မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၄ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၄ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၂၂
လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှုတွေနဲ့ နေ့စဥ်ဘဝ
ပုဂ္ဂလိက နေ့စဥ်သတင်းစာရဲ့ စာမျက်နှာကို လှန်ကြည့်လိုက်တဲ့အခါ ရွှေဆိုင် ဓားပြတိုက်တဲ့သတင်း၊ လုယက်မှုသတင်းတွေက နေ့စဥ်လိုလို တပုဒ်မက ပါရှိတာတွေ့ရမှာပါ။ ဒီသတင်းတွေက ကျေးလက်တွေမှာ ဖြစ်ပျက်တဲ့ လုယက်မှုတွေ မပါရှိသေးဘဲ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့ အခြားသော တိုင်းနဲ့ပြည်နယ် မြို့တွေမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေပဲ ရှိပါသေးတယ်။ ဒေသအလိုက် လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ စစ်ကောင်စီဘက်က ဝင်ရောက် စီးနင်းမှုတွေ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးတာ၊ ယူဆောင်သွားတာ၊ နေအိမ်မီးရှို့တာ စတဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ရာဇဝတ်မှုတွေ မပါသေးဘဲ နိုင်ငံရေးနဲ့ မဆက်နွယ်တဲ့ ရာဇဝတ်မှုသတင်းတွေသာ ဖြစ်ပါတယ်။
ဒီနေ့ သတင်းတွေထဲမှာတော့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ရွှေဆိုင်တဆိုင်ကို သေနတ်နဲ့ ဓားပြတိုက်သွားတဲ့ သတင်း၊ မုံရွာမြို့က ဖုန်းနဲ့ တပတ်ရစ် ဆိုင်ကယ်ရောင်းဝယ်တဲ့ ဆိုင်ကို လက်နက်ပြပြီး ဖုန်းနဲ့ ဆိုင်ကယ်တွေ ယူဆောင်သွားတယ် ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။
ဘဏ်ဓားပြတိုက်တဲ့ အဖြစ်အပျက်တွေလည်း တလမှာ တကြိမ်မက ဟိုမြို့သည်မြို့မှာ ဖြစ်ပျက်နေတာ သတင်းတွေထဲ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘဏ်ဓားပြ၊ ရွှေဆိုင်ဓားပြ၊ ဖုန်းဆိုင် ဓားပြ စသဖြင့် ငွေများများ ရနိုင်တဲ့နေရာတွေကို အုပ်စုနဲ့ လက်နက်ငယ်နဲ့ ဓားပြတိုက်ပြီး ထွက်ပြေးတိမ်းရှောင်ကြရာမှာ လွတ်မြောက်သွားတဲ့ အဖြစ်အပျက်တွေ ဖော်ထုတ်နိုင်ခြင်း မရှိတဲ့အဖြစ်အပျက်တွေ အများအပြားရှိနေတာ သတင်းတွေ ဖတ်ရှုရင် သိနိုင်ပါတယ်။ စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ၊ မြို့ငယ်တွေမှာ နိုင်ငံရေး နှိပ်ကွပ်မှုနဲ့ တတွဲတည်း ဓားပြတိုက် လုယူနေကြသလိုပဲ မြို့တွေမှာပါ ပျံ့နှံ့ နေပြီဖြစ်တဲ့ သေနတ်၊ လက်လုပ်သေနတ် စတဲ့ လက်နက်ငယ်တွေ သုံးပြီး ဓားပြတိုက်တာတွေလည်း ဆက်တိုက်ဆိုသလို နေ့စဥ် တမြို့မဟုတ်တမြို့မှာ ဖြစ်ပွားနေတဲ့ သဘောတွေ့ရပါတယ်။ ဒီဖြစ်ရပ်တွေက ဓားပြတိုက်ခံရတဲ့ လုပ်ငန်းကိုတင်မကပဲ စီးပွားရေးနယ်ပယ်တခုလုံးကို ဂယက်ရိုက်ခတ်လာစေမှာ ဖြစ်ပါတယ်။ လုံခြုံရေး တရားဥပဒေစိုးမိုးရေး သိသိသာသာ ပျက်ယွင်းလာနေတဲ့ အနေအထားမှာ စီးပွားရေးရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ လျော့နည်းကျဆင်းလာမှာ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးလာစေမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေရဲ့ ကုန်ကျစရိတ် စျေးနှုန်းတွေ မြင့်တက်လာတဲ့ အကျိုးဆက်တွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။
အခုလို အခြေအနေမျိုးမှာ ရင်းနှီးမြှုပ်နှံမှုအသစ်၊ လုပ်ငန်းအသစ် ထူထောင်ဖို့အလားအလာ ကျဆင်းပြီး ရှိနေတဲ့ ပိုင်ဆိုင်မှုတွေ အရင်းအနှီးတွေကို ပြန်လည်ထုတ်ယူပြီး စိတ်ချရတဲ့ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲကြမယ့် အလားအလာတွေဆီ ဦးတည်သွားနိုင်ပါတယ်။
တန်ဖိုးကြီးတဲ့ ရွှေ၊ ဘဏ်၊ ဖုန်းဆိုင် စတဲ့နေရာမှာတင် ဓားပြတိုက်ကြတာမဟုတ်ဘဲ ဒီနေ့နံနက်ပိုင်းမှာ ရန်ကုန် လှိုင်သာယာမြို့ နယ်ထဲမှာ ပုစွန်တွေ ထည့်ထားတဲ့ အအေးခံပုံးကို လမ်းမှာမီးပွိုင့်စောင့်နေစဥ် ဝင်လုတဲ့ အဖြစ်အပျက်ဖြစ်ပျက်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာ တွေ့ ရှိရပါတယ်။ လက်နက်နဲ့ ဓားပြတိုက်တဲ့ ဖြစ်ရပ်တွေ ဖြစ်နေစဥ်မှာပဲ လက်နက်ရယ်လို့ ကြီးကြီးမားမား မပါဘဲ နေ့စဥ်စားသုံးကုန်လို ပစ္စည်းမျိုးကိုဝင်လုတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်နေတဲ့ အချက်ကို အကဲခတ်ကြည့်ရင် လူအများစုရဲ့ စားဝတ်နေရေးကို စီးပွားရေး ကျဆင်းမှု ကျပ်တည်းမှုက တော်တော်ထိခိုက်မှုရှိနေပြီဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက သီရိလင်္ကာလို ဖြစ်မလား၊ စီးပွားရေး ထိုးရပ်သွားတဲ့ ဒုတိယနိုင်ငံ ဖြစ်မလားဆိုတာ ခုရက်ပိုင်းအတွင်း ပြောဆိုနေကြ ရေးသားနေကြတဲ့ အကြောင်းအရာတခုဖြစ်ပြီး မြန်မာနိုင်ငံက စီးပွားရေးပြိုလဲမှုနဲ့အတူ နိုင်ငံရေးအရ တရားဥပဒေစိုးမိုးရေး ကသောင်းကနင်း ဖရိုဖရဲဖြစ်မှုတွေပါ တွဲလျက်ပါရှိမယ့် အနေအထားက ထူးခြားချက် ဖြစ်ပါလိမ့်မယ်။
ဇူလိုင်လ ၂၄ သတင်း ရေးရင်းနဲ့ ဇူလိုင် ၂၅ မနက်ခင်းသ တင်းဆိုးကတော့ စစ်ကောင်စီသတင်းစာမှာ နွေဦးတော်လှန်ရေး၏ ခေါင်ဆောင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင် နဲ့ ကိုသူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ကြိုပေးကွပ်မျက်လိုက်ပြီးပြီဆိုတဲ့သတင်း ဖြစ်ပါတယ်။ ဇူလိုင် ၂၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့သတင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်သမိုင်းမှာ အတိုက်အခံတော်လှန်ရေးခေါင်းဆောင်ကို ကြိုးပေးသတ်ဖြတ်ခြင်း မှတ်တမ်းတင်သွားပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar