Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၄ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၄ မြင်ကွင်း

(မိုးမခ) ဇွန် ၁၅၊ ၂၀၂၂


မိသားစုဝင်တွေ ပါ ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်လာကြတဲ့ အစဥ်အလာ 

ခုရက်ပိုင်းအတွင်း မန္တလေးမြို့က တိမ်းရှောင်နေတဲ့ အမျိုးသမီးရှေ့နေ တဦးမိမိကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးခံရမယ့် အန္တရာယ်ကို တိမ်းရှောင်နေစဥ်မှာ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးသွားတဲ့ သတင်းကိုသိရပြီးနောက်မှာ ပိုးသတ်ဆေးလို အဆိပ်သောက်ပြီး မိမိကိုယ် အဆုံးစီရင်ခဲ့ပါတယ်။  

၂၀၂၁ ခုနစ် စစ်အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေ စစ်အာဏာရှင် စနစ်ဖြုတ်ချရေး လှုံ့ဆော်သူတွေ ၊ လက်နက်ကိုင် တိုက်ခိုက်ဖို့ စည်းရုံး လှုပ်ရှားကြသူတွေကို စစ်ကောင်စီဘက်က ကာယကံရှင်တွေကို ဖမ်းဆီးဖို့ ရှာဖွေမတွေ့တဲ့အခါ မိသားစုဝင်တွေကို ခေတ္တယာယီဖြစ်စေ၊ ဖမ်းဆီး နှိပ်စက်မေးမြန်းတာတွေ ဖြစ်စေ အချို့ကို ထိန်းသိမ်းထားတာတွေ ဖြစ်စေ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။  

အခုလို မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာ ဖြစ်စေ၊ နှိပ်စက်တာ ဖြစ်စေ၊ ရိုက်နှက်တာဖြစ်စေ အဲဒီလိုလုပ်ရပ်တွေက နိုင်ငံတကာမှာ ရာဇဝတ်ဂိုဏ်းလိုမျိုး ဒုစရိုက်ဂိုဏ်းလိုမျိုး ဥပဒေဘောင်ထဲက မဟုတ်တဲ့ အဖွဲ့အစည်းတွေက လုပ်လေ့ရှိတဲ့ လုပ်ရပ်မျိုး ဖြစ်ပါတယ်။ နောက်ရှုထောင့် တခုကတော့ နှစ်ရာနဲ့ချီတဲ့ ဘုရင်ခေတ် ပဒေသရာဇ်ခေတ်တွေတုန်းက အုပ်ချုပ်သူအာဏာကို ဖီဆန်တဲ့အခါ မိသားစုလိုက် ဖမ်းဆီးကွပ်မျက်တာတွေ လုပ်ခဲ့ကြတဲ့ အစဥ်အလာမျိုးကို ပြန်တွေးမိစေတာ ဖြစ်ပါတယ်။  

စစ်ကောင်စီဟာ  နိုင်ငံရဲ့ အာဏာကို သိမ်းယူထားပြီး ၄င်းတို့ကိုယ် အစိုးရလို့ အမည်တပ်ထားပေမယ့်လည်း ရာဇဝတ်ဂိုဏ်းလိုမျိုး မာဖီးယားဂိုဏ်းလိုမျိုးတွေ လုပ်တဲ့ ပြန်ပေးဆွဲတဲ့ သဘော မိသားစုကို ရိုက်နှက်နှိပ်စက်တာကို မခံစားနိုင်ရင် လာအညံ့ခံဆိုတဲ့ သဘောမျိုး ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအထိ အရင့်အရင် ပြည်တွင်းစစ် ပဋိပက္ခဖြစ်စဥ်တွေမှာ စစ်အာဏာသိမ်းမှု အပြီး ဖမ်းဆီးခံရမှု ဖြစ်စဥ်တွေမှာတောင် အခုလိုမိသားစုဝင်တွေကိုပါ သိမ်းကျုံးဖမ်းဆီးတာ နှိပ်စက်မေးမြန်းတာ ဓားစာခံလုပ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ မတွေ့ခဲ့ရပေမယ့် အခုတကြိမ်မှာ စစ်ကောင်စီဘက်က စတင်လုပ်ဆောင်လာတာဟာ ပိုဆိုးရွားတဲ့ အစဥ်အလာတွေ ချမှတ်သလို ဖြစ်စေပြီး ၄င်းတို့နည်းလမ်းမျိုးနဲ့ လက်နက်ကိုင် ပုန်ကန်သူတွေဘက်ကလည်း တန်ပြန် လုပ်ဆောင်မှုတွေကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ၁ နှစ်တာကာလအတွင်း PDF ဘက်ကလည်း စစ်ကောင်စီတပ်အရာရှိ မိသားစုဝင်တွေကို လုပ်ကြံသတ်ဖြတ်တာ၊ ရဲ၊ ထွေအုပ် ဝန်ထမ်း မိသားစု ဝင်တွေကိုပါ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာတွေ စစ်ကိုင်းတိုင်းနဲ့အခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာ တွေ့လာရပါတယ်။ စစ်ကိုင်းတိုင်းက ကျေးရွာအချို့မှာ PDF တွေက ဒလန်ရှင်းလင်းရေး လုပ်ဆောင်ကြရာမှာလည်း မိသားစုဝင်တွေပါ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေ အတော်များများ ဖြစ်ပွားခဲ့တာ သတင်းတွေမှာ သော်လည်းကောင်း တချို့သော မေးမြန်းသိရှိရချက်တွေ အရသော်လည်းကောင်း ကြားသိခဲ့ရတာ ဖြစ်ပါတယ်။  

စစ်ကောင်စီ ဘက်က စစ်တပ်၊ လုံထိန်း၊ ပျူစောထီးတွေက လက်နက်ကိုင် ပုန်ကန်သူ တိုက်ခိုက်သူတွေတင်မက မိသားစုဝင်တွေ တခါတရံ ကလေးသူငယ်တွေပါ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေကို  စတင်လုပ်ဆောင်ခဲ့ရာက တဘက်က လက်တုံ့ပြန်ကြတဲ့ အထိ ဆိုးရွားတဲ့ အစဥ်အလာတွေ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။  

ခုရက်ပိုင်း အခြားသော အဖြစ်အပျက်တခုမှာတော့ PDF တပ်ဖွဲ့ထဲရောက်နေသူ ဖခင်တဦးလည်း သူ့သားဖြစ်သူ အဖမ်းခံရပြီး အသတ်ခံရမယ့် အခြေအနေမျိုးကို မခံစားနိုင်လို့ သူ့ကိုယ်သူ အဆုံးစီရင်လိုက်တယ်လို့ ရင်းနှီးသူတွေက ဆိုရှယ်မီဒီယာမှာ ရေးသားနေကြတာ တွေ့ရပါတယ်။ ခုကာလမှာ တရားမျှတတဲ့ ဥပဒေတွေ မစိုးမိုးနိုင်တာ ဥပဒေနဲ့ ကိုင်စွဲပြီး မပြောဆိုနိုင်တာက အငြင်းပွားစရာ မရှိ သံသယမရှိပေမယ့်လည်း နိုင်ငံရေး ပြဿနာ၊ လက်နက်ကိုင် ပဋိပက္ခက ရာဇဝတ်ဂိုဏ်းတွေသဖွယ် ပြုမူကျင့်သုံးလာကြတာ မိသားစုတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီး လုပ်ကြံလာကြတဲ့ အစဥ်အလာထိ ဆိုးရွားတဲ့ အခြေအနေမျိုးထိ မြန်မာနိုင်ငံအခြေအနေက လျေ့ာကျနေပြီလားလို့ အရေးတကြီး မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။  

တနည်းအားဖြင့် နိုင်ငံရေး ချွတ်ချုံကျခြင်းလို့လည်း ကောက်ချက်ချကောင်း ချနိုင်ပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးနည်းလမ်း စစ်ရေးနည်းလမ်းတွေကို သုံးစွဲရာမှာ အောက်တန်းအကျဆုံး ပဒေသရာဇ်ခေတ်၊ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ဘာမှ အရေးစိုက်စရာမလိုတဲ့ ခေတ်မျိုး သို့တည်းမဟုတ် ဒုစရိုက်ဂိုဏ်းတွေသဖွယ် တဘက်နိုင်ငံရေး အတိုက်အခံအဖို့ အကြောက်တရားကြီးကြီးမားမား ရစေပြီး အရှုံးပေး အညံ့ခံလာဖို့ ရည်ရွယ် လုပ်ဆောင်ပေမယ့် လက်တွေ့မြေပြင်မှာတော့ အလားတူ လက်တုံ့ပြန်မှုတွေ ကြုံတွေ့ရလာနိုင်တာ ဖြစ်ပြီး ဘယ်တုန်းကမှ အစဥ်အလာ မဖြစ်ခဲ့ဖူးတဲ့ မိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေအထိ လက်စားချေ လက်တုံ့ပြန်တဲ့ အစဥ်အလာမျိုးတွေ မြန်မာ့နိုင်ငံရေးမှာ စတင်လာနေတာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar