်ခြေကွန်ကရစ်လမ်းပေါ်သို့ တဖြုတ်ဖြုတ် ကြွေဆင်းသွားကြလေသည်။ ကြွပ်ကြွပ်အိတ်ကိုယ်စီကိုင်ထားသောကိုးနှစ် ဆယ်နှစ်ဝန်းကျင် ကလေးနှစ်ယောက်ကခရေပွင့်ကြွေတို့ကို ကမန်းကတမ်းလိုက်ကောက်ကြသည်။ လေးလေးသည် တိုက်ခန်း၏အပြင်ဘက်သို့ လှမ်းကြည့်သယောင်ပြုကာ မျက်နှာကိုတဖက်လှည့်ရင်း မျက်ရည်စကိုခိုးသုတ်လေသည်။ နှုတ်ကလည်း မိုးတွေလာပဟေ့၊ ကလေးအဝတ်တွေ ရုပ်ကြဦးဟုအော်လိုက်သေးသည်။
“ဒီကလေးဆယ့်ရှစ်ရက်သားကတည်းကရွာမှာနေမရတော့တာ။ ခုဆယ်လထဲရောက်ပေါ့။ ငတို့လဲ ဟိုပြေးဒီပြေးနဲ့ဟာ။ ဘာပါမှာတုန်းအေ။ တနိုင် သယ်ခဲ့ရတာပ။ အဝတ်ကလေးသုံးလေးစုံလောက်စီလောက်နဲ့မြို့ကိုရောက်၊ အခုရန်ကုန်ရောက်ခဲ့တာပ။ ငတို့ရွာဒီလိုကြီးမီးရှို့ခံရလိမ့်မယ်လို့ ဘယ်ထင်မှာတုန်း။ အမြော်အမြင်မရှိတာပလေ။ မောင်စကတော့ ပြောသား၊ စစ်မြေပြင်ဖြစ်မှာ၊ စစ်မြေပြင်ဖြစ်မှာနဲ့”
မိုးတိမ်များတရိပ်ရိပ်တက်လာ၍ ဝန်းကျင်သည် အမှောင်ရိပ်ကဲသွားလေသည်။ မီးမလာသောကြောင့် နဂိုခပ်မှောင်မှောင်ဖြစ်နေသောအခန်းသည်ပို၍ မှောင်မိုက်သွားသည်။ အပြင်ဘက်တွင် မိုးရိပ်ဆင်လာနေသော်လည်းတိုက်ခန်းအတွင်း၌ကားပူလောင်အိုက်စပ်မြဲ။ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်နေသောမြေးကိုကောက်ချီပြီးပေါင်ပေါ်တင်ထားလိုက်ကာလေးလေးကစကားဆက်သည်။
“အဲဒီစည်းရိုးလေးကမောင်စလုပ်ထားခဲ့တာပ။ အိမ်မှာလက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုတော့ လှလှပပလေးဖြစ်အောင် ဆိုပြီးလုပ်ခဲ့တာ။ ဒါလေးပဲအမှတ်တရကျန်တော့တာပညယ်။ အဲဒီနားကပ်ရက်က သပြေပင်၊ သေပြီနေမှာပါ့။ ဟိုအနောက်ဘက်ကဝါးရုံတွေတောင် အရွက်တွေခြောက်ကုန်မင့်ဟာ။ ဒီနားစဉ့်အိုးလေးတွေသုံးလုံးတန်းထားတာ။ အဲ့တလုံးကျန်တာပ။ ကစိုးမောင်ဓာတ်ပုံ၊ အဘိုးအဘွားပုံတွေ၊ သူတို့တွေငယ်ငယ်ကပုံတွေဆိုတာဘယ်..သယ်လာရကောင်းမှန်းဘယ်သိမှာလဲကွယ်”
“မိသောင်းကတော့ သူ့အဖေအမေအဘိုးအဘွားပုံလေးတွေထည့်လာသတဲ့ အေ့။ သူကမှ သတိရသေး။ ငါတို့မှာမသိတတ်ပေါင်။ သိလဲ ငါတို့ကမြို့မှာတလလောက် နေပြီးမှ ရန်ကုန်တန်းလာခဲ့ရတာကလား။ အိမ်မှ မပြန်ခဲ့နိုင်ပဲနဲ့။ ဟိုကောင်မအစီမကိုရသလောက်သိမ်းခဲ့ပါဆိုမှ၊ သူကလဲ ဘာမှ မပါဘူး။ မပါဆိုလူရောက်လာတာပဲတော်သေးလို့ပြောရမဲ့အခြေကိုး။ ခုတော့ ပြန်စရာတောင် မရှိတော့ဘူး ”
လေးလေး၏ အသံသည် ပြောနေရင်းမှာပဲတိုးတိမ် သွားသည်။ အုပ်ဆိုင်းနေသောမိုးတိမ်များမှမိုးစက်မိုးပေါက်များဝေါခနဲသွန်ကျလာသည်။ ဟဲ့ဟဲ့၊ ရွာပဟဲ့၊ အေ၊ ကလေးအဝတ်တွေ ရုပ်ကြပါဆိုကုန်အောင်မရုပ်ကြဘူးနော၊ ဟုအော်လိုက်ရင်းလေးလေးသည် မျက်နှာကိုလက်ဖမိုးဖြင့် ပွတ်သပ်လိုက် ပြန်သည်။
“ ခုတင်ကခြောက်လုံးမှာပွတ်လုံးတွေနဲ့ ရှေးခုတင်ကြီးကသုံးလုံး။ ဈေးရောင်းတုန်းကလုပ်ထားတဲ့ မှန်ကောင် တာ (ရှိုးကေ့စ်) တင် ငါးလုံးအေ၊ ခုနေဘယ်လုပ်နိုင်တော့မှာလဲ။ ဘီရိုကသုံးလုံးရှိတာ။ အဲ့ထဲမှာစောင်တွေခေါက်ထည့်ထားခဲ့တာ။ ဘာကျန်တော့လို့တုန်း။ ကြောင်အိမ်ကြီးထဲမလဲပန်းကန်တွေထည့်ထားခဲ့တာ။ အထပ်လိုက် ကွဲလို့တဲ့။ တခုမှ မရဘူးတဲ့။ နောက်ဘက်မှာသူတို့ အဖိုးနာမည်ရေးထားတဲ့ ရှေးပန်းကန်ပြားကြီးတွေလေးငါးခြောက်ချပ်၊ တလျောက်လုံးသိမ်းထားခဲ့တာ၊ခုတော့ အစသပ်ပေါ့ ”
“အဲဒီမိုးတိုးမတ်တပ်ကကတ္တားကြီး၊ ကြံသကာတွေဝယ်တုန်းက သုံးတာ၊ သူ့ဘေးမှာအလေးတွေစီထပ်ထားတာ။ အဲ့အလေးတွေတော့ ပြန်ရကောင်းပါရဲ့နော့။ ဒါကမီးစက်ရေစည်၊ မီးစက်ကြီးထဲဆီတဂါလံလောက်ထည့်ထားတာ၊ ပိုပြီးလောင်ကောင်းအောင် လုပ်သလိုပညယ်။ ဟိုရှေ့ကသောက်ရေကန်၊ ရေတွင်းကုန်းဘက်တော့ လွတ်တာပ။ အိမ်ကတော့ တိုင်ကလေးတောင် ထိုးထိုးထောင်ထောင် မကျန်ဘူးပအေ။ သွပ်တွေလဲအကုန်ကျေကုန်တာ။ ကြာပြီးမို့လို့ထင်ပါရဲ့။ ဟိုးတုန်းကသွပ်အထူစားကြီးတွေကို။ ခုတော့ကြည့်စမ်းဦး၊ တခုမှ အကောင်းမရှိဘူး ”
“နှမြောတာပ..၊ လက်ဖက်ရည်ဆိုင်ဖွင့်တုန်းကဝယ်ထားတဲ့ အိုးကြီးတွေ၊ ဒယ်ကြီးတွေ၊ တော်ရုံအစုအမှုဆိုဘယ်ကမှ ငှားစရာမလိုအောင် အိုးခွက်ပန်းကန် အစုံအလင် ဝယ်စုထားတာ။ ခုနေဘယ်ဝယ်နိုင်တော့မှာတုန်း။ အဲဒါ ခုနေများပြန်လို့ရရင် ပြန်သွားပြီးကြည့်ချင်သေးရဲ့။ ဟဲ့၊ အဲဒီစဉ့်အိုးလေးသေသေချာချာသိမ်းထားပါလို့ ဟိုကောင်မကိုပြောစမ်းအေ။ ချိုးရေထည့်တဲ့ အင်တုံတွေလဲအကုန်ကွဲပေါ့။ ခုနေခါဝယ်ရရင် တသောင်းခွဲနှစ်သောင်းပေးရမှာ ”
“ဆက်တီခုံကတော့ သိပ်မကောင်းတော့ဘူးဆိုပေမဲ့ ကစိုးမောင်လူကြီးလုပ်တုန်းကရတဲ့ ငွေလေးလေးရာ့ငါးဆယ်နဲ့ ဝယ်ထားတာ။ ငါ့နှယ် မောင်စဆုံးတုန်းကပြန်လိုက်ရမှာ။ ဒါဆိုနည်းနည်းပါးပါးသိမ်းမိဦးမှာ။ ခုလောင်သွားတော့ ဘာဆိုဘာမှကိုမကျန်တော့ဘူး"
ရွာနေသောမိုးသည် သည်း၍ သည်း၍လာသည်။ မိုးစက်မိုးပေါက်တို့၏ ပြင်းထန်သောရိုက်ခတ်မှုကြောင့် ခရေ ပွင့်များတဖြုတ်ဖြုတ် ကြွေကြပြန်သည်။ သွပ်မိုးပေါ်မိုးစက်ကျသံတဗြောင်းဗြောင်းကြောင့် စကားသံကိုကောင်းစွာမကြားရတော့။ လေးလေးပေါင်ပေါ်ရှိမြေးကလေးသည် မိုးသံကိုကြောက်လန့်၍ ဘွားအေရင်ခွင်ထဲသို့တိုးဝင်ကာ မျက်လုံးအဝိုင်းသားနှင့် ငြိမ်သက်နေလေသည်။ ဖျတ်ခနဲလင်းလာသောလျှပ်စစ်မီးရောင်ကြောင့် ခပ်မှောင်မှောင်အခန်းသည် လင်းထိန်သွားသည်။ ဟေးခနဲအော်လိုက်ကြသောအသံများသည်မိုးသံများကြားကပင် အခန်းတွင်းသို့ တိုးတိုးဝှေ့ဝှေ့ဝင်ရောက်လာလေသည်။
ဟဲ့ မီးလေးလာတုန်းထမင်းအိုးတည်လိုက်ကြဦးနော့ဟုအော်လိုက်ကာလေးလေးသည် လေသံကို မြှင့်၍ ပြတ်သွားသောစကားကိုဆက်ပြန်သည်။
“တချို့ကတော့ အခြေအနေတွေမကောင်း၊ ဒီလို့ ရုတ်ရုတ် ရက်ရက်တွေဖြစ်ကတည်းက တောထဲရွှေ့ထားကြတာ။ အခင်းစောင့်တဲကိုပြင်ဆောက်ကြပြီး အဲဒီကိုနည်းနည်းချင်းနည်းနည်းချင်းရွှေ့ကြတာပ..။ ငတို့ကတော့ ရွှေ့စရာလဲမရှိဘူး။ ရွှေ့ပေးမဲ့သူလဲ မရှိဘူးပညယ်.”
“အဲဒီတိုင်အမြင့်ကြီးတွေကစပါးတိုက်တွေပ။ စပါးတွေရသလောက်တော့ပြန်ကျုံးကြသတဲ့။ ဘာကောင်းတော့မှာလဲအေ။ စားစရာလေးမှ ရရဆိုပြီး ကျုံးကြရတာနေမှာပ။ အဲဒီမှာသစ်တုံးတွေလောင်ထားတာ၊ ခေါဆီများရှိရင် ကင်စားလို့ကောင်းလိုက်မှာ၊ ကောင်းလိုက်တဲ့ မီးကျီးတွေတဲ့အေ။ ပြောပြီးရယ်နေကြသေးတာ။ အဲ့ဒီမယ်လေ၊ အိမ်အပင်ကသရက်သီးတွေလဲမဲလို့တဲ့။ မီးသွေးဖြစ်ကုန်တာ ”
“မိသေးတို့မတော့ ဒီဘက်ရွာကသမီးအိမ်လဲပါ။ ဟိုဘက်ရွာကဖအေအိမ်လဲ ပါသွားတော့ နေစရာကိုမရှိတော့ဘူး။ အဲဒီမီးလောင်ပြင်ပေါ်ပဲတဲလေးထိုးနေကြမယ်ပြောတာပဲ။ တခြားသွားစရာမှ မရှိတာကိုး ”
ပြောရင်းနှင့် ရင်မောလာပုံရသောလေးလေးသည် သက်ပြင်းရှည်ကြီးတချက်ကို ဟူးခနဲချလိုက်စဉ်မှာပင်
တက်ဘလက်အပျက်ဝယ်တယ်၊ လက်တော့အပျက်ဝယ်တယ်၊ ဖုန်းအစုတ်တွေဝယ်တယ်၊ အင်ဗာတာအပျက်ဝယ်တယ်၊ ရေခဲသေတ္တာအပျက်ဝယ်တယ်၊ အဝတ်လျော်စက်အပျက်ဝယ်တယ်၊ ကော်ဝယ်တယ်၊ ဒန်ဝယ်တယ်၊ သံတိုသံစတွေဝယ်တယ်…. ဟူသောဟွန်းစပီကာသံသည် မိုးသံကိုကျော်လွန်၍ ခုန်ပျံတက်လာလေရာ
....
“ရော်- ဒီအသည်ကလဲ မိုးရွာကြီးထဲတောင် လာနေတာပဲနော့၊ ရွာဘက်သာသွားစမ်းပါတော့ညယ် ”ဟုညည်းတွားသံဖြင့် ဆိုလိုက်လေတော့သည်။
လွင် (ဘော်တွင်း)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar