မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၆ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၆ မြင်ကွင်း
(မိုးမခ) ဇွန် ၇၊ ၂၀၂၂
ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ပိုများပြားလာတဲ့ အခြေအနေ
စစ်တပ်အာဏာသိမ်းပြီးနောက် သီတင်းပတ် ၂၊ ၃ ပတ်အကြာမှာ ဆန္ဒပြမှုတွေ ကို ကျည်အစစ်တွေနဲ့ ဖြိုခွဲရာက စလို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ သွေးစွန်းခဲ့ရတာ ဖြစ်ပါတယ်။ ပျဥ်းမနားမြို့က မမြသွဲ့သွဲ့ခိုင်၊ မန္တလေးမြို့က ကြယ်စင် စတဲ့သူတွေက ပထမဆုံး အသက်ဆုံးရှုံးခဲ့ကြရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ နာမည်တွေ မှတ်မိဖို့ မလွယ်တော့လောက်အောင် နေ့စဥ်လိုလို ပစ်ခတ်မှုတွေ၊ ဖမ်းဆီးခံရရင်း အသက်ဆုံးရှုံးမှုတွေ မတ်လ၊ ဧပြီလ၊ မေလ စပြီး ဆက်တိုက်ဆိုသလို အမြို့မြို့ အနယ်နယ်မှာ ဖြစ်ပျက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ၊ လမ်းပေါ် ဆန္ဒပြမှုတွေမှာ၊ စစ်ကောင်စီရဲ့ လုံထိန်းတွေ၊ တပ်တွေ ဝင်မလာနိုင်အောင် လမ်းတွေ ပိတ်ဆို့ရင်း ပစ်ခတ်ခံရတာတွေ၊ ဆန္ဒပြရင်း ပစ်ခတ်ခံရတာတွေ အသက်ဆုံးရှုံးမှုတွေ နေ့စဥ်၊ အပတ်စဥ် လစဥ် ရေတွက်နေရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။
ဆန္ဒပြသူတွေ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်ဖြိုခွဲမှုကို ခုခံတုံ့ပြန်ဖို့ နည်းလမ်းအမျိုးမျိုး ရှာကြံကြရာမှာ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေကို သွားရောက်ပြီး စစ်ရေးသင်တန်း တက်သူ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ထဲဝင်ရောက်သွားသူ ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ တွဲဖက်ပြီး လက်နက်ကိုင် တိုက်သူတွေ အသီးသီးပေါ်ထွက်လာသလိုပဲ အဲဒီနယ်မြေတွေမှာ သင်တန်းတက်ရောက်ပြီး မြို့ပေါ်မှာ ပြန်လာလှုပ်ရှားတဲ့သူတွေ မြို့ပေါ်က ပြောက်ကျားလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို အတွေ့အကြုံပြန်မျှဝေပြီး မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေ လည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
မြို့ပြပြောက်ကျား အဖွဲ့အချို့က စစ်ကောင်စီတပ်ဖွဲ့ဝင်၊ လုံထိန်း၊ ရဲ နဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ကြပြီးအချို့ကတော့ အဲဒီပစ်မှတ်တွေတင်မက စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားထဲ ပါဝင်နေတဲ့ အောက်ခြေ ဝန်ထမ်းတွေ ဖြစ်တဲ့ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်တာ၊ ကြံ့ခိုင်ရေးပါတီဝင် တချို့၊ စစ်မှုထမ်းဟောင်း တချို့၊ သတင်းပေးလို့ သံသယရှိသူ၊ တိုင်ကြားခံရသူ အစိုးရဝန်ထမ်းတချို့ နဲ့ အရပ်သားတချို့ကိုလည်း လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ဆောင်မှုတွေကို နေ့စဥ် အပတ်စဥ်လိုလို လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကို တချို့က စစ်ကောင်စီက ကျူးလွန်တဲ့ ဥပဒေမဲ့ သတ်ဖြတ်စီရင်မှု extrajudicial execution လိုပဲ ဖြစ်တယ်လို့ ယူဆတာတွေ ရှိပေမယ့် လူသိရှင်ကြား ပြောဆိုမှုတွေ သိပ်မတွေ့ရသလို ဒီလို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ဦးဆောင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ NUG လို အစိုးရအနေနဲ့လည်း ကြပ်မတ်တာ၊ ထိန်းကျောင်းတာတွေ လူသိရှင်ကြား လုပ်ဆောင်တာမတွေ့ရပါဘူး။
NUG အနေနဲ့ PDF တပ်ဖွဲ့ဖွဲ့စည်းပြီးနောက် စစ်သည်တော်ကျင့်ဝတ် လိုမျိုး ထုတ်ပြန်ခဲ့ပေမယ့် အခုလို မြို့ပြပြောက်ကျားတွေ အဖွဲ့အစည်းအမျိုးမျိုး မိမိတို့ဘာသာ ဖွဲ့စည်း လှုပ်ရှားကြသူတွေ အနေနဲ့ အဲဒီစစ်သည်တော်ကျင့်ဝတ်တွေ နဲ့ အကျုံးဝင်၊ မဝင် ရှင်းရှင်းလင်းလင်း မရှိပါဘူး။
အချို့သော မြိုပြပြောက်ကျားအဖွဲ့တွေကတော့ NUG နဲ့ တိုက်ရိုက်ဆက်စပ်မှု၊ အကူအညီ ထောက်ပံ့မှု ၊ ညွှန်ကြားမှုတွေ ရှိနိုင်တာ ဖြစ်ပြီး အခြားသော အဖွဲ့တွေ အနယ်နယ် အရပ်ရပ်က ပျောက်ကြားအဖွဲ့တွေ အနေနဲ့ NUG အနေနဲ့ ဘယ်လောက်ထိ သြဇာ ရှိသလဲ ညွှန်ကြားနိုင်သလဲ ထိန်းကျောင်းနိုင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ခဲ့တဲ့ ဒလန်ရှင်းလင်းရေး အဖြစ်အပျက်တွေကို နွေဦးတော်လှန်ရေး လှုပ်ရှားမှုဘက်က စောင့်ကြည့်ရေးအဖွဲ့တွေအနေနဲ့ စာရင်းမှတ်တမ်းတင်တာတွေ သိပ်မရှိသော်လည်း ကြံ့ခိုင်ရေးပါတီ၊ စစ်ကောင်စီရဲ့ ဘက်က ပြောဆိုချက်တွေအရတော့ ၁ ထောင်ကျော်ရှိလာပြီလို့ ဆိုပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လက်နက်မကိုင်တဲ့ အရပ်သားတွေရဲ့ အသက်ဆုံးရှုံးမှုက ၂ ထောင်ကျော်ရှိလာချိန်မှာ တဖက်က သူတို့ရဲ့ ကိန်းဂဏန်းတွေကို ၁ ထောင်ကျော် ရှိတယ်လို့ ဆိုနေတာ ဖြစ်ပါတယ်။
အရပ်သားတွေ လက်နက်ကိုင် အဖွဲ့ဝင် မဟုတ်သူတွေ ကို ၄င်းတို့ နောက်ကွယ်မှာ သတင်းပေး၊ စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေကို အားပေးကူညီသူလို့ သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်ခြင်းဟာ ရေရှည်မှာ တော်လှန်ရေးရဲ့ ပုံရိပ်ကို ထိပါးစေနိုင်တယ်လို့ ထင်မြင်မိပါတယ်။ စစ်ကောင်စီက ဥပဒေမဲ့ သတ်ဖြတ်မှုတွေ လုပ်နေတာမို့လို့ တော်လှန်ရေး အင်အားစုတွေဘက်ကလဲ ဒီနည်းလမ်းနဲ့ တုံ့ပြန်ရုံက လွဲလို့ အခြားနည်းလမ်းမရှိဘူးလို့ စောဒက တက်ကောင်းတက်နိုင်ပါတယ်။ သို့ပေမယ့် လက်နက်ကိုင် မဟုတ်တဲ့ အရပ်ဘက်က သူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေက နိုင်ငံရေးအရ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို ထိပါးစေနိုင်သလို၊ လူ့အခွင့်အရေးကို လေးစားတဲ့ ကာကွယ်တဲ့ အင်အားစု တရားဥပဒေစိုးမိုးမှုကို လေးစားတန်ဖိုးထားတဲ့ အင်အားစုတွေအနေနဲ့ မလုပ်ဆောင်သင့်တဲ့အရာမျိုး ဖြစ်ပါတယ်။
ဒီလို ဥပဒေမဲ့ သတ်ဖြတ်မှုတွေက တယောက်တလေ ဖြစ်ပျက်တဲ့ ကိစ္စရပ်မျိုးဆိုရင်တော့ ပြဿနာမဟုတ်ပေမယ့်လည်း ရာဂဏန်း ထောင်ဂဏန်း ရောက်ရှိလာတဲ့အခါ သမိုင်းမှာ တိမ်မြုပ်ပျောက်ကွယ်သွားဖို့ ခက်ခဲပြီး လူတဦးချင်းရဲ့ သမိုင်းတင်မဟုတ်တော့ပဲ အဖွဲ့အစည်းရဲ့ သမိုင်း၊ ဦးဆောင်တဲ့ အဖွဲ့အစည်းရဲ့ တာဝန်ရှိမှုတွေကိုပါ ထိပါးလာနိုင်တာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးမှာ အသက်အန္တရာယ် မငဲ့ဘဲ ပါဝင်လာသူ လူငယ်တွေကို လုပ်ကြံသတ်ဖြတ်ရေး မစ်ရှင်လို အရာတွေနဲ့ ၄င်းတို့ရဲ့ အင်အားတွေ စွန့်လွှတ်မှုတွေကို အချည်းနှီးမဖြစ်စေဖို့ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေက လမ်းညွှန်မှုပေးဖို့ အရေးတကြီးလိုအပ်နေပြီလို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar