Breaking News

အောင်သူငြိမ်း - လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ဘာထူးလဲ

အောင်သူငြိမ်း - လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ဘာထူးလဲ

(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၂


မနေ့က (ဇူလိုင် ၄၊ ၂၀၂၂) မှာ မြန်မာနိုင်ငံ ပုဂံမှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ပူးတွဲ ဥက္ကဋ္ဌတွေဖြစ်တဲ့ စကစ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ဦးဆောင်ကြပါတယ်။ 

တရုတ်နိုင်ငံက ဂလိုဘယ်တိုင်းမ်သတင်းစာ ဆောင်းပါးတခုအရတော့ ဘေဂျင်းအခြေစိုက် Center for Southeast Asian Studies at the Chinese Academy of Social Sciences ဌာနက ဒါရိုက်တာ ဇူ လီပင်း (Xu Liping) ပြောတာက “မြန်မာ နိုင်ငံအခြေအနေက လွန်ဆွဲနေတုန်း ရှိပါသေးတယ်။ ဒေသခံ လက်နက်ကိုင်တွေက နိုင်ငံနေရာအများကို ထိန်းချုပ်ထားတုန်း ပါပဲ။ အခု ဝမ်ယိခရီးစဉ်က (မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိပ်တန်းခေါင်းဆောင် ခရီးစဉ်ဖြစ်ပေမယ့်) အနောက် တိုင်း မီဒီယာတွေ စွပ်စွဲသလို လက်ရှိအစိုးရကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ နှစ်နိုင်ငံခေါင်းဆောင်ချင်း ဆွေးနွေးမှု မဟုတ်ဘဲ၊ အစည်းအဝေး တက်ဖို့အတွက်ပါပဲ” လို့ ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် အစည်းအဝေးရလဒ်အချို့က စိတ်ဝင်စားစရာကောင်းပါတယ်။ စိုက်ပျိုးရေး၊ ရေရင်းမြစ်၊ ဒစ်ဂျစ်တယ် စီးပွားရေး စနစ်၊ အာကာသ၊ ပြည်သူ့ကျန်းမာရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ တက်ရောက်တဲ့နိုင်ငံတွေကတော့ တရုတ်၊ ကမ်ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ ပါဝင်ပါတယ်။ 

စိတ်ဝင်စားမိတာက လန်ချန်း-မဲခေါင်ဒေသက နိုင်ငံတွေကို တရုတ်နဲ့ ရုရှားပူးပေါင်း ဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ လ အခြေစိုက် သုတေသနစခန်း (International Lunar Research Station) မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်တဲ့။ အာကာသထဲ နက်ရှိုင်းစွာ လေ့လာရေး၊ အာကာသထဲက အစိုင်အခဲများနဲ့၊ အာကာသ နည်းပညာကို ဒီ ၅ နိုင်ငံနဲ့ သင်တန်းတွေ ပူးပေါင်း ဆောင်ရွက်မယ် ဆိုပါတယ်။ ကမ္ဘာမြေကို စောင့်ကြည့်တဲ့ ဂြိုဟ်တု၊ အာကာသထဲ မျိုးပွားခြင်း၊ ပြန်လည်ခေါ်ယူနိုင်တဲ့ ဂြိုဟ်တု ဒုံးပျံစနစ် စတာတွေ ကူညီသွားမယ်ဆိုပါတယ်။ 

ပြည်သူ့ကျန်းမာရေးကိစ္စမှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးများနဲ့ ကိုဗစ်အတွက် ဆေးဝါးဖော်စပ်ရေး သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ဖို့ပါ။ ဒီအစည်းအဝေးမှာ လာအိုရောက်တဲ့ မြန်နှုန်းမြင့်ရထားကိစ္စလည်း ချီးကျူးကြပါတယ်။ ဒီကာလ အတွင်း ခရီးသည် ၄ သန်းနဲ့ ကုန်တန်ချိန် ၅ သန်း သယ်ယူ ပို့ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ မဲခေါင်နိုင်ငံများက ကျောင်းသား ၂၀,၀၀၀ ခန့်ဟာ တရုတ်နိုင်ငံမှာ ပညာသင်ကြားနေကြတယ်လို့လည်း ဆိုပါတယ်။ 

တရုတ်က ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၆ ခုဟာ ပြောရရင်၊ အမေရိကန်က အဆိုပြုထားတဲ့ အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင် Indo-Pacific Economic Framework (IPEF) ကို စင်ပြိုင်လုပ်ဖို့ ရည်ရွယ်တာလို့ ဆိုကြပါတယ်။ ဒီနေရာမှာ ကြုံလို့ ပြောရရင် အမေရိကန်မှာ အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီး အစည်းအဝေးအပြီး၊ မေလတုန်းက ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့အတွင်း ဆွေးနွေးခဲ့ကြတဲ့ အာဂျင်ဒါအမှတ် (IPEF) ကိစ္စဟာ အတော်အရေးပါပါတယ်။ ကက်ဘိနက်အဖွဲ့က သဘော တူညီခဲ့ကြတယ် ဆိုပါတယ်။ ထိုင်းနိုင်ငံ ပရာယွတ်အစိုးရက ဖက်စုံနဲ့ တိုးတက်သော အတ္တလန်တိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု  Comprehensive and Progressive TransPacific Partnership (CPTPP) သဘောတူညီချက်ကိုတော့ ၂-နှစ် ကျော်ကြာ အတော်ချေချေ လုပ်ထားခဲ့တာပါ။ 

ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ဈေးကွက်တွေကို ဆက် လက်သုတေသန ပြုရင် အတော်စိတ်ဝင်စားစရာ ကောင်းမှာပါ။ 

မနေ့က လန်းချန်း-မဲခေါင် အစည်းအဝေးမှာ ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောရာမှာ တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ် (Global development initiative) နဲ့ တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ် ငန်းစဉ် (Global security initiative) ကို ထောက်ခံပါကြောင်း ပြောသွားခဲ့ပါတယ်။ အဲဒါအပြင် မိန့်ခွန်းမှာ ဆင်ဟွာသတင်းဌာန ဖော်ပြချက် အရ တရုတ်နိုင်ငံရဲ့ တရားဝင်ရပ်တည်ချက်ဖြစ်တဲ့ တိုင်ဝမ်၊ ဟောင်ကောင်၊ တိဘက်၊ ရှင်ကျန်း နဲ့ လူ့အခွင့်အရေးကိစ္စတွေကိုလည်း ထောက်ခံကြောင်း ပြောပါတယ်။ (မြန်မာ့အလင်းမှာတော့ ဒီအချက်ကို ဖော်ပြထားတာ မတွေ့ပါဘူး) 

ဒီနေရာမှာ ကျနော့်အတွက် အသစ်က ဘာလဲပေါ့ တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ်ငန်းစဉ် (Global security initiative)။ စိတ်ဝင်စားစရာပါ။ အချို့ကတော့ အမေရိကန် ဦးဆောင်တဲ့ လေးနိုင်ငံမဟာမိတ် (QUAD) ကို တန်ပြန်ဖို့ ဆောင်ရွက်တယ်လို့ ဆိုကြပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ Boao Forum မှာ သမ္မတရှီကျင့်ဖျင် စတင်ပြောခဲ့တဲ့ အိုင်ဒီယာပါ။ တရုတ်ကြန်အင်လက္ခဏာများနဲ့ ကမ္ဘာ့လုံခြုံရေးစနစ်လို့ အချို့ ဝေဖန်သူများက ဆိုကြပါတယ်။ အခြေခံက တော့ ခွဲခြားထုတ်၍ မဖြစ်နိုင်တဲ့ လုံခြုံရေး အိုင်ဒီယာပါပဲ။ (Indivisible security) နိုင်ငံတခုရဲ့ လုံခြုံရေးကို အခြားနိုင်ငံတခုက ချနင်းပြီး တည်ဆောက်လို့ မရနိုင်ဘူး။ အမျိုးသားလုံခြုံရေး (နိုင်ငံတခုရဲ့ လုံခြုံရေး national security) ဆိုတာဟာ  ခွဲခြားထုတ်လို့ မဖြစ်နိုင်တဲ့၊ ယှဉ်ပြိုင်လုယူလို့မဖြစ်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကောင်းကျိုးချမ်းသာ (national security as a non-excludable, non-rivalrous global public good) လို့ ဆိုပါတယ်။ 

အဲဒီအချိန်မှာ အမေရိကန်နဲ့ မဟာမိတ်တွေကတော့ စီးပွားရေးနဲ့ လုံခြုံရေးနယ်ပယ်မှာ တရုတ်ရဲ့ ခြိမ်းခြောက်မှု (China threat) ဆိုတာမျိုး တွင်တွင်ကျယ်ကျယ် ပြောဆို နေကြပါတယ်။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်ရေး (decoupling) ဆိုတဲ့ အိုင်ဒီယာကိုလည်း အကောင်အထည် ဖော်နေကြပါတယ်။   

ဒီအချက်ဟာလည်း စိတ်ဝင်စားဖွယ် ဆောင်းပါရှည် တပုဒ် ဖြစ်နိုင်ပါတယ်။

ရင်းမြစ်- Anqi, Fan and Cui Fandi. (July 4, 2022). China proposes 6 programs with Lancang-Mekong countries despite 'customary' Western provocation of ties. Global Times. 

Chongkittavorn, Kavi. (May 24, 2022). Behind the scenes: Thailand's IPEF talks. The Bangkok Post. 

Eguegu, Ovigwe.  (June 8, 2022). Will China's “Global Security Initiative” Catch on?. The Diplomat.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar