Breaking News

ဘီရုမာ - စစ်ဖိနပ်အောက် ဒူးမထောက်ဘူး

ဘီရုမာ - စစ်ဖိနပ်အောက် ဒူးမထောက်ဘူး
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းရဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၆၂ ဆဲဗင်းဂျူလိုင်၊ ၇၄ ဦးသန့်အရေးအခင်း၊ ၇၅ ဇွန်အရေးအခင်းနဲ့ ၇၆ မှိုင်းရာပြည့် အရေးခင်းတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး ၇၆ မှိုင်းရာပြည့် အရေးအခင်း အတွက် ပြင်ဆင်နေစဥ်မှာပဲ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ဖမ်းဆီးခံခဲ့ရတယ်။ အဲဒီနောက် ဇွန် ၂၆ ရက်နေ့မှာ ဆလိုင်းတင်မောင်ဦးဟာ အင်းစိန်ထောင်တွင်း ကြိုးပေး ကွက်မျက်ခံခဲ့ရပါတယ်။

ရန်ကုန်တက္ကသိုလ် ချင်းစာပေနဲ့ယဉ်ကျေးမှုအသင်း (ခ-စ-ယ)မှာ ဆလိုင်းတင်မောင်ဦး အတွင်းရေးမှူးအဖြစ် တာဝန်ယူထားချိန် တွဲဘက်အတွင်းရေးမှူးအဖြစ် လက်တွဲလုပ်ခဲ့ဖူးတဲ့ ပူးထန်နန်လျန်းထန်က ဆလိုင်းတင်မောင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓါတ်ကို ပြောပြတာက..

“ကျနော်က သူ့ကို ဘာပြောဖူးသလဲဆိုတော့ ဗမာတွေထဲမှာပေါ့နော် ဗမာတသောင်းသေရင်တောင်မှ ကျောင်းသားက တဦးမဟုတ် တဦးခေါင်းဆောင်ပြန်ပေါ်နိုင်တယ်။ ကိုတင်မောင်ဦးလို ပုဂ္ဂိုလ်မျိုးဆိုတာက ကျနော်တို့ ချင်းလောကမှာ ပေါ်ဖို့မလွယ်ဘူးလို့ ကျနော်သူ့ကိုပြောဖူးတယ်။ သူက ဘာပြောသလဲဆိုတော့ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတခုတည်းအတွက်ပဲမဟုတ်ပဲနဲ့ တနိုင်ငံလုံးအတွက် ပေးဆပ်တာကို သူဂုဏ်ယူတယ်လို့ သူ ကျနော့်ကို ပြောဖူးတယ်။ သူက ဗိုလ်နေဝင်းရဲ့ စစ်တပ်က အာဏာသိမ်းပြီးတော့ လွှမ်းမိုးထားတဲ့ စစ်အာဏာရှင်စနစ်ပျောက်မှ ဒီမိုကရေစီ စနစ်နဲ့ တိုင်းပြည်ကို တည်ဆောက်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆရှိတယ်။ ဒါကြောင့် အကြောက်တရားကို အမှန်တရားနဲ့ တုံ့ပြန်ရဲတဲ့ သတ္တိ ပြည်သူလူထုအားလုံးမှာရှိရင် လူထုလှုပ်ရှားမှုအားဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေတောင် နောက်ဆုံးတော့ အရှုံးပေးရတယ်ဆိုတဲ့ အယူအဆ သူ့မှာ အပြည့်ရှိတယ်။ သူ့လိုအယူအဆ တော်ရုံလူမှာမရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက အသက်အန္တရာယ်အတွက်ကြောက်ကြတာပေါ့။”

“သူ့ကို ကျနော်တို့ ဆုံးရှုံးလိုက်ရတာက ကျနော်တို့ ချင်းတမျိုးသားလုံးနဲ့ မြန်မာကျောင်းသားထု တရပ်လုံးအတွက် နှမျောစရာကောင်းတဲ့ ခေါင်းဆောင်ကောင်းတယောက်ကို ဆုံးရှုံးလိုက်ရတယ်လို့ ကျနော်တို့ အမြဲတမ်းခံယူပါတယ်။ သူက သတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲတဲ့အတွက်ကြောင့်မို့ သူ့နောက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေကနေ သတ္တိရှိရှိနဲ့ အလုပ်လုပ်သွားတယ်လို့ ကျနော်ပြောချင်တယ် ။ ဒီနေ့အထိ ကျနော်တို့မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးတွေ ၊ ၈၈ လှုပ်ရှားမှုရဲ့ သမိုင်းမှတ်တမ်းတွေကိုတောင်မှ အပြည့်အ၀ မှတ်တမ်းမတင်နိုင်သေးတဲ့ကာလမှာ ဆလိုင်းတင်မောင်ဦး ကိုတော့ တချို့တဝက် မေ့နေကြပြီလို့တောင် ကျနော်စိတ်ထဲမှာ မကောင်းစွာနဲ့ ခံစားမိပါတယ်။”

ဗိုလ်နေဝင်း စစ်အစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးခဲ့သလို၊ သူနဲ့အတူ အဖမ်းခံရတဲ့ ညီမဖြစ်သူ မိုင်ပိုပိုဒင်(ခေါ်) မလှမြိုင်ကိုထောင်ဒဏ်(၉)နှစ် ၊ အကိုဖြစ်သူ လှဆွေကို ထောင်ဒဏ်(၇)နှစ်နဲ့ မိဘတွေကို ထောင်ဒဏ် (၅)နှစ်စီ အသီးသီးချမှတ်ခဲ့တယ်။
...

၁၉၆၂ ခုနှစ် နေဝင်း စစ်အာဏာသိမ်းချိန်မှာ ဆလိုင်းတင်မောင်ဦးဟာ အသက် ၁၁နှစ်ပဲ ရှိသေးတယ်။ ဆလိုင်းတင်မောင်ဦးဟာ အားကစားမှာ ထူးချွန်ရုံမက ဂီတအနုပညာလည်း ကျွမ်းကျင်သူ ဖြစ်ပါတယ်။

တက္ကသိုလ် ကျောင်းသားဘဝမှာ နိုင်ငံရေး လှုပ်ရှားမှုများမှာ ဦးဆောင်ပါဝင်ခဲ့တယ်။ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ် သမိုင်းဝင်း အတွင်း ဖြစ်ပွားတဲ့ ကျောင်းသား အရေးအခင်းမှာလည်း တက်ကြွစွာ ပါဝင်ခဲ့တယ်။ အဖမ်းခံခဲ့ရပြီး ဗိုလ်နေဝင်းစစ်တပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုတဲ့ ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၃ ရက်မှာ ပြန်လွှတ်လာပါတယ်။ 

၁၉၇၄ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ် ခံခဲ့ရပြီး ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေး အတွက် ချင်းအမျိုးသားများ၏ နာမည်ရှေ့မှာ ဆလိုင်း၊ ချင်းအမျိုးသမီးများ၏ နာမည်ရှေ့တွင် မိုင်ဆိုပြီး ခေါ်ဝေါ်သုံးစွဲဖို့ အတည်ပြုနိုင်ခဲ့တယ်။

၁၉၇၄ ခုနှစ်တွင် ဖြစ်ပွားတဲ့ ဦးသန့် အရေးအခင်းမှာ စစ်အစိုးရကို ရဲဝံ့စွာ ဆန့်ကျင်တဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ခဲ့တယ်။ အရေးအခင်းမှာ စစ်တပ်က လိုက်ဖမ်းတာကြောင့် အခြား ကျောင်းသား ခေါင်းဆောင် ၅ ဦးနဲ့ အတူ ထိုင်း နယ်စပ်ကို တိမ်းရှောင်ခဲ့တယ်။

၁၉၇၅ မှာ ရန်ကုန်ကို ပြန်ရောက်လာပြီး ဇွန်လ ၆ ရက်မှာ ဖြစ်ပွားတဲ့ ရွှေတိဂုံ ကျောင်းသား အရေးအခင်းမှာ ဦးဆောင် ပါဝင်ခဲ့ပြန်တယ်။ စစ်တပ်က ဆန္ဒပြ ကျောင်းသားတွေကို လိုက်ဖမ်းပြီး ေထာင်ဒါဏ် မတန်တဆတွေ ချခဲ့တယ်။ အဲ့ဒီမှာတော့ ဆလိုင်းတင်မောင်ဦးဟာ လွှတ်မြောက်နိုင်ခဲ့တယ်။ ၁၉၇၆ မတ် ၂၃ ရက်မှာလုပ်မယ့် သခင် ကိုယ်တော်မှိုင်းရဲ့ မှိုင်းရာပြည့် အရေးအခင်း ဖြစ်မြောက်အောင် ဦးဆောင် ကြိုးပမ်းနေစဉ်မှာပဲ ကမာရွတ် ပတ္တမြားခြံမှာ အဖမ်းခံလိုက်ရတယ်။ မှိုင်းရာပြည့် အရေးအခင်းမှာ ဆလိုင်းတင်မောင်ဦး နဲ့အတူ ဖခင် ဦးမြဒင်နဲ့ အစ်ကို ဆလိုင်းလှဆွေတို့လည်း အဖမ်းခံခဲ့ရတယ်။ ညီမ ဖြစ်သူ မိုင်ပိုပိုတင် ခေါ် မလှမြိုင်က နဝမတန်းသာ ရှိသေးပေမယ့် အစ်ကိုတွေနဲ့ အဖေတို့ အဖမ်းခံလိုက်ရတော့ မှိုင်းရာပြည့် အရေးအခင်းမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တယ်။ အဲ့အတွက်ပဲ သူမလည်း အဖမ်းခံခဲ့ရပါတယ်။

ကျောင်းသားတွေကို စစ်တပ်က စစ်ခုံရုံးတင် စီရင်ပြီး ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးခဲ့ကြတယ်။ စစ်ခုံရုံးမှာ အသနားခံစာ တင်ဖို့ စစ်တပ်ကပြောရာ "မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" ဟု ရဲဝံ့စွာ ပြန်ပြောခဲ့တဲ့ စကားဟာ သမိုင်းဝင်သွားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ရက်မှာတော့ စစ်အာဏာရှင် အစိုးရက ကြိုးပေး ခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးခဲ့ပေမယ့် ကျောင်းသားနဲ့ လူထုရဲ့ တော်လှန်ရေးအရှိန် ကျမသွားသလို စစ်အစိုးရအတွက်လည်း အကျိုးယုတ်စရာတွေသာ ကြုံခဲ့ရတာကြောင့် အဲ့ဒီနောက်ပိုင်းမှာ သေဒါဏ်တွေကို ကြိုးမပေးတော့ပဲ ဆိုင်းငံ့ထားခဲ့တာ ဒီနေ့တိုင်ပါပဲ။

ဒါကို ဉာဏ်ရှည်အပုဆုံး စစ်အာဏာရှင် မအလတို့ တသိုက်က သေဒါဏ်တွေကို အစပြန်ဆွဲထုတ်လာတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar