Breaking News

နှင်းခါးမိုး - ဒေါက်ဖြုတ်သံ

Image - Crd

ဒေါက်ဖြုတ်သံ
နှင်းခါးမိုး
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၂

ကျနော့်ရဲ့သွေးစက်တွေနဲ့ နောက်လူတွေကို လမ်းခင်းပေးခဲ့ပါတယ်အမေတဲ့၊ တောင်အာဖရိကနိုင်ငံက လူမျိုးခွဲခြားမှုဆန့်ကျင်ရေးသမားတဦးရဲ့ ကြိုးစင်ပေါ်က အမှာစကား ကမ္ဘာကြီးပေါ်မှာတုန်ခါခဲ့ဖူးတယ်။  

ကျောင်းသားခေါင်းဆောင်တင်မောင်ဦးကိုကြိုးပေးလိုက်တော့ သစ်ပုပ်ပင်ကြီးက သေသွားရောလား၊ အင်းလျားကန်ကြီးက ခမ်းခြောက်သွားရောလား၊ ကံကော်ပွင့်တွေက ‌တတောလုံးကြွေရောလား။

အများကောင်းကျိုးအတွက်လုပ်တဲ့သူတွေ ဒုက္ခရောက်တော့ ငါတို့ပူလောင်ရတယ်၊ မတရားမှုကိုဆန့်ကျင်တဲ့သူတွေ ဘေးအန္တရယ်တွေ့တော့ ငါတို့နာကျင်ကြေကွဲရတယ်၊ အမှန်တရားအတွက်တိုက်ပွဲဝင်တဲ့သူတွေကိုဆုံးရှုံးရ‌တော့ ငါတို့ပူဆွေးဝမ်းနည်းရတယ်၊ ငိုကြွေးဘူးတဲ့နှလုံးသားဟာ ပိုပြီးသန်မာလာသတဲ့၊ လောကကြီးကိုကောင်းစေချင်ရင် နတ်ဆိုးတွေကို ရှောင်လို့မှမရပဲ။

ဖိနှိပ်သူတို့အတွက် အနိုင်ကျင့်ဗိုလ်ကျမှုဟာ တရားဥ‌ပဒေဖြစ်ပြီး ရက်စက်ရမ်းကားမှုဟာ ကျမ်းစာပဲ။ သားသတ်သမားရဲ့နှလုံးသားဟာ အသက်မရှိဘူး။ ရူးနေတဲ့ခွေးဟာ သခင်မရှိဘူး။ ငါတို့မှာ ထပ်ငိုဖို့ မျက်ရည်တွေမရှိတော့ရင်တောင် နောက်တခါပြန်လာဖို့ ဘဝတွေရှိတယ်။ ဒဏ်ရာတိုင်းဟာ သရဖူပေါ်က ကျောက်မျက်တွေဖြစ်ပြီး သွေးတို့ဖြင့်ချင်းချင်းနီသောဦးခေါင်းသည်သာ အဲဒီသရဖူနဲ့ထိုက်တန်တယ်။ 

ဒေါက်ဖြုတ်သံကြောင့် 
နောက်ဆုတ်ပြန်တဲ့သမိုင်းမရှိဘူး။ 
- - - - - 
နှင်းခါးမိုး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar