မိုး သက် ငြိမ် ဦး - လူသေနံ့တွေလှိုင်နေတဲ့လမ်းပေါ်
မိုး သက် ငြိမ် ဦး
(မိုးမခ) ဇွန် ၆၊ ၂၀၂၂
ခေါင်းကိုရိုက်ခွဲသွားလို့ကျလာတဲ့သွေးတွေ
မတိတ်တော့ဘူး
သွေးတွေကလမ်းပြမြေပုံ
သွေးတွေကရှေ့ဆက်ရန်ခွန်အား
သွေးတွေကအလျှံငြီးငြီးတောက်လောင်နေတဲ့မီး
သွေးတွေက ခွေးတွေကိုတိုက်ခိုက်ဖို့
အကောင်းဆုံးလက်နက်
မီးသားစုအသိုက်အမြုံဖြ်ိုချဖျက်ဆီးရုံမက
ပြာပုံအတိဖြစ်အောင်လောင်တိုက်သွင်း
အရှို့ခံလိုက်ရတဲ့မီးတွေ
မငြိမ်းတော့ဘူး
မီးတွေကဇာတိသွေးဇာတိမာန်
မီးတွေက
ထာဝစဥ်လောင်မြှိုက်နေမယ့်အခဲမကြေခြင်း
မီးတွေက
မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်
မီးတွေက
စီးဆင်းနေဦးမယ်ပင်လယ်တွေဆီ
ဟော့ဒီလမ်းပေါ်မှာပဲ
အရှင်လတ်လတ်ပစ်သတ်ခံရ
အစိမ်းသက်သက်မီးရှို့ခံရ
အဆင်ခြင်မဲ့အဖျက်ဆီးခံရ
အသက်တွေကို လက်နက်အားကိုးပြီး
ဆွဲနှုတ် ဖျက်ဆီး စုတ်ဖြဲခံကြရ
အမှန်တရားကိုစောင့်ရှောက်ပါတယ်ဆိုတဲ့
နတ်ဒေဝတာတွေဟာလဲ
ရူးချင်ယောင်ဆောင်နေတဲ့ စောက်ရူးတွေ
ခွေးတွေဝိုင်းဆွဲလို့ကျသွားရတဲ့သေလူတွေရဲ့
အနံ့တွေတွေဟာ
လမ်းတွေပေါ်မှာ ရပ်ရွာထဲမှာကမ္ဘာအနှံ့မှာ
လှိုင်လှိုင်ထလို့ ကြွေးကြော်ဟစ်ကြွေးနေကြ
ကမ္ဘာဟာမသာယာတော့တာကြာပြီ
ငါတို့ပြန်လာမယ်
ငါ တို့ ပြန် လာ မယ် ။ ။
6.6.2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar