Breaking News

မြတ် - စကားလုံးမရှိတဲ့မှားယွင်းမှု

Image- Pinterest
စကားလုံးမရှိတဲ့မှားယွင်းမှု
မြတ်
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၂

အင်္ဂလိပ်စာရေးဆရာGeorge Orwell မြန်မာပြည်မှာပုလိပ်အရာရှိလုပ်စဉ်တုန်းကအတွေ့အကြုံတွေအကြောင်းရေးတဲ့အက်ဆေးတွေထဲမှာ “ကြိုးပေးခြင်း” ဆိုတဲ့အက်ဆေးတပုဒ်ပါပါတယ်။ မြန်မာပြည်ကအကျဉ်းထောင်တခုထဲမှာသေဒဏ်ကျအကျဉ်းသားတွေကိုကြိုးပေးကွပ်မျက်တာကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ပုလိပ်အရာရှိတယောက်အကြောင်းရေးထားတဲ့ ဒီအက်ဆေးကို ၁၉၃၁ ခုနှစ်မှာ ပထမအကြိမ်ပုံနှိပ်ခဲ့တာပါ။

“ကျန်းမာသန်စွမ်းပြီးသတိကောင်းကောင်းရှိနေတဲ့လူတယောက်ကိုဖျက်ဆီးပစ်တာဟာ ဘာအဓိပ္မာယ်လဲဆိုတာဘယ်တုန်းကမှကျနော်သဘောမပေါက်ခဲ့ဘူး” လို့ George Orwell ရေးပါတယ်။ ကြိုးပေးကွပ်မျက်ခြင်းနဲ့ပတ် သက်ပြီး “အရှိန်အဟုန်အပြည့်နဲ့ ဘ၀တခုကိုဖြတ်တောက်ပစ်လိုက်တာဟာ ဆိုဖွယ်ရာမရှိတဲ့မှားယွင်းမှု”  လို့ဆိုပါတယ်။

ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းက လူမြင်ကွင်းမှာတရားစီရင်တဲ့အလေ့အထကို ကန့်ကွက်လာကြတဲ့အတွက် ဗြိတိန်မှာ public execution ကို ၁၈၆၈ ခုလောက်ကစပြီး ရပ်တန့်ခဲ့ပါတယ်။

သို့သော်ငြားလည်း မြန်မာပြည်အင်္ဂလိပ်အစိုးရလက်အောက်ကျရောက်ခါစ ကာလတွေကတော့ လူမြင်ကွင်းမှာ သေဒဏ်စီရင်တဲ့အလေ့အထကို ကျင့်သုံးခဲ့ပါသေးတယ်။ အဲဒီထဲမှာ “ လူမျိုးခြားလက်အောက်မှာ အမှုမထမ်းလို့” ဆိုပြီး ငြင်းဆန်လို့ မြန်မာသက္ကရာဇ်၁၂၅၀ (၁၈၈၈) ခုနှစ်ပတ်ဝန်းကျင်လောက်က ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ မြို့လုလင်သူကြီး ဗိုလ်မင်းရောင်က အစောဆုံးအဖြစ်နဲ့ထင်ရှားပါတယ်။ သူ့ဦးခေါင်းပြတ်ကို နတ်မောက်မြို့သိမ်တော်ကျောင်းတိုက်ရဲ့တောင်ဘက် ကန်ဘောင်ရိုးထနောင်းပင်မှာ အများမြင်အောင် ချိတ်ဆွဲဲထားခဲ့တယ်လို့မှတ်သားရပါတယ်။ (ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ၊ ၁၉၅၁၊ ၃၄)။

၁၉၃၁ ခုနှစ်မှာအင်္ဂလိပ်အစိုးရကတောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ဆရာစံကို သေဒဏ်စီရင်တဲ့အခါမှာတော့ သာယာ၀တီထောင်မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သေဒဏ်စနစ်ကျင့်သုံးခဲ့ပေမယ့်လည်း ၁၉၈၈ နောက်ပိုင်းကတည်းက ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ဖေဖေါ်ဝါရီလနောက်ပိုင်းမှာတော့မျက်ကွယ်သေဒဏ် ၄၁ ဦးအပါအဝင် အကျဉ်းသား ၁၁၄ ယောက်ကို သေဒဏ်ချမှတ်ခံထားရတယ်လို့ UN news report မှာဖော်ပြထားပါတယ်။

သေဒဏ်နဲ့အကြောက်တရား

၂၀၁၁ ခုနှစ်တုန်းက အော်စလိုမြို့အနောက်မြောက်ဖက်က ကျွန်းတကျွန်းပေါ်က နွေရာသီလူငယ်စခန်းတခုမှာစခန်းချနေတဲ့ကျောင်းသားခုနှစ်ဆယ်ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအကြမ်းဖက်သတ်ဖြတ်မှုကိုကျူးလွန်ခဲ့တဲ့ နော်ဝေနိုင်ငံသား Anders Behring Breivik ကိုနော်ဝေနိုင်ငံရဲ့အမြင့်ဆုံးအပြစ်ဒဏ် ၂၂ နှစ်ချမှတ်ခဲ့ပါတယ်။

ဒီလောက်လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တဲ့သူတယောက်ကို သေဒဏ်ပေးဖို့ထိုက်တန်တယ်လို့ မထင်ဘူးလားလို့ မိတ်ဆွေနော်ဝေနိုင်ငံသားတယောက်ကိုမေးကြည့်တဲ့အခါ သူပြန်ပြောတဲ့စကားကစဉ်းစားစရာပါပဲ။ “ ပြစ်မှုကျူးလွန်သူကိုသေဒဏ်ပေးလိုက်ရုံနဲ့ ဒီလိုဖြစ်ရပ်မျိုးတွေကို ရပ်တန့်ပစ်လိုက်နိုင်တာမှမဟုတ်တာ”။

အင်္ဂလိပ်အစိုးရအတွက်တော့ ဗိုလ်မင်းရောင်တို့ဆရာစံတို့ဟာ အာဏာဖီဆန်တဲ့အကြမ်းဖက်သူပုန်တွေပါပဲ။ဗိုလ်မင်းရောင်ကိုခေါင်းဖြတ်သတ်ပြီး သူ့ဦးခေါင်းပြတ်ကိုလူမြင်ကွင်းမှာချိတ်ဆွဲပြရုံနဲ့ လူတွေမှာအကြောက်တရားလွှမ်းမိုးပြီး အင်္ဂလိပ်အစိုးရကိုအာဏာဖီဆန်မှုတွေ ရပ်တန့်သွားလိမ့်မယ်လို့ ယူဆခဲ့ပုံရပါတယ်။ ဆရာစံကိုသေဒဏ်ပေးလိုက်ရုံနဲ့ သပိတ်စုံသူပုန်ထတာတွေကို တားဆီးလိုက်နိုင်မယ်လို့ထင်ခဲ့ပုံပါပဲ။

ဦးဆောင်သူတစုံတယောက် (သို့မဟုတ်) တစုတဖွဲ့ကိုသေဒဏ်ပေးလိုက်တာနဲ့ လူတွေရဲ့စိတ်မှာအကြောက်တရားဝင်ပြီး ငြိမ်ဝပ်ပိပြားသွားလိမ့်မယ်လို့ထင်တဲ့အယူအဆဟာ ၁၉ ရာစုနှောင်းပိုင်းလောက်အထိ ရှိခဲ့တဲ့အယူအဆဟောင်းတခုပါပဲ။ ရာစုနှစ်နှစ်စုလောက်အတွင်းမှာဖြစ်သွားခဲ့တဲ့အပြောင်းအလဲတွေက အဲဒီအယူအဆမှား ယွင်းတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

ဒီရာစုနှစ်တွေအတွင်းမှာပဲ အင်္ဂလိပ်တွေရဲ့နေမဝင်အင်ပါယာကြီးပြိုကွဲခဲ့တယ်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်တွေချုပ်ငြိမ်းခဲ့တယ်။ ငွေဝယ်ကျွန်စနစ်တွေဖျက်သိမ်းခံခဲ့ရတယ်။ ဖက်ဆစ်ဝါဒကျဆုံးခဲ့တယ်။ ကြီးနိုင်ငယ်ညှဉ်း လက်နက်နဲ့အနိုင်ကျင့်အုပ်ချုပ်တဲ့စနစ်နေရာမှာ အုပ်ချုပ်သူအစိုးရကိုပြည်သူတွေကရွေးကောက်တင် မြှောက်တဲ့စနစ်ကို အစားထိုးလာကြတယ်။

စနစ်တခုပြိုလဲတာဟာ လူတဦးတယောက်တစုတဖွဲ့ရဲ့အားထုတ်မှုသက်သက်ကြောင့်မဟုတ်ပဲ စနစ်ရဲ့အား နည်း ချက်ကသာ ဒီစနစ်ကိုဖြိုလှဲနိုင်တဲ့အခြေခံအကြောင်းတရား ဖြစ်ပါတယ်။ ဗြိတိသျှအစိုးရဟာ ၁၆ ရာစုကနေ ၁၈ ရာစု အစောပိုင်းလောက်အထိ ကမ္ဘာတလွှားနယ်ချဲ့ကျွန်ပြုလာခဲ့ရင်းက ၁၉၂၀ လောက်မှာ ကမ္ဘာ့ကုန်း မြေဧရိ ယာရဲ့  ၂၄ ရာနှုန်းလောက်ကို စိုးမိုးနိုင်ခဲ့ပါတယ်။ လက်အောက်ခံနိုင်ငံတွေများလွန်းလို့ သူ့အင်ပါယာထဲမှာနေဝင်တယ်ဆိုတာမရှိလို့ နေမဝင်အင်ပါယာလို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

ကိုလိုနီစနစ်ရဲ့အကြီးမားဆုံးအားနည်းချက်က နိုင်ငံငယ်လေးတွေကို အင်အားသုံး ကျွန်ပြုပြီး စီးပွားရေးအရ သွေးစုတ်ချယ်လှယ်ခဲ့တာပါပဲ။ စစ်အင်အားမပြည့်စုံတဲ့နိုင်ငံငယ်လေးတွေကို နှစ်ရာချီ အကြောက်တရားသွင်းပြီး ချယ်လှယ်အုပ်ချုပ်ခဲ့လို့ ကမ္ဘာမှာ အင်အားအကြီးဆုံးနေမဝင်အင်ပါယာကြီးဖြစ်လာခဲ့ပေမယ့်လည်းလက် အောက်ခံနိုင်ငံတွေက ကြီးနိုင်ငယ်ညှဉ်းနယ်ချဲ့ဝါဒကိုလက်မခံတော့တဲ့တနေ့မှာ ပျက်သုဉ်းရတာပါပဲ။

ကိုလိုနီနယ်ချဲ့စနစ်ကိုစက်ဆုပ်ရွံရှာပေမယ့်လည်း ကိုလိုနီအစိုးရကျင့်သုံးခဲ့တဲ့အကျင့်ဟောင်းလုပ်ရိုးလုပ်စဉ်အဟောင်းတွေနောက်ကိုပဲ ဆက်လိုက်နေတဲ့အစိုးရတွေ ကမ္ဘာမှာကြွင်းကျန်နေပါသေးတယ်။

အင်္ဂလိပ်စာရေးဆရာ George Orwell ရဲ့အက်ဆေးထဲက ဗြိတိသျှပုလိပ်အရာရှိဟာ ကြိုးပေးကွပ်မျက်ခံရတော့မယ့်အကျဉ်းသားတယောက်ကိုကြည့်ရင်း အခုလိုပဲတွေးခဲ့ပါတယ်။

“ သူနဲ့ငါတို့ဟာ အခုလေးတင်ပဲအတူလမ်းလျှောက်လာခဲ့တဲ့၊ မြင်ကြားခံစားနားလည်သဘောပေါက်ပုံခြင်းတူတဲ့လူသားတွေပဲ။ နောက်ထပ် ၂ မိနစ်လောက်အတွင်းမှာ ငါတို့ထဲကတယောက်ဟာ ဖျတ်ခနဲဆို ပျောက်သွားလိမ့်မယ်။ အသိစိတ်တခုလျော့ ကမ္ဘာတခုလျော့သွားတော့မယ်“

လူတယောက်ကိုကွပ်မျက်လိုက်တာနဲ့ ကျန်တဲ့သူတွေမှာအကြောက်တရားဝင်ပြီး ငြိမ်ဝပ်ပိပြားသွားမယ်၊ စိတ် ဓာတ်ပျက်ပြားသွားမယ်ဆိုရင်တော့ ကမ္ဘာ့သမိုင်းတလျှောက်ပေါ်ပေါက်ခဲ့တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ခဲ့မှာမဟုတ်ပါဘူး။

လူတယောက်ကွပ်မျက်ခံလိုက်ရတဲ့အခါ အသိစိတ်တခုလျော့၊ သူ့ရဲ့ကမ္ဘာတခုလျော့သွားမှာအမှန်ပေမယ့် ကျန်ခဲ့တဲ့သူတွေက ဒီကွပ်မျက်မှုအကြောင်း ဆက်ပြောနေကြအုန်းမှာပါပဲ။ ဗိုလ်မင်းရောင်ရဲ့ဦးခေါင်းပြတ်ကြီးကအင်္ဂလိပ်အစိုးရရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ ကွပ်မျက်မှုတခုအကြောင်း ကမ္ဘာကြီးကိုသမိုင်းစကားပါးနေသလိုပါပဲ။ အလားတူကွပ်မျက်မှုတိုင်းဟာ “စကားလုံးမရှိတဲ့မှားယွင်းမှု” ဖြစ်တယ်ဆိုတဲ့အကြောင်း ကမ္ဗည်းတင်ခံရအုန်းတော့မှာ အသေအချာပါပဲ။

(The Myanmar Peace Narrative မှရေးသားတင်ဆက်သည်။)

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar