Breaking News

လွင်(ဘော်တွင်း) - ချိုတမြမြ ခါးသလေလေ့

ချိုတမြမြ ခါးသလေလေ့
လွင်(ဘော်တွင်း)
(မိုးမခ) မတ် ၈၊ ၂၀၂၂

ယုက ထိုင်းကိုသွားမလို့တဲ့။ 
ယုကိုမွေးကတည်းကသိခဲ့တာ။ 
ယုတို့ကကိုယ်တို့နဲ့ အိမ်နီးနားချင်း။ မုံရွာတဖက်ကမ်း၊ ညောင်ပင်ကြီးရွာက။ 

ကိုယ်တို့ အဖေဝန်ထမ်းဘဝကအလုပ်ထွက်ပြီးတဲ့နောက် ကြေးနီမိုင်းနဲ့ နီးနီးနားနားညောင်ပင်ကြီးမှာပဲမြေကွက်ကလေးဝယ်။ မြေစိုက်ထရံကာအိမ်ကလေးဆောက်ပြီးနေကြတယ်။ ရွာစွန်ဖြစ်လို့ထန်းတောနဲ့ နီးတယ်။ အပူပိုင်းဒေသဖြစ်တာကြောင့် အပင်ကြီးတွေမရှိလှဘူး။ ထန်းပင်တွေအကြားလူသွားလမ်းကွေ့ကွေ့ကောက်ကောက်လေးတွေဟာထင်းလို့။ 
အဲဒီနားမှာနေတဲ့ သူတွေဟာကိုယ်တို့ အိမ်နီးချင်းတွေဖြစ်လာတယ်။ အများစုကထန်းတောင်သူတွေလို့ ဆိုရမယ်။ ထန်းပိုင်တွေရှိသလိုထန်းအငှားတက်သူတွေလဲရှိရဲ့။ ခင်မင်လာကြတဲ့အထဲမှာယုတို့အိမ်ကကိုယ်တို့နဲ့ အရင်းနှီးဆုံးပဲ။ ယုတို့အိမ်အပါအဝင် ထန်းသမားတွေရဲ့အိမ်တွေဟာထန်းသားတိုင်ထူ၊ ထန်း လက်မိုး၊ ထရံကာမြေစိုက်တဲတွေပါပဲ။ ထန်းလျက်ချက်တဲ့ဖိုကိုတော့ ထန်းလက်အမိုးတံစက်မြိတ်ကိုမြေကြီးထိအောင်ချထားတာ။ ဖိုထဲကိုခေါင်းငုံ့၊ ခါးကိုင်းပြီးဝင်ရတယ်။ 

ကိုယ်တို့ညောင်ပင်ကြီးကိုရောက်တော့ ယုဟာယုမေမေရဲ့ ဗိုက်ထဲမှာပဲရှိသေးတယ်။ ကိုယ်တို့ကတက္ကသိုလ်ကျောင်းပိတ်လို့အားနေတော့ ယုကလေးဟာမွေးပြီးကတည်းကကိုယ်တို့လက်ပေါ်မှာချည့်လို့ ပြောရမလိုပဲ။ မနက်မိုးလင်းတာနဲ့ အလုပ်တွေရှုပ်နေတတ်တဲ့ယုမေမေဟာ ကလေးကိုနို့တိုက်ရုံလောက်ပဲ။ ယုကိုကိုယ်တို့အိမ်လာပို့တဲ့အခါ ပို့၊ လာမပို့ရင် ကိုယ်တို့ကသွားခေါ်။ ဒီလိုနဲ့ ယုဟာကိုယ်တို့လက်ပေါ်မှာကြီးခဲ့တာ။

အသက်သုံးလေးနှစ် အရွယ်ထိယုဟာသူ့အိမ်ကိုညအိပ်ရုံလောက်ပြန်တယ်။ တခါတရံထန်းတောထဲမြူအိုးဝက်မနှိုက်အောင် ဝက်ခြောက်ဖို့ လိုက်သွားရတာကလွဲလို့ ကိုယ်တို့အိမ်မှာချည့်။ အဲဒီတုန်းကနေ့ခင်းနေ့လယ် ကိုယ်တို့ကစာအုပ်ကိုယ်စီနဲ့ ငြိမ်နေကြရင် ယုကလည်းတွေ့ရာစာအုပ်တအုပ်ဆွဲယူပြီးခပ်တည်တည်နဲ့ စာဖတ်နေတဲ့ ပုံဖမ်းတာခုထိမျက်စိထဲကမထွက်ဘူး။ 

ယုတို့အိမ်ကအဲဒီနားကထန်းသမားတွေကြားမှာတော့ နည်းနည်းသောင်သာတဲ့အနေအထားမှာရှိတယ်။ ထန်းပိုင်ကိုး။ ခုလိုမြူထတဲ့နွေဦးကာလမျိုး၊ မနက်စောစောဆိုယုရဲ့ဖေဖေအပါအဝင် ထန်းသမားတွေဟာရင်းထောင်ကိုကိုယ်စီထမ်းပြီးထန်းတက်ထွက်ကြပြီ။ ခါးမှာချိတ်ထားတဲ့ ထန်းလှီးဓါးနဲ့ ကလိုင် ရိုက် ခတ်တဲ့အသံကတချပ်ချပ်တခွပ်ခွပ် မြည်လို့ပေါ့။ ၇ နာရီလောက်ဆို ထန်းသမားတွေရဲ့ ဇနီးသို့မဟုတ် သားကြီးသမီးကြီးတွေဟာထန်းရည်ချိုတွေထည့်ထားတဲ့ပုံးတွေကိုထမ်းပိုးနဲ့ ထမ်းပြီးပြန်လာကြပြီ။ သိပ်မကြာခင်မှာပဲညောင်စေးကျလာတဲ့ ထန်းလျက်ချက်အိုးကိုမွှေတဲ့ အသံပုံပုံပွမ်ပွမ်ကြားရပြီ။ ဒါဆိုကိုယ်တို့လည်းထန်းလျက်လုံးကူရင်း၊ ထန်း လျက်ပျော့ကိုနှမ်းဆီစစ်စစ်ဆမ်းပြီးစားကြတာပေါ့။ ထန်းမထွက်တဲ့ အချိန်ဆိုလဲယုတို့ခြံထဲမှာရာဝင်စဉ့်အိုးကြီးတွေနဲ့ လှောင်ထားတဲ့ ထန်းဖိုဦးထန်းလျက်ကိုစားချင်တဲ့အချိန်သွားနှိုက်စားကြတာပါပဲ။ အခုကိုးရီးယားကားတွေထဲပဲငပိအိုးကြီးတွေမြင်ရင် ယုတို့ အိမ်ရှေ့ မှာတန်းစီထားတဲ့ထန်းလျက်အိုးကြီးတွေကိုသတိရမိတယ်။

စဉ့်အိုးကြီးတွေကိုအုပ်ထားတဲ့ အင်တုံကြီးကို မ၊ အထဲကထန်းလျက်လုံးအကြီးကြီးတလုံးကိုနှိုက်ယူပြီးခွဲစိတ်လို့ ရေနွေးကြမ်းနဲ့မြည်းကြတာ။ အချိုကြိုက်တဲ့ကိုယ့်အတွက်တော့ ဘာတိုးမိတဲ့ ဘာနဲ့တူနေမလားပဲ။ 
ကိုယ်တို့ကျောင်းတွေပြန်ဖွင့်တော့ ယုနဲ့ကိုယ်ဟာနည်းနည်းဝေးကွာခဲ့တယ်။ ယုလေးနှစ်သမီးလောက်မှာယုရဲ့မေမေဟာမေးဖျားမှာအနာပေါက်ရာကပိုးဝင်ပြီးဆုံးရှာတယ်။ ယုအောက်ကမောင်လေးဟာနှစ်လသားလားရှိသေးတယ်။ ယုမောင်လေးကိုတော့ ယုရဲ့အဒေါ်အပျိုကြီးကစောင့်ရှောက်တယ်။ ယုကတော့ ကိုယ်တို့အိမ်မှာပဲ။ 
ကိုယ်တို့ ညောင်ပင်ကြီးမှာဆယ့်နှစ်နှစ်လောက် နေခဲ့ရတယ်။ ကိုယ်တို့နေနေစဉ်အတွင်းမှာပဲယုတို့ ခြံထဲကထန်းလျက်လှောင်တဲ့ စဉ့်အိုးကြီးတွေတဖြည်း ဖြည်းနည်းနည်းလာတယ်။ ထန်းလျက်အိုးမွှေသံဟာလည်းတိုးလျသည်ထက် တိုးလျလာတယ်။ ထန်းတောင်သူတွေဟာထန်းလျက်ချက်မဲ့အစား၊ ထန်း ရည်ခါးဖောက်ပြီးရောင်းလိုက်ကြတော့တယ်။ မြစ်ကမ်းနားမှာ၊ မုံရွာဘက်မှာထန်းရည်ရောင်းကြတဲ့သူတွေကသူတို့ဆီထန်းရည်လာယူကြတယ်။ ရွာကလေးရဲ့နွေဟာပူသည်ထက်ပူလာသလိုဖုန်ကလည်းထူသည်ထက် ထူလာခဲ့ပြီ။
 
ယုမူလတန်းအရွယ်မှာပဲကိုယ် ကျောင်းပြီးလို့ အလုပ်ခွင်ဝင်၊ အိမ်ထောင်ကျတယ်။ ကိုယ့်အလုပ်ရှိတဲ့နေရာကိုကိုယ်တို့ပြောင်းကြတယ်။ ကိုယ်တို့အိမ်ကိုဒီအတိုင်းပိတ်ထားခဲ့ပြီးယုရဲ့ဖေဖေနဲ့ပတ်ဝန်းကျင်ကကြည့်ရှုထားတယ်ပေါ့။ ဒီလိုနဲ့ ကျောင်းနေရွယ် ယုနဲ့ကိုယ်တို့အလှမ်းဝေးခဲ့တယ်။ ဒါတောင် နွေရာသီလိုကျောင်းပိတ်ရက်မျိုးမှာယုဟာကိုယ်တို့အိမ်ကိုတပတ်တန်သည် ဆယ်ရက်တန်သည် အလည်လာနေလေ့ရှိတယ်။ 
နောက်တော့ ကိုယ်တို့လည်းရန်ကုန်ကိုပြောင်းခဲ့ကြပါရော။  ယုတို့နဲ့ တော်တော်လေးအဆက်ပြတ်သွားရပါတယ်။ နောက်ပိုင်းဖုန်းတွေပေါများလာပြီးမှပဲအဆက်အသွယ်ပြန်ရပါတယ်။ 

ယုဆယ်တန်းဖြေပြီးတဲ့နောက်တော့ ယုဖေဖေကယုကိုခေါ်ထားနိုင်ရင် ခေါ်ထားပါလို့ပြောလာတယ်။ မြီးကောင်ပေါက်သမီးကိုထိန်းသိမ်းဖို့ ယုဖေဖေအခက်တွေ့တယ်ထင်ပါရဲ့။ ဒီလိုနဲ့ယုဟာအသက် ဆယ့်ခြောက်နှစ်မပြည့်မီမှာကိုယ်တို့နဲ့ အတူရန်ကုန်မှာလာနေတယ်။ ဆယ်တန်းကျတယ်ဆိုတော့ ထပ်ဖြေရ အောင်ကျူရှင်ထားပေးတယ်။ သင်စရာရှိတာသင်တယ်။ ယုဟာဆယ်တန်းထပ်ကျပါတယ်။ ဒါနဲ့ နောက်တနှစ်မှာတော့ အိမ်မှာဆရာခေါပြီးသင်ပေးတယ်။ အဲဒီနောက်တနှစ်လဲကျပါတယ်။ ဒီလိုနဲ့ယုအသက်ဆယ့်ရှစ်နှစ်ပြည့်တယ်။ 

ကိုယ်တို့ အညာကိုအလည်အပတ်သွားတော့ ယုကိုအိမ်ခဏပြန်စေတယ်။ ဆယ့်ရှစ်နှစ်ပြည့်မှတ်ပုံတင်ပါ တခါတည်းလုပ်ခဲ့ဖို့ ယုကိုမှာလိုက်တယ်။ ရန်ကုန်မှာနှစ်နှစ်ကျော် သုံးနှစ်နီးပါးနေပြီးမြေကြီးမကိုင်ချင်တော့တဲ့ ယုကိုမြူအိုးကောက်ရတာ၊ ထန်းပလပ်ကောက်ရတာတွေမမေ့စေချင်ဘူး။ မှတ်ပုံတင်လုပ်ရင်းရွာမှာတလလောက်နေ၊ ပြီးမှရန်ကုန်ပြန်လာဖို့ပဲ။ ကိုယ်တို့ပြန်ခေါ်ဖို့ အသွားမှာပဲယုဟာခိုးရာလိုက်သွားပါတယ်။ 

ယုအိမ်ထောင်ကျသွားတဲ့အချိန်ဟာလက်ပန်းတောင်းတောင် ကိစ္စ၊ ဝမ်ပေါင်ကိစ္စတွေဖြစ်ပြီးအနီးနားရွာတွေကိုလျော်ကြေးတွေပေးနေတဲ့ကာလပေါ့။ ယုရဲ့ဖေဖေလဲထန်းပင်အချို့ အသိမ်းခံရတဲ့အထဲပါသွားတာကြောင့် လျော်ကြေးအနည်းအပါးရပါတယ်။ ထန်းပင် တပင်ကိုတသောင်းနဲ့ ဈေးဖြတ်ပါသတဲ့။ ယုရဲ့ဦးကြီးတယောက် ပြောတဲ့စကားကိုကြားယောင်နေတုန်းပါပဲ။ “ပိုက်ဆံတွေဆိုတာလမ်းဘေးကသစ်ရွက်တွေခူးထည့်လာသလားမှတ်ရတယ်။ အများကြီးပဲ။ သူတို့ မှာဒီလောက်ပိုက်ဆံတွေအများကြီးရှိရက်နဲ့ ၊ ဒီတောင်ကြီးကိုဘာလို့ တူးနေဦးမှာလဲ” တဲ့လေ။ 

ယုဟာသူ့ယောက်ျားရဲ့ ရွာ၊ ကျော်ရွာကိုလိုက်သွားရပါတယ်။ညောင်ပင်ကြီးရွာနဲ့အနီးကလေးပါပဲ။ လက်ပန်းတောင်းတောင်နဲ့ လည်းအနီးကလေးပေါ့။ ဒီလိုနဲ့ ယုနဲ့ ကိုယ်တို့ ဝေးခဲ့တယ်။ အဲဒီနောက် တခါတရံဖုန်းပြောတာကလွဲလို့ ယုကိုကိုယ်တခါမှ မတွေ့ရတော့ပါဘူး။ ယုဟာကလေးနှစ်ယောက်အမေဖြစ်နေပါပြီ။ 

ခုတော့ ယုဆီကဖုန်းဝင်လာတယ်။ ထိုင်းကိုသွားမလို့တဲ့။ ယုတို့နေတဲ့ကျော်ရွာမှာအလုပ်မရှိလို့တဲ့။ ယုရောယုယောက်ျားရောအလုပ်မရှိတာကြောင့် အဆင်မပြေပါဘူးတဲ့။ ဝမ်ပေါင်လုပ်ကွက်ကလည်းရှိတယ် ဆိုရုံရှိတော့တာကြောင့် ဝန်းကျင်ရွာတွေအဆင်မပြေကြတော့ဘူးထင်ပါရဲ့။ ညောင်ပင်ကြီးဆိပ်ကမ်းဟာလည်းတံတား ဆောက်ပြီးကတည်းက ခြောက်ခမ်းခဲ့တာ။ အခုရပ်ရွာကလည်းမငြိမ်သက်လေတော့ ဒီနွေဦးမှာထန်းကိုမစနိုင်ကြဘူး။ ယုတို့အတွက် ထွက်ပေါက်ဟာထိုင်းနိုင်ငံဖြစ်ခဲ့ပြီထင်ပါရဲ့။ 

ထိုင်းမှာအထည်ချုပ်လုပ်ရမှာတဲ့လို့ပြောတဲ့ ယုရဲ့အသံကိုနားထောင်ရင်းရန်ကုန်မှာနေတုန်းကယုကိုစက်နင်းသင်ခဲ့တာသတိရတယ်။ ဆယ်တန်းမအောင်တဲ့ ယုကိုသက်မွေးပညာအတွက် စက်ချုပ်သင်ပေးမယ်စိတ်ကူးခဲ့ပြီးအိမ်ကအပ်ချုပ်စက်နဲ့စက်နင်းသင်ပေးခဲ့တယ်။ ယုဟာစက်ကိုဖြောင့်အောင် မနင်းတတ်ဘူး။ ခုတော့ ထိုင်းကိုတောင်သွားပြီးအထည်ချုပ်စက်ရုံမှာလုပ်မလို့တဲ့လား။ 

ပတ်စပို့လုပ်ဖို့အတွက် ရန်ကုန်ကိုမနက်ဖြန် ဆင်းလာမယ်တဲ့။ ယုနဲ့အတူ ရွာက (၁၁) ယောက်လောက်ပါသတဲ့။ ရောက်ရင်ဖုန်းဆက်ပါလို့ ပြောလိုက်ပေမဲ့၊ ယုကိုတွေ့ခွင့်ရပါ့မလား။ ပတ်စပို့ရုံးနားမှာတန်းစီနေတဲ့လူတန်းကြီးကိုမြင်ယောင်မိတယ်။ ရန်ကုန်မှာနေတုန်းကသူ့ဘာသာသူဆိုလမ်းမကူးတတ်ခဲ့တဲ့ ယုဟာခုတော့ ထိုင်းကိုသွားမတဲ့။ ကိုယ်မျက်ရည်ကျမိပါတယ်။ 
လွင်(ဘော်တွင်း) 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar