ကောင်းဇေလူ - မြန်မာ့အရေးနောက်ကွယ်က တရုတ်နိုင်ငံရဲ့ရပ်တည်ချက်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ ၁ နှစ် ၆ လ ရှိလာခဲ့ပြီဖြစ်တယ်။ မတရား အာဏာသိမ်း ၁၈ လခန့်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံး ပြည်သူ ၂,၁၁၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၈၄၂ ယောက်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားတာ တွေ့ရတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ရ၆ ယောက် သေဒဏ်ချမှတ်ခံထားရပြီး၊ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက်အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိလာခဲ့ပြီလို့ အေအေပီပီစာရင်းအရ သိရတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီက အရပ်သားအစိုးရသစ်ဖွဲ့ဖို့ လွှတ်တော်အစည်းအဝေးကိစ္စ ပြင် ဆင်နေခိုက်မှာ အခြေအမြစ်မရှိတဲ့ မဲစာရင်းလိမ်ညာမှု လုပ်ကြံဖန်တီးချက်နဲ့ စစ်ခေါင်းဆောင် မင်းအောင် လှိုင်က အာဏာသိမ်းခဲ့တာဖြစ်တယ်။ တကယ်က အငြိမ်းစားယူရတော့မယ့် ဗိုလ်ချုပ်မှူးကြီးဆိုသူဟာ အာဏာလက်လွှတ်ရမှာကို စိုးရိမ်ထိတ်လန့်ပြီး မတရားနည်းနဲ့ ရယူပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာ အိမ်ခြံမြေတွေ ဆုံးရှုံးမှာကြောက်တဲ့ လောဘကြောင့် လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာဖြစ်တယ်။ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်တွေဟာလည်း သူ့လိုပဲ အာဏာအလွဲသုံးပြီး ကြီးပွားချမ်းသာလာသူတွေဖြစ်လို့ သေဖေါ်ညှိစရာတောင်မလိုဘဲ အာဏာသိမ်းမှုထောက်ခံခဲ့ကြတယ်။ အာဏာရူး စစ်ဗိုလ်ချုပ်တသိုက်ဟာ အတ္တကို ရှေ့တန်း တင်ပြီး နိုင်ငံနဲ့ပြည်သူကို သစ္စာဖေါက်လိုက်ကြတာဖြစ်တယ်။ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းပါတစုဟာ မြန်မာ့သမိုင်းမှာ သစ္စာဖေါက် အာဏာရူးတွေအဖြစ် သမိုင်းတင်ခံရမယ့် အရေးကို မျက်ကွယ်ပြုခဲ့ကြတဲ့ ဗာလနံတွေဖြစ်တယ်။
စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၆ လပြည့်တဲ့ ၂၀၂၁ သြဂုတ်လ ၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရဆိုပြီး ပြင်ဆင်ဖွဲ့စည်းလိုက်ပြန်တယ်။ အာဏာသိမ်းတုန်းက တနှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ပြောခဲ့ပေမယ့် ၆ လပြည့်ချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ငန်းဆောင်တာတွေ အားလုံး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပြီးစီးမယ်လို့ မင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့် သွင်းပြောကြားသွားခဲ့တယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းကာလကို တဖြည်းဖြည်းချင်း ဆွဲဆန့်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ ရွေးကောက်ပွဲအတုကို ပြည်သူတွေက အယုံအကြည် မရှိဘူး လို့ ဝေဖန်သံတွေ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာ အဆက်မပြတ် ထွက်ပေါ်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကိုသာ ဆက်လက်အသိအမှတ်ပြုမယ်။ နောက်ထပ် စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲအတုကို လုံးဝ အသိ အမှတ်ပြုမှာမဟုတ်ဘူးလို့ ပြည်တွင်းပြည်ပက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်။
ဒါပေမယ့် အကြမ်းစစ်ခေါင်းဆောင်က ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထပ်တလဲလဲ ပြောနေတုံးပါပဲ။ ဘယ်သူ့အားကိုးနဲ့ မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ ကြံစည်နေတာလဲ။ သူအဓိက ဖက်တွယ် အားကိုးသူကတော့ တရုတ်နိုင်ငံပါပဲ။ တရုတ်ဘက်က မြန်မာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ပဋိပက္ခကို မရပ်နိုင်ခဲ့ရင် မြန်မာဟာ ကျရှုံးနိုင်ငံ ဖြစ်သွားလိမ့်မယ်လို့ သုံးသပ်ဖူးတယ်။ မြန်မာသာ ကျရှုံးနိုင်ငံဖြစ်သွားခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေအပေါ်လည်း ဆိုးကျိုးသက်ရောက်နိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့အကျိုးကို လိုလားတဲ့ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံအဖွဲ့အစရှိတဲ့ အဖွဲ့အစည်းတွေ၊ အိမ်နီးနားချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက ပူးပေါင်းဖြေရှင်းပေးသင့်တယ်လို့ တရုတ်မီဒီယာတွေက အသံကောင်းဟစ် ရေးလေ့ရှိတယ်။
မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာနိုင်ငံလာရောက်ခဲ့တယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဘေဂျင်းအစိုးရအကြီးအကဲတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်တယ်။ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပူးတွဲဥက္ကဋ္ဌ လုပ်ဖို့ ဖြစ်တယ်။ ဒီ့အပြင် အခြားသိသာတဲ့့ အချက်က မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ကို ကျောထောက်နောက်ခံ ပေးဖို့ဖြစ်တယ်။ အရှိန်အဟုန်နဲ့ ကြီးထွားလာနေတဲ့ မြန်မာပြည်သူတွေနဲ့ဂျန်ဇီးလူငယ်တွေရဲ့ ခုခံတော်လှန်တိုက်ခိုက်မှုတွေကြောင့် အကြပ်ဆိုက်နေတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဘက်မှာ ရပ်တည်ကြောင်း ၀မ်ယိက ပြသဖို့ဖြစ်တယ်။ တရုတ်ဟာ စစ်ကောင်စီဘက်က ရပ်တည်ကြောင်း ပိုပြီးခိုင်မာသွားစေတဲ့ အချက်ကတော့ ဇုလိုင် ၂၂ ရက်နေ့က ICJ တရားရုံးမှာ ဖြစ်ပေါ်ခဲပါတယ်။
ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာအရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့နိုင်ငံမဟုတ်တဲ့အတွက် ဒီကိစ္စမှာ ပါဝင် စွဲဆိုခွင့်မရှိကြောင်း မဲခွဲဆုံးဖြတ်ချက်ကို ICJ က ပယ်ချပါတယ်။ လူသားထုအပေါ် ကျူးလွန်တဲ့ကိစ္စရပ်များအပေါ် ကာကွယ်ရန် သတ်မှတ်ထားတဲ့ ဂျီနိုဆိုဒ်ပဋိဉာဏ်စာတမ်းအရ စိုးရိမ်ပူပင်တဲ့ နိုင်ငံတိုင်းအနေနဲ့ စာချုပ်ပါ အဖွဲ့ဝင် အခြားနိုင်ငံတခုအပေါ် တရားစွဲဆို တင်ပြပိုင်ခွင့်ရှိကြောင်း ICJ က ဆုံးဖြတ်ခဲ့တယ်။ အဲဒီ ဆုံးဖြတ်ချက်အပေါ်ကိုတော့ တရားသူကြီး ၁၅ ဦး ထောက်ခံပြီး၊ တဦးက ကန့်ကွက်ခဲ့ပါတယ်။ မြန်မာဘက်က ရပ်ပြီး ကန့်ကွက်ခဲ့တဲ့တရားသူကြီးဟာ တရုတ်နိုင်ငံကိုယ်စားလှယ်ဖြစ်နေတာတွေ့ရတယ်။
မင်းအောင်လှိုင် စစ်အာဏာတည်မြဲရေးကို ကူညီခြင်းအားဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အပါအဝင် မဟာ ဗျူဟာ စီးပွားရေးစီမံကိန်းတွေ အမြန်ပြန်စနိုင်လိမ့်မယ်လို့ တရုတ်က မျှော်မှန်းထားပုံရတယ်။ ဒါမှသာ တောင်အာရှနဲ့ အရှေ့တောင် အာရှဒေသတွေနဲ့ဆက်စပ်ပြီး စီးပွားရေး ဩဇာချဲ့ထွင်နိုင်မှာဖြစ်တယ်လို့ တရုတ်တို့က မျှော်မှန်းထားပုံပါပဲ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းဟာ တရုတ်ပြည်အတွက် အရေးပါတယ်လို့ တွက်ဆထားတဲ သဘောဖြစ်တယ်။ မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ဒုတိယနေရာမှာ ရှိတယ်။ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အစီရင်ခံစာအရ တရုတ်ဟာ မြန်မာနိုင်ငံမှာ စီမံကိန်း ၄၃၀ ခု လုပ်ကိုင်နေကြောင်း သိရတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀,၉၃၄.၆၁၆ ရှိတယ်လို့ DICA က ဆိုတယ်။ မြန်မာနိုင်ငံ FDI စုစုပေါင်းရဲ့ ၂၅ ဒဿမ ၂၁% က တရုတ် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ဆိုထားတယ်။ ဒါကြောင့် တရုတ်က မြန်မာရှိတဲ့ သူ့စီမံကိန်းတွေ မြန်မြန် အကောင်အထည်ဖေါ်ရေးအတွက် မင်းအောင်လှိုင်အာဏာတည်မြဲရေးဘက်ကို ထောက်ခံဖို့ဆုံးဖြတ်လိုက်ပုံရတယ်။
ဒီမိုကရေစီထောက်ခံတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF တပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေကို သူ့အကျိုးစီးပွားဖေါ်ဆောင်ရေးအတွက် အတားအဆီးသဖွယ် တရုတ်က မြင်နေတယ်။ တရုတ်ရဲ့ ကိုယ်ကျိုးစီးပွား ပဓါနထားမှု အယူအဆဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အန္တရာယ်ဖြစ်လာနေတယ်။ အာဏာသိမ်း စစ်ကောင်စီကို ကူညီခြင်းနေခြင်းဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက် လုယက်မီးရှို့သတ်ဖြတ်မှုတွေ ပိုမိုဖြစ်ပေါ်အောင် အားပေးထောက်ခံသလို ဖြစ်နေတယ်။ အကြမ်းဖက်စစ်ကောင်စီကိုထောက်ခံပြီး ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ မဲခေါင်ဒေသနိုင်ငံတွေကို တရုတ်က တွန်းအားပေးနေတဲ့အတွက် အာဆီယံအနေနဲ့လည်း ကြားဝင်ညှိနှိုင်းခွင့် ဆုံးရှုံးနိုင်တယ်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပုံရိပ်ကို ကြည့်ရင် အာဆီယံအဖွဲ့အတွင်း မြန်မာ့အရေးအပေါ် သဘောထားကွဲနေကြောင်း ပေါ်လွင်နေတယ်။
တရုတ်နဲ့ အာဆီယံအဖွဲ့လတ်တလော မျက်ခြေပြတ်နေတာက မြန်မာပြည်တွင်းက နွေဦးတော်လှန်ရေး အခြေအနေဖြစ်ပါ တယ်။ ဒီအတောအတွင်း နွေဦးတော်လှန်ရေးကို လေ့လာကြည့်ရင် မင်းအောင်လှိုင်အကြမ်းဖက်စစ်တပ်ရဲ့ အခြေအနေ ယိမ်းယိုင်နေတာ တွေ့ရတယ်။ ၂၀၂၂ ဇူလိုင် ၂၃ ရက် တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၂၃ ယောက်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကထုတ်ပြန်ကြောင်း DVB သတင်းမှာ ဖေါ်ပြတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေကြောင်း၊ ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက် အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် ၈၉၀ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာကာလအတွင်း စစ်ကောင်စီ တပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုတယ်။
ဒီမြေပြင်အနေအထားအရ အကြမ်းဖက်စစ်တပ်ဟာ စစ်ပမ်းနေပြီး၊ တိုက်ရည်ခိုက်ရည်နဲ့စိတ်ဓါတ်ရေးရာ တော်တော်ကျဆင်းနေတာ သိနိုင်တယ်။ အတိုက်အခံဘက်ကို ကူးပြောင်းသွားတဲ့ အရေအတွက်ကလည်း နှစ်သောင်းကျော်နေပြီလို့ မီဒီယာသတင်းတွေအရသိရတယ်။ ဒီအခြေအနေက မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်တပ်ဟာ သိပ်မကြာခင်မှာ စစ်ဦးကျိုး တော့မယ့်နိမိတ်လို့ဆိုနိုင်တယ်။
ဒီအချိန်မှာ အာဆီယံမူ ၅ ရပ်ဟာ အလုပ်မဖြစ်ဘူးလို့ဝေဖန်ပြီး စစ်ကောင်စီကို အာဆီယံအနေနဲ့ ဖိအားထပ်တိုးပေးဖို့ အမေရိကန်က တောင်းဆိုထာတယ်။ အာဆီယံအဖွဲ့ထဲမှာလည်း စစ်အုပ်စုကို တင်းတင်းရင်းရင်း ဖိအားပေးလိုတဲ့ အုပ်စုနဲ့ တရုတ်မူအတိုင်း ရပ်တည်လိုတဲ့အုပ်စုဆိုပြီး နှစ်သင်းကွဲနေတယ်။ မြန်မာ့ကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးအရေးယူခြင်းကို အမေရိကန်ခလမ်းစဉ်အဖြစ် မှတ်ယူပြီး တရုတ်က မကြိုက်ဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာ့အရေးအပေါ် တရုတ်မျှော်လင့်ချက် ၃ ရပ်အနက် အာဆီယံအနေနဲ့ အာဆီယံမူအတိုင်း ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မလုပ်ဘဲ၊ ပေါင်းစပ်ညှိနှိုင်းရေးအခြေခံမူကို ကိုင်စွဲပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြုသဘောနဲ့ ဖော်ဆောင်စေ ချင်တယ်။ အာဆီယံရဲ့ စည်းလုံးညီညွတ်တဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းစေချင်တယ်။ ဆိုလိုတာက မြန်မာကိစ္စကိုင်တွယ်ရာမှာ စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းပေါ် စစ်ကောင်စီအပါအဝင် သက်ဆိုင်သူအားလုံးကို ဆွဲတင်ရေးဖြစ်တယ်။
တရုတ်ဖြစ်စေချင်တာက အရင်အခြေအနေအတိုင်း စစ်တပ်ကို ပိုနေမြဲကျားနေမြဲ နေစေချင်တဲ့သဘောဖြစ်တယ်။ တရုတ် သဘောက မြန်မာနိုင်ငံ ဒီမိုကရေစီဘက် လုံးလုံးရောက်သွားမှာ မလိုလားတဲ့သဘောဖြစ်တယ်။ ဒါကြောင့် အရင်အတိုင်း ၂၀၀၈ ဖွဲ့စည်ပုံအောက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းအောင်လုပ်ပါလို့ ဆိုလိုရိပ်ရှိပါတယ်။ ဒါက တရုတ်အကျိုးစီးပွားကို ဗဟိုပြုတဲ့ စဉ်းစားချက်ဖြစ်တယ်။ နွေဦးတော်လှန်ရေး မူဝါဒတွေနဲ့ပြောင်းပြန်ဖြစ်နေတယ်။ တိုင်းရင်းသားတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းထားပြီးဖြစ်နေတဲ့ အချက်ကို တရုတ်နဲ့အာဆီယံက မသိချင်ယောင်ဆောင်နေတယ်။ တရုတ်က အာဆီယံကို အသုံးချပြီး စစ်တပ်နေရာပြန်ရရေး လုပ်နေတာ မြင်သာပါတယ်။
တချိန်ထဲမှာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ၂၀၂၃ သြဂုတ် ရွေးကောက်ပွဲဆိုတာဟာ ဘယ်အခြေခံမူနဲ့မှ မညီညွတ်တဲ့ ပွဲလှန့်ပြီး ဖျာခင်းဖို့ကြံစည်တာ ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ကုလသမဂ္ဂနဲ့နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုပြီးဖြစ်တယ်။ ဒါကြောင့် တရားမဝင်ရွေးကောက်ပွဲကို ဇွတ်လုပ်ပြီး မင်းအောင်လှိုင်က သမ္မတလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ အဲဒီ အကြံအောင်ခဲ့ရင် ဆက်လက်ပေါ်ပေါက် လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ စစ်အုပ်စုနေရာပြန်ရလိမ့်မယ်လို့ မင်းအောင်လှိုင်က တွက်ဆနေပုံပဲ။ ဒါကိုကြည့်ရင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ဘက်ပေါင်းစုံ ချွတ်ချုံကျနေကြောင်း မြင်သာတယ်။ ဒီလောက် ဘက်ပေါင်းစုံ အခြေအနေပျက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို မြန်မာ့နိုင်ငံရေးစည်းဝိုင်းထဲ ပြန်လည် သွတ် သွင်းပေးဖို့ကြိုးပမ်နေတဲ့ တရုတ်နဲ့အာဆီယံဇာတ်ပျက်နိုင်ငံတချို့ရဲ့ လုပ်ကိုင်နေပုံတွေဟာ တော်တော်ဉာဏ်နည်းရာ ရောက်နေတယ်လို့ဆိုရမယ်။
ပြည်သူကမပေးဘဲ အာဏာကို ဇွတ်အဓမ္မ လုယူခဲ့တဲ့ မင်းအောင်လှိုင်နဲ့သူ့စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှု လုံးဝမရနိုင်တော့ဘူးဆိုတဲ့အချက်ကို တရုတ်ခေါင်းဆောင်တွေ သိသင့်တယ်။ ဂျန်ဇီးလူငယ်မျိုးဆက်သစ်တွေနဲ့တကွ မြန်မာပြည်သူတရပ်လုံးက ၂၀၀၈ ဖွဲ့စည်ပုံကို နင်းချေ ဖျက်သိမ်းထားပြီးဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း တရုတ်နဲ့အာဆီယံ အထူးသိထားသင်တယ်။ လူငယ်မျိုးဆက်သစ်တွေရဲ့ကြွေးကြော်သံက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဖြစ်တယ်။ ဒီအချက်တွေကို နောက်ခံအခြေအနေနဲ့တကွ ခြေခြေမြစ်မြစ် မသိရင် မြန်မာ့နိုင်ငံရေးပြဿနာမှာ ကြားဝင်စေ့စပ်လို့ မရနိုင်ဘူး။ မူလဖြစ်စဉ်ကိုမသိဘဲ အကြမ်းဖက် စစ်ကောင်စီကို ကာကွယ်နေခြင်းဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တရုတ်အနေနဲ့ ထောက်ခံ အားပေးရာရောက်နေတယ်။ ဒါကြောင့် လက်ရှိမြန်မာ့အရေး နွေဦးတော်လှန်ရေးမှာ တရုတ်နဲ့အာဆီယံအနေနဲ့ မကူညီချင်ရင်နေပါ၊ မနှောက်ယှက်ပါနဲ့လို့မြန်မာလူထုကိုယ်စား ပြောလိုက်ပါရစေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar