နေချိုသွေး - လွတ်မြောက်ရေးတောအုပ်ထဲက တယောသံ ဗုံသံ ကြွေးကြော်သံတွေ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂
မိုးမြားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အာခံအန်တုပြီး
သီးကင်းနုလို ဘဝတွေကနေ ရုန်းထွက်မယ့်
တောအုပ်ထဲက တယောသံ ဗုံသံတွေ
လွတ်မြောက်ရေးတောအုပ်ထဲက တယောသံ ဗုံသံတွေဟာ
အိမ်လွမ်းနာကျတိုင်း နာနာကျင်ကျင် ရွတ်ဆိုလိုက်တဲ့
သီချင်းသံတွေ...
ကဗျာသံတွေ...
တိုက်ပွဲခေါ်သံတွေ...
တော်လှန်ကြယ်လေးတွေ...
နိုင်ငံတော်အလံမှာ ဆွဲချိတ်ထားရမယ့် အောင်လံတော်လည်းဖြစ်ရဲ့...။
မာသာထရီဇာလို
လူကြီးမင်းတို့ အပိုကုန်မယ့် ပိုက်ဆံတွေကို
ငတ်မွတ်နေသူတွေအတွက် ကူညီပေးဖို့တောင်းဆိုသလိုမျိုး
လူကြီးမင်းတို့ သုံးဖြုန်းပစ်မယ့် ပိုက်ဆံတွေကို
ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ဘဝတွေအတွက် ကူညီပေး
တော်လှန်ရေးအတွက် ကူညီထည့်ဝင်ပေး
တောင်းဆိုသလိုမျိုး
အိပ်လည်းချမ်းသာ နိုးလည်းချမ်းသာ လူမှုဘဝချမ်းသာရစေမယ့်
လွတ်မြောက်ရေး တောအုပ်ထဲက တယောသံ ဗုံသံတွေ
မြေပြန့် လွင်ပြင် တောင်တန်းနဲ့ မြစ်ဝကျွန်းပေါ်အနှံ့
ကြွေးကြော်သံတွေအပြည့် တယောသံ ဗုံသံတွေ...။
စစ်အာဏာရှင်အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ ကြိုးစားနေတဲ့
တယောသံ ဗုံသံတွေဟာ
နိုင်ငံတော်သီချင်းရဲ့ တေးသွားတွေ
ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် အဆုံးထိတိုက်ပွဲဝင်မယ့်
တေးသွားတွေ
အဓမ္မနဲ့ ဓမ္မရဲ့ တိုက်ပွဲမှာ
နိုင်ငံတော်သီချင်းပါ စာသားတွေအတိုင်း
ရရင် ရ
မရရင် အဆုံးထိ ချမယ့် တယောသံ ဗုံသံတွေ...။
တောအုပ်ထဲက တယောသံ ဗုံသံတွေဟာ
ဗုံးတွေ ဖြစ်သွားပြီ...။
ပဒေသာပန်းကုံးလို ဗုံးတွေရဲ့ ကြွေးကြော်သံတွေဟာ
အာဏာရှင်တွေနဲ့ စနစ်ဆိုးကို ပစ်ချိုးလိုက်ကြတယ်...။
အကျဉ်းထဲ အကျပ်ထဲမှာ မတရားမှုကို ငုံ့မခံနိုင်သူတို့ရဲ့
သတ္တိသွေးထဲက တယောသံ ဗုံသံတွေ
ကြွေးကြော်သံတွေဟာလွင့်လို့...နိုင်ငံတော်အလံလို
မားမားမတ်မတ်... ။
ဘိုလီဗီးယားတောအုပ်ထဲက ရဲဘော်ချေဂွေဗားရားရဲ့ တယောသံတွေ
နယ်လ်ဆင်မင်ဒဲလား တီးခတ်လိုက်တဲ့ ဗုံသံတွေ
လွတ်မြောက်ရေးတောအုပ်ထဲက
တယောသံ ဗုံသံ ကြွေးကြော်သံတွေဟာ
မုန်တိုင်းထန်တဲ့ လေဟုန်ကိုဆန်ပြီး
ရည်ရွယ်ရာ ပန်းတိုင်ဆီ အုပ်ဖွဲ့ပျံသန်းနေတဲ့ ချိုးကြာငှက်တွေလိုပေါ့...
နေခြည်နုနုမှာ
မြင့်မြတ်စင်ကြယ်မှုတွေ ဖူးပွင့်လို့
တောင်ဇလပ်ပန်းတွေလိုပေါ့...
သလ္လာဝတီချင်းတွင်းမြစ်ရိုးတလျှောက်က
တိုက်ပွဲခေါ်သံတွေဟာ တလူလူလွင့်လို့...
ခွင်တူညီမျှ ဝါဒဖြူစင်ဖို့အတွက်
လွတ်မြောက်ရေးတောအုပ်ထဲက တယောသံ ဗုံသံ ကြွေးကြော်သံတွေ
သွေးစည်းညီညွတ်မှုတွေနဲ့ ဟုန်းဟုန်းတောက်လို့...
နိုင်ငံတော်ကြီးကို ကယ်တင်ဖို့
ချီတက်လာခဲ့ပြီ...။ ။
နေချိုသွေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar