Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၅ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၂


နိုင်ငံရေးအကြွေး၊ လူပုဂ္ဂိုလ်အကြွေး

ယမန်နှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု နဲ့ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော် တို့ကို ပြီးခဲ့တဲ့ စနေနေ့ နံနက်စောစောမှာ အင်းစိန်ထောင်တွင်း ကြိုးပေးကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။ ၄င်းတို့နဲ့အတူ ယမန်နှစ်က လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးရက်ပိုင်းအတွင်း စီဒီအမ် မလုပ်တဲ့ အစိုးရဝန်ထမ်းအမျိုးသမီးတဦးကို ဓားနဲ့ ထိုးသတ်ခဲ့တယ်ဆိုတဲ့ လှမျိုးအောင်(ခ) ဝက်ကြီးနဲ့ အောင်သူရဇော်(ခ) ကတုံး တို့ကိုလည်း တရက်တည်းမှာ သေဒဏ်အမိန့်ကို စီရင်ကွပ်မျက်ခဲ့ပုံရပါတယ်။ သတင်းတွေထဲမှာတော့ လှိုင်သာယာက ကြိုးမိန့်ကျသူ ၂ ဦးအကြောင်း သိပ်ပြီးဖော်ပြကြတာ မတွေ့ရတော့ အသေးစိတ်မသိရပါဘူး။ 

မြန်မာနိုင်င်ငံမှာ သေဒဏ်ကျတာကို ကြိုးမိန့်ကျတယ်လို့ အရပ်သားစကားနဲ့ ဆိုကြပြီး သေဒဏ်စီရင်ကွပ်မျက်တာကို ကြိုးပေးတယ်လို့ ဆိုကြတာဖြစ်ပါတယ်။ ကိုဂျင်မီ နဲ့ ကိုဇေယျာသော်တို့ကို ကြိုးပေးမခံရမီ တရက်ဖြစ်တဲ့ သောကြာနေ့မှာ မိသားစုဝင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံခွင့်ပေးခဲ့ပြီး အဲဒီနေ့က ကွပ်မျက်မယ့်အကြောင်းကို ကာယကံရှင်တွေရော မိသားစုတွေကပါ သိရှိခဲ့ကြပုံမရဘဲ၊ ထောင်ဘူးဝမှာ ငွေအပ်ထားပေးဖို့ ၂ ဦးစလုံးက မိသားစုဝင်တွေကို တောင်းဆိုခဲ့ပြီး နောက်တရက်ရဲ့ နံနက်စောစောမှာ ကြိုးပေးခဲ့တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ဆိုတာကို အသိအမှတ်မပြု မလေးစားခဲ့ဘဲ နိုင်ငံ လုံခြုံရေး ဆိုတဲ့ ဖုံးကွယ်ထားတဲ့ စကားလုံးနဲ့ အာဏာတည်မြဲရေးအတွက် ဦးစားပေးစဥ်းစား လုပ်ဆောင်ကြတဲ့အတိုင်း အခုဖြစ်ရပ်မှာလည်း ကိုလိုနီခေတ်က တရားစီရင်ရေးစနစ်၊ အကျဥ်းထောင်စနစ်လောက်တောင် ထောင်လက်စွဲတွေ ထောင်နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာခဲ့ကြပါဘူး။ ထောင်လက်စွဲအရ လုပ်ထုံးလုပ်နည်းအရ မကွပ်မျက်ခင်မှာ ကြိုးမိန့်ကျသူရဲ့ ဆန္ဒကို လိုက်လျောရတဲ့ လုပ်ထုံးလုပ်နည်းကို ကျင့်သုံးခြင်းမပြုဘဲ တွေ့ခွင့်ပေးရုံပေးပြီး ပိုက်ဆံအပ်ပေးမယ့်ကိစ္စကို ရုံးဖွင့်တဲ့ တနင်္လာနေ့ကျမှ ထောင်ကို လာခဲ့ပါဆိုပြီး အကျဥ်းထောင်ဝန်ထမ်းတွေက မိသားစုတွေကို လှည့်ဖြားခဲ့တာ ဖြစ်ပါတယ်။ 

တနင်္လာနေ့နံနက် သတင်းစာမှာ ပါရှိတဲ့ သတင်းထုတ်ပြန်ချက်က ၄င်းတို့မိသားစုဝင်တွေကို အံ့အားသင့်စေခဲ့တဲ့ သဘော ဖြစ်ပါတယ်။ ဖမ်းဆီးခံရကတည်းက ပထမဆုံးအကြိမ် မိသားစုဝင်နဲ့ ရုပ်မြင်ရ စကားပြောရတဲ့ အခွင့်အရေးရလိုက်ချိန်မှာပဲ ၂ ညအိပ်ပြီးနောက် သူတို့ရဲ့ ချစ်ခင်သူတွေက လူ့လောကမှာ မရှိကြတော့ပါဘူး။ သေဆုံးတဲ့ အချိန်၊ နေ့ရက်ကိုတောင် ဖုံးကွယ်ထားခဲ့ပြီး မိသားစုဝင်တွေရဲ့ အကြိမ်ကြိမ်မေးမြန်းတဲ့နောက်မှ စနေနေ့ဆိုတာ သိခဲ့ရပြီး အလောင်းကိုလည်း သင်္ဂြိုဟ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစုဝင်တွေ သင်္ဂြိုဟ်ခွင့်မရခဲ့ဘဲ ဘာအမှတ်အသားမှ မကျန်အောင် ဖျောက်ဖျက်ပစ်ခဲ့တာမျိုး ဖြစ်ပါတယ်။ 

အမှန်တကယ်တော့ ဒီလိုဖြစ်ပျက်လာခဲ့တာတွေရဲ့ အကြောင်းရင်းဟာ နိုင်ငံရေး ရည်မှန်းချက် ရည်ရွယ်ချက် စနစ်၊ ဝါဒ တိုင်းပြည်အကျိုး လူများစုအကျိုးပေါ် အခြေခံပြီးမိမိတို့ ယုံကြည်မှုကို စိုက်လိုက်မတ်တတ် လုပ်ဆောင်ခဲ့ကြတဲ့ သဘောဖြစ်တာမို့လို့ နိုင်ငံရေး အကြွေးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အကြွေး မဟုတ်သလို တပါတီ တဖွဲ့ဖွဲ့ရဲ့ အကြွေးလည်း မဟုတ်ပါဘူး။ ခေါင်းဆောင် ဘယ်သူနဲ့ အခြားခေါင်းဆောင် ဘယ်သူ အကြားဖြစ်ပွားတဲ့ ရန်ငြှိုးရန်စလည်းမဟုတ်သလို အစုအဖွဲ့တခုနဲ့ အစုအဖွဲ့တခုအကြား ဖြစ်တာလည်း မဟုတ်ပါဘူး။ စစ်ဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီလိုလားသူ ဖက်ဒရယ်လိုလားသူ အင်အားစုတွေ အကြားဖြစ်ပွားတဲ့ ပဋိပက္ခလို့ဆိုရမှာ ဖြစ်ပါတယ်။ 

ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်၊ အနာဂတ်တည်ဆောက်မယ့် နိုင်ငံ ပုံဖေါ်မှု၊ လက်ရှိ စစ်အာဏာရှင်ဖြုတ်ချရေး မဟာဗျူဟာ စတာတွေမှာပိုပြီး ပြတ်သား ရှင်းလင်းကြဖို့ စည်းလုံးမှုရှိဖို့ အတွက် တရားမျှတမှုနဲ့ တန်းတူမှုရှိကြဖို့ အရေးကြီးပါတယ်။ အခုလို စစ်ကောင်စီက လုပ်ကြံသတ်ဖြတ်ရေး စီစဥ်ညွှန်ကြားသူ ထောက်ပံ့ရေး လုပ်ဆောင်သူလို့ပုံဖေါ်ထားတဲ့ နိုင်ငံရေးသမား ၂ ဦး ဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဇေယျောသော်တို့ ကြိုးပေးခံရမှုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုအတွက် စည်းရုံးရေးအင်အားသာ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ တဦးတယောက်ချင်းရဲ့ လက်စားချေမှုတွေ လက်တုံ့ပြန်မှုတွေအဖြစ် အသွင်မပြောင်းမိဖို့လည်း အရေးကြီးပါတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုတာထက် စစ်အာဏာရှင်စနစ်က အခုလို အကျိုးဆက်ဖြစ်စေတဲ့ မောင်းနှင်အားနဲ့ စေ့ဆော်တာဖြစ်ပြီး အခုလို အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားအောင် အကြောင်းရင်းဖြစ်တဲ့ စနစ်ကို ပစ်မှတ်ထားဖို့ အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar