Breaking News

ပီတာဂလန့် - စွမ်း​ဆောင်ရည်မြင့်မားသူ ပုကျယ်

Image- Crd
စွမ်း​ဆောင်ရည်မြင့်မားသူ ပုကျယ်
ပီတာဂလန့်
(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၂

ပုကျယ်ဆိုတဲ့ငနဲရဲ့ ​ကြောင်​ချေးအဖြစ်နာမည်​ကျော်ခဲ့တဲ့ ပုဂ္ဂလိကဘဝ စွမ်း​ဆောင်ရည်မြင့်ပုံ​တွေကို​ ပရိသတ်ကြီးလည်း​ အ​တော်သိထားကြပြီးပြီမို့ ထားလိုက်ပါ​တော့။ မ​ပြော​တော့ပါဘူး။ အာဏာစသိမ်းတဲ့ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နောက်ပိုင်း ဒီငနဲ ပုကျယ်ရဲ့ သြချယူရ​​လောက်တဲ့ စွမ်း​ဆောင်ရည်​တွေအ​ကြောင်း​တော့ "ရယ်လိုက်ရတာဖတ်ဖတ်မော ရင်ဘတ်​နောက်က ကျော" ဆိုတာလို ဖြစ်​နေရပုံ​တချို့ကို ​ပြောပြချင်တာပါ။ 

မိတ်​ဆွေများမှတ်မိကြမယ် ထင်ပါရဲ့။ ဟိုတံတားကိစ္စအ​ကြောင်း​လေ။ ဒီလို​ပြောလိုက်ပြီဆိုရင် NLD အစိုးရလက်ထက်တုန်းကလည်း ​ဟော်​လေးတကြိုး ဟိုး​လေးတ​ကြော် ဖြစ်ခဲ့ရပုံ​တွေပါ တွဲမြင်လာကြမယ် ထင်ပါတယ်။ သည်တုန်းကလည်း ​မော်လမြိုင်-​ဘီလူးကျွန်းချောင်းဆုံ ကူးတဲ့ သံလွင်မြစ်ဖြတ်တံတားကို "ဗိုလ်ချုပ်​အောင်ဆန်းတံတား" လို့ အမည်​ပေးလိုက်လို့ NLD အစိုးရကို ​ဒေသခံ​တွေ​ကော အခြား ပြည်သူအများစုကပါ ​ဝေဖန်​စော​ကြောခဲ့ကြပုံကို မှတ်မိကြအုံးမှာ​ပေါ့။ 

အဲသည်အညှာကို ကိုင်ပြီး သူ့ကိုယ်သူ ပါးရည်နပ်ရည်ရှိသူလို့ ကြွားချင်ပုံရတဲ့ ပုကျယ်ရဲ့ နယ်ထွက်ခရီးစဥ်အစမှာတွင် ​ဒေသခံနဲ့ ပြည်သူအများစုရဲ့ စိတ်ဆန္ဒကို အ​လေးထား​လေဟန် သရုပ်ဖမ်းပြီး ဒန်းစီးပြလိုက်ပါတယ်။ အဟက် ဘာတဲ့ "ဗိုလ်​ချုပ်​အောင်ဆန်းတံတား (သံလွင်) ကို "သံလွင်တံတား (​ချောင်းဆုံ)" ဟု အမည်​ပြောင်း ဖွင့်လှစ်​ပေးလိုက်သည်တဲ့။

​နောက်တခု ရှိပါ​သေးရဲ့။ ရန်ကုန်မြို့မှာ လူငယ်ထုရဲ့ နှလုံးသည်းပွတ်လို့ တင်စားအပ်တဲ့ လှည်းတန်းလမ်းဆုံနဲ့ တဆက်တည်းလို ဖြစ်သွားပြီဖြစ်တဲ့ ဂျန်းရှင်းစကွဲ ​ရှော့ပင်စင်တာအဝင်ထိပ်၊ ရန်ကုန်ပညာ​ရေးတက္ကသိုလ်​ရှေ့က လူကူး​မြေ​အောက်ဥမင်လမ်းကိုလည်း ထိုနည်းလည်း​ကောင်းပင် နှမ်းဖြူးပြ​လေပါ​ရောလား။ ဥမင်ဖြတ်လမ်းက ပြီးတာဖြင့် ကြာကြာလှပါပြီ။ NLD အစိုးရ သက်တမ်းကုန်ခါနီးအချိန်မှာကတည်းက ပြီးစီး​နေပြီးသား ဖြစ်ပါတယ်။ ဖွင့်ပွဲလုပ်ဖို့သာ ကျန်​တော့တာပါ။ NLD အစိုးရကလည်း ကိုဗစ်ပြဿနာ၊ ​ရွေး​ကောက်ပွဲကိစ္စ စတာ​တွေနဲ့ ဆက် တိုက်ဆိုသလို လုံးပမ်းခဲ့ရလို့က တကြောင်း၊ ​နောက်ပြီးသကာလ ​ရွေး​ကောက်ပွဲကလည်း အရပ်သားအစိုးရ တတိယသက်တမ်းမှာ ဒုတိယအကြိမ်အစိုးရ ထပ်ဖြစ်ရမှာ​ကြောင့် ဖွင့်ပွဲလှလှဖြစ်ဖို့လည်း ​မျှော်မှန်းပုံရတာလည်း တစ်​ကြောင်း စသဖြင့်​တွေ​ကြောင့် ဖြစ်ပုံရပါတယ်။ ​မြေ​အောက်ဥမင်ထဲမှာ ​စျေးဆိုင်ခန်း​တွေ ဘာ​တွေနဲ့ အ​တော်သားနား​အောင် လုပ်ထားပုံလည်း ရပါတယ်။ 

အဲသည် ​မြေ​အောက်ဥမင်ကိုလည်း ပုကျယ်က သူ့အစွမ်းအစလို့ သတင်းမျက်နှာစာမှာ ပုံမှားထင်​အောင် ဖွင့်ပွဲ​တွေဘာ​တွေ အ​သေအချာလုပ်ပြီး ​ကောက်စားပြလိုက်ပါတယ်။ လူရယ်စရာပို​​ကောင်းသွားတာက အဲသည်ဥမင်ဖြတ်လမ်းကြီးကို အခုချိန်ထိ ဘယ်ပြည်သူတဦးတယောက်ကမှ ဖြတ်သန်းသွားလာခွင့် မရ​ဖူးသေးတာပါပဲ။ ဖွင့်ပွဲလုပ်ပြီးတာနဲ့ အ​ပေါက်နှစ်ဖက်ကို ဘန် ကာလုပ် ပိတ်ပြီး ပုကျယ်ရဲ့ ​"နှင်ရာသွား ​စေရာ​နေ ​ခွေး​​လေ​ခွေးလွင့်တွေ" ​စောင့်ကြပ်​နေတာပဲ ​တွေ့ရပါတယ်။ 

NLD အစိုးရဟာ အလုံးစုံ ပြည့်ဝကာ ချီးကျူးရမယ့် အစိုးရတရပ်အ​ခြေအ​နေမျိုး မဟုတ်​သေး​စေကာမူ တိုင်းပြည်ထူ​ထောင်​ရေးကိစ္စ ​တော်​တော်များများကို စီမံကိန်းချ ပြုလုပ်​နေတာကို သာမန်ပြည်သူတယောက်ရဲ့ အမြင်အရပင် ထင်ရှားစွာ ​တွေ့​နေရပါတယ်။ ဥပမာ​တွေထဲက မြင်သာတာတစ်ခုဖြစ်တဲ့ထဲမှာ ဒလဘက်ကမ်းနဲ့ ရန်ကုန် ဘုန်းကြီးလမ်းဘက်ကမ်းကို ဆက်သွယ်​ပေးဖို့ ​တောင်ကိုရီးယားရဲ့ ပံ့ပိုးကူညီမှုနဲ့ တည်​ဆောက်​နေတဲ့ တံတားကြီးလည်း ပါပါတယ်။ ဒလဘက်ခြမ်းမှာ​လည်း မြို့သစ်စီမံကိန်လို​ ပလန်​တွေ ရှိပြီးသားပါ။ ပုကျယ်က ဒီတံ တားစီမံကိန်းကြီးကို ဝင်နှမ်းဖြူးကာ အပြီးသတ် ကြွားလုံးထုတ်ချင်​နေပုံရပါတယ်။ သည်​တော့ ပုကျယ်ဟာ ​နေ့စဥ် ဒလဘက်ခြမ်းနဲ့ ရန်ကုန်ဘက်ခြမ်း ဇက်ကူးပြီး ရှင်သန်လှုပ်ရှားကြရတဲ့ ပြည်သူ​တွေကို ​နေ့တဝက်​ကျော်​ကျော်​လောက် သွားလာခွင့်ပိတ်ကာ ဒုက္ခ​ပေးပြီး စီမံကိန်း​နေရာကို နှမ်းဖြူးဖို့အ​ရေး လာကြည့်သွားပါ​သေးတယ်။

ထူးဆန်းအံ့သြဖွယ်ရာ ပုကျယ်ရဲ့ အစွမ်း​တွေ ရှိပါ​သေးတယ်။ ရန်ကုန်မြို့ပြသပိတ်တိုက်ပွဲမှာ လူ စုလူ​ဝေးနဲ့ လမ်း​လျှောက်ဆန္ဒပြပွဲ​တွေကို ​ပြောက်ကျားနည်းသုံးကာ အခွင့်သာရင် သာသလို စွန့်စွန့်စားစား လုပ်ကြရတယ်။ အဲသည်အထဲမှာ လူအများမြင်သာ​စေတဲ့ လူကူးခုံး​ကျော်တံတား​တွေမှာ ဘန်နာ​တွေ ချိတ်ဆွဲပြီး ဆန္ဒထုတ်​ဖော်ကြတာမျိုး​တွေဟာလည်း နည်းလမ်းတခုအဖြစ် ပါပါတယ်။ အဲသည်အခါမျိုးမှာ ပုကျယ်တို့လို အာ ဏာရှင်ဆိုတဲ့ ​စောက်ရူး​တွေဟာ ထုံးစံအတိုင်း ​ရွှေဉာဏ်​တော်စူး​ရောက်ကြတယ်။ ပြည်သူလူထု အန္တရာယ် ကင်းကင်း သွားလာ​စေရမယ့် လူကူးခုံး​ကျော်တံတား​တွေကို ပိတ်ပစ်လိုက်တယ်။ ဖြတ်သန်းသွားလာခွင့်မပြုတဲ့။ ဖြစ်ရပုံများရယ်။

ပုကျယ်ရဲ့ "နှင်ရာသွား ​စေရာ​နေ ​ခွေး​​လေ​ခွေးလွင့်တွေ" စစ်​ကြောင်းလိုက်ချီကာ ပီဒီအက်ဖ်​တွေ၊ တိုင်းရင်းသားအဖွဲ့​တွေရဲ့ ခုခံထိုးနှက်ချက်​​ကြောင့် လှလှပပ ခံ​စားနေကြရတာကလည်း ပုကျယ်ရဲ့ စွမ်း​ဆောင်ရည်မြင့်မားပုံ​တွေထဲက ရှားပါးအရည်အချင်းပါပဲ။ တဖြည်းဖြည်းနဲ့ ကျဆုံးခန်းဆီစိုက်ဆင်း​နေတဲ့ ပုကျယ်တို့တသိုက် ထွက်​ပေါက်ရှာ​နေကြပုံကလည်း သူ့အဘ​တွေ ဖန်တရာ​တေ​အောင်သုံးဖူးလှတဲ့ နှစ်သုံး​လေးဆယ်က ကလီ​​ရှေးနည်း​တွေချည်း ဖြစ်​နေ​လေရဲ့။ 

ဟန်​ဆောင်ပန်​ဆောင်ငြိမ်းချမ်း​ရေးစကားဝိုင်း၊ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပြင်ဖို့၊ လူသုံးများတဲ့ "ဖက်ဒရယ်ပြည်​ထောင်စု" လို စကားလုံးကို တွင်တွင်သုံးဖို့၊ အာဆီယံ ဘာညာသာရကာ ဟိုက ဒီကလာ လူရာဝင်​လေမလားလို့ အကုသိုလ်အတုံးလိုက်အတစ်လိုက်နဲ့ ပုဝင်တဲ့အရပ် ပိုထွက်လာမလားလို့ ရင်ချီပြ၊ ​နိုင်ငံ​ရေးမှာ မဖြစ်နိုင်တာ မရှိဘူး ဘာညာ ဗလာ ဗလာ စတာ စတာတွေဟာ ပုကျယ်ရဲ့ မြင့်မားတဲ့ စွမ်း​ဆောင်ရည်​တွေပဲဆိုတာ ​ပြောရင်း ရယ်၊ ရယ်ရင်း ​ပြောရင်း ပုကျယ်ရဲ့ အဝီစိကုန်းဆင်းကို အားပါပါနဲ့ ဝိုင်းတွန်းလိုက်ကြပါစို့လား။

ပီတာဂလန့်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar