Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၆ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၆ မြင်ကွင်း

(မိုးမခ) ဇွန် ၂၇၊ ၂၀၂၂


မဟာဗျူဟာလမ်းကြောင်းတွေ 

ပြည်မက တိုင်းဒေသကြီးတွေမှာ တိုက်ခိုက်မှုတွေ အရှိန်မြင့်နေဆဲ ကျေးရွာတွေက PDF တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ၊ မိုင်းခွဲတိုက်ခိုက်မှုတွေ နဲ့ မြို့တမြို့နဲ့တမြို့ဆက်သွယ်ထားတဲ့ ကားလမ်းတွေ၊ ပြည်နယ်တခုနဲ့တခု ဆက်သွယ်ထားတဲ့ ကားလမ်းတွေကို ကြားဖြတ် စစ်ဆေးတိုက်ခိုက်နိုင်တဲ့အနေအထားမျိုး ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဗျူဟာလမ်းလို့ ခေါ်တဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းလိုမျိုးကို စစ်ကောင်စီတပ်တွေအနေနဲ့ စိတ်ချလက်ချ မသွားလာနိုင်တဲ့ အနေအထားမျိုးဖြစ်နေတာ လအတန်ကြာရှိနေပြီဖြစ်ပါတယ်။ 

ဒီအခြေအနေကို စစ်ရေးအရ ဘယ်လို အကဲဖြတ်ကြသလဲ ၊ စစ်ရေးမဟာဗျူဟာ အရ ဘယ်လို အကဲဖြတ်ကြသလဲ ၊ နောက်တဆင့်က ဘာဖြစ်မလဲ နောက်တဆင့်ကို တက်လှမ်းနိုင်မလား စတာတွေကို ဘယ်အဖွဲ့အစည်းတွေက နားလည်သဘောပေါက်သလဲ၊ စီမံခန့်ခွဲ အမိန့်ပေးဖို့ လုပ်နေသလား ဆိုတာတော့ မသိရှိနိုင်ပါဘူး။ စစ်ကောင်စီဘက်ကတော့ စစ်ရေးအရ ဆယ်စုနှစ်များစွာ စစ်တိုက်ပြီး အာဏာရယူလာသူတွေ ဖြစ်တော့ ဒီလို အနေအထားကို သဘောပေါက်ကောင်း သဘောပေါက်နိုင်ပါတယ်။ သူတို့အဖို့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း နဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေလမ်းကြောင်း၊ ရေကြောင်းအရဆို အနောက်မြောက်ဒေသနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို ဆက်သွယ်ထားတဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက် ရေလမ်းကြောင်းစတာတွေကို အသုံးပြုနိုင်ဖို့ ကို မဟာဗျူဟာ အရ နားလည်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေမှာ သေချာပါတယ်။ လက်ရှိ အနေအထားမှာတော့ အဲဒီလမ်းကြောင်းတွေကို PDF တွေအနေနဲ့ မြို့နယ် အလိုက် ခြိမ်းခြောက်နိုင်တာ နှောက်ယှက်နိုင်တာမျိုး အခြေအနေတွေ့ရသော်လည်း ထိန်းချုပ် ပိတ်ဆို့ထားနိုင်တဲ့ အနေအထားမျိုးမဟုတ်သေးတာ ဖြစ်ပါတယ်။ 

ဗီယက်နမ် စစ်ပွဲကာလတုန်းက မြောက်ဗီယက်နမ်မှာ အခြေစိုက်ပြီး အားကောင်းတဲ့ ဟိုချီမင်းဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက အမေရိကန် အစိုးရ နောက်က ပံ့ပိုးကူညီပြီး တင်ထားတဲ့ တောင်ဗီယက်နမ်ကို ခြိမ်းခြောက်နိုင်ဖို့ တိုက်ခိုက်နိုင်ဖို့ အတွက် သေးပြီး ရှည်လျားတဲ့ ဗီယက်နမ်နိုင်ငံ မြေပုံတလျှောက် ဟိုချီမင်းလမ်းကြောင်း လို့ခေါ်တဲ့ ထောက်ပို့ လမ်းကြောင်းကို တောတွေ တောင်တွေထဲကနေ ဖောက်လုပ်ထားပြီး တောင်ဗီယက်နမ်မှာ တိုက်ပွဲတွေ တိုက်နိုင်အောင် မဟာဗျူဟာအရ လုပ်ဆောင်ခဲ့ကြတဲ့ သမိုင်းသာဓကတွေ ရှိပါတယ်။ 

မြန်မာနိုင်ငံက ဗီယက်နမ်နိုင်ငံလောက် ကျဥ်းမြောင်း ရှည်လျားတဲ့ မြေပြင် အသွင်အပြင်မျိုးမဟုတ်ပေမယ့် ကချင်၊ စစ်ကိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်တို့ ကိုဆက်သွယ်ဖို့ ဆို မကွေးကနေ အထက်ကို တက်တဲ့ ကားလမ်း၊ မန္တလေး၊ မုံရွာကနေ အထက်ကိုတက်တဲ့ ကားလမ်း ၊ ရေလမ်း ၊ စစ်ကိုင်းကနေ အထက်ကိုတက်တဲ့ ဗျူဟာလမ်းတွေပဲ ရှိတာဖြစ်ပါတယ်။ စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေ PDF အဖွဲ့တွေ အနေနဲ့ အင်အားကြီးမားလာလို့ နောက်တဆင့် မဟာဗျူဟာ အရ စဥ်းစားမယ်ဆိုရင် ဒီလို လမ်းကြောင်းတွေကို စစ်ရေးအရ ထိန်းချုပ်နိုင်အောင် စဥ်းစားရမယ့်သဘောမျိုးလည်း ဖြစ်ပါတယ်။ 

သို့သော် လက်ရှိ အနေအထားက အဲဒီလို ထိန်းချုပ်နိုင်တဲ့ အဆင့်ရောက်ဖို့ အဆင်သင့် ဖြစ်နေသလား သို့မဟုတ် စစ်ကောင်စီတပ်တွေကို နှောင့်ယှက်နိုင်တဲ့ အနေအထားမျိုးမှာပဲ ရှိသေးသလား ၊ ပြောက်ကျားစစ်အဆင့်မှာပဲ ရှိနေသေးတာလား သို့မဟုတ် နယ်မြေစိုးမိုးနိုင်ပြီးအချို့ ဒေသတွေ လမ်းကြောင်းတွေကို ထိန်းချုပ် ၊ ထိုးစစ်ဆင်နိုင်တဲ့ အနေအထားရှိနေလားဆိုတာလည်း မိမိတို့ဘက်ကို မိမိတို့ ရိုးရိုးသားသား အရှိတရားအတိုင်း အကဲဖြတ်သုံးသပ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ 

မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ စစ်ရေးလမ်းကြောင်းကို ကိုင်စွဲထားကြပြီး အရင့်အရင် ဆယ်စုနှစ်များစွာကတည်းက လက်နက်ကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိသလို အခုမှ ဒေသအလိုက် ပေါ်ထွက်လာတဲ့ PDF အဖွဲ့တွေလည်း ရှိတာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တနိုင်ငံလုံးကို သိမ်းမယ်ဆိုတဲ့ ရည်မှန်းချက်မျိုး ထက် မိမိတို့ဒေသမှာ စိုးမိုးထိန်းချုပ်နိုင်တဲ့ နယ်မြေပိုကျယ်ပြန့်လာရေး၊ ကိုယ့်ဒေသက ပြည်သူလူထုတွေကို ပိုမိုကာကွယ်ပေးနိုင်ရေးကိုသာ ရည်မှန်းကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် တဖွဲ့နဲ့ တဖွဲ့ ပေါင်းစပ်တိုက်ခိုက်တာ အချိန်ကိုက်ပြီး တိုက်ခိုက်တာ စတဲ့အတွေ့အကြုံတွေ နည်းပါးကောင်း နည်းပါးနိုင်ပါတယ်။ အခု စစ်ကိုင်း၊ မကွေးအထက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့သစ်တွေ အချင်းချင်းအကြားမှာရော ရှိနှင့်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ပူးပေါင်းစစ်ဆင် တိုက်ခိုက်မှုတွေ ခုချိန်ထိတော့ မရှိသေးဘူးလို့ဆိုရမယ် ထင်ပါတယ်။ ကေအန်ယူနယ်မြေမှာ ကယားပြည်နယ် နယ်မြေမှာ ပူးပေါင်းတပ်ဖွဲ့ အနေနဲ့ တိုက်ခိုက်တာမျိုးသာ ရှိနေသေးပြီးနယ်မြေတခုလုံး သို့မဟုတ် နယ်မြေတခုနဲ့တခု အကြား ချိန်ကိုက် ထိုးစစ်ဆင်မှုတွေ ပူးပေါင်းတိုက်ခိုက်မှုတွေတော့ အခုချိန်ထိ မတွေ့ရသေးပါဘူး။ 

စစ်ရေးအရ အပြောင်းအလဲ ဖြစ်ဖို့ အဆင့်တဆင့် တက်ဖို့ဆိုရင်တော့ မဟာဗျူဟာအရ အဲလို ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးက မရှိမဖြစ်လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar