Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၄ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၂ 


အိမ်နီးချင်းအရေး၊ ပြည်တွင်းရေးနဲ့ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့

ဒီနေ့သတင်းတွေထဲမှာ မြန်မာအကျပ်အတည်းကို ဖြေရှင်းဖို့ အတိုက်အခံအားလုံးနဲ့ တွေ့ဆုံဆွေးနွေးစေလိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီခန့် ဝန်ကြီး ၀ဏ္ဏမောင်လွင်ကို တိုက်တွန်းတယ်လို့ ဖတ်ကြရပါတယ်။ ဇူလိုင်လဆန်းပိုင်းကလည်း NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ အာဆီယံကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ တွေ့ဆုံကြရာမှာ အဓိကပြောကြတာကတော့ -  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ ပါဝင်သင့်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး နဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေးတို့ကို အဓိက ဇောင်းပေးပြောကြတာ ဖြစ်ပါတယ်။

တရုတ်အစိုးရက ၎င်းတို့အကျိုးစီးပွားများ ရင်းနှီးမြုပ်နှံမှုများကို မြန်မာပြည်တွင်းစစ်အတွင်း ဓားစာခံမဖြစ်အောင်၊ အကြပ်အတည်းဆုံးရှုံးမှုများ မဖြစ်အောင် တွေ့ဆုံဆွေးနွေးရေးကို အာဆံယံနိုင်ငံများနဲ့အတူ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ စစ်မက်ဒေသ ပြင်းထန်နေတဲ့ မုံရွာဝန်းကျင်က ဝမ်ပေါင်ကြေးနီစီမံကိန်း ဧရိယာတွေမှာ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ တိုးပွားနေပြီး ခုခံစစ်ဆင်နွှဲနေတဲ့ PDF တွေရဲ့ တုန့်ပြန်မှုတွေက တရုတ်စီမံကိန်းနယ်မြေအတွင်းထိ ရောက်ရှိလာတာကြောင့် တရုတ်ဝန်ကြီးချုပ်က တိုက်တွန်းမှု ထွက်လာတယ်လို့ ဆိုနိုင်တဲ့အပြင် တရုတ်မီဒီယာတွေမှာလည်း အကျယ်တဝင့် ဖော်ပြကြပါတယ်။

စစ်ကောင်စီ၏ အကြမ်းဖက် ချေမှုန်းနေမှုများနဲ့  နွေဦးတော်လှန်ရေး အင်အားစုအသီးသီး၏ လက်နက်ကိုင်ခုခံမှုများ တနှစ်ကျော်ကာလကို ရောက်လာပြီ ဖြစ်တာမို့ လက်နက်ကိုင်စစ်ပွဲတွေဟာ အလွယ်တကူ ပြီးစီးသွားနိုင်မှာ မဟုတ်ဘူးလို့ အကဲခတ်တွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက သုံးသပ်ထားပုံရပါတယ်။ ရေတို အရှုံးအနိုင် ဆုံးဖြတ်မှာထက်ကို ကျော်လွန်ပြီး  ရေရှည် ကြာမြင့်နိုင်တယ်လို့လည်း စဉ်းစားကြပုံရပါတယ်။ တော်လှန်ရေး တိုက်ပွဲပြင်းထန်တဲ့ ချင်း၊ ကချင်၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ လက်နက်ကိုင်တွေ ခြေကုပ်ယူထား စိုးမိုးထားနိုင်တာတွေ တစ တစ တိုးလာပြီး ရေရှည် ရပ်တည်တိုက်ပွဲဝင်နိုင်ဖို့ နဲ့ ရပ်တည် ရှင်သန်ဖို့အတွက်ပါ အဲသည်ဒေသက အင်အားစုအသီးသီးက ဆောင်ရွက်လျက်ပြီး စစ်ကောင်စီကလွဲရင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း မိတ်ဆွေ ဆက်ဆံရေး တောက်လျောက်ထားနိုင်တာ တွေ့ရမှာပါ။

NUG နဲ့ NUCC လမ်းပြမြေပုံက ဖယ်ဒရယ်စနစ်ကို အာမခံတဲ့ အားလုံးပါဝင်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးလို့ ဆိုထားတဲ့အပြင် စစ်ကောင်စီကလွဲရင် တိုင်းရင်းသားများ၊ ပထဝီဒေသအလိုက် နယ်မြေခံများ၊ တိုက်ပွဲဝင်နေသူ အစုအဖွဲ့များကို ယူနစ်အသီးသီးတွေအဖြစ် လက်ခံတဲ့သဘောဆောင်တာကြောင့် စစ်ကောင်စီနဲ့ သူ့လက်ဝေခံတွေက လွဲရင် ကျန်နိုင်ငံရေးအင်အားတွေနဲ့ ပဋိပက္ခမဆန်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းထားပြီး အခြေခံဥပဒေအသစ်ရေးဆွဲရေး၊ ပြည်သူ့ညီလာခံအဆင့်ဆင့်ကနေ အတည်ပြုနိုင်ရေး၊ ပြည်သူ့အစိုးရနဲ့ ပြည်သူလက်ခံတဲ့ ရွေးကောက်ပွဲရလဒ် အတည်ပြုနိုင်ရေး ဆိုတဲ့ မြေပုံကြောင့်က တကြောင်း၊ လက်ရှိ ပြည်သူတွေက ထောက်ခံမှုတည်ဆောက်ထားနိုင်တာကတကြောင်း NUG နဲ့ NUCC ကို အတိုက်အခံတွေက တပ်ဦးမှာ ထားပုံရပါတယ်။

လက်ရှိမှာ နိုင်ငံတော်အာဏာနဲ့ အရင်းအမြစ်များကို အုပ်စီးထားတဲ့ စစ်အုပ်စုကို အိမ်နီးချင်းများ၊ အနောက်နိုင်ငံများနဲ့ တရုတ်နိုင်ငံကပါ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုကလည်း ၎င်းကိုထောက်ခံတဲ့ အင်အားစုများနဲ့ ၂၀၀၈ လက်အောက်ခံ ရွေးကောက်ပွဲအသစ်တရပ် ကျင်းပပေးတဲ့ လမ်းကြောင်းကလွဲရင် ဘယ်ထွက်ပေါက်ကိုမှ လက်ခံတဲ့ပုံ မရပါဘူး။ တင်းမာမှုများ လျော့ချနိုင်အောင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့နေနေသာသာ လူထုထောက်ခံတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ အကျဉ်းထောင်ထဲ ဆွဲထည့်ထားတော့ စစ်အုပ်စုက အာဆီယံထုတ်ပြန်ထားတဲ့ တောင်းဆိုချက် ၅ ချက်ကိုလည်း လက်ခံနိုင်တဲ့ သဘောာ မတွေ့ရသေးပါ။

လက်နက်ကိုင်ထားသူ အစုအဖွဲ့များနဲ့ကတော့ NCA လမ်းကြောင်းကနေ အချိန်ဆွဲ စေ့စပ်ညှိနှိုင်းတဲ့ လုပ်ထုံးလုပ်နည်းကို စစ်ကောင်စီက ဆွဲကိုင်ထားပါတယ်။ NCA မှာမပါတဲ့ အသစ်ပေါ်ထွန်းလာတဲ့ နွေဦးတော်လှန်ရေးအင်အားစုများကိုလည်း ရေရှည်မှာ လက်နက်တဖက် ငြိမ်းချမ်းရေးတဖက် အဆင့်ဆင့် ဆွေးနွေးကြဖို့ စစ်ကောင်စီက ဆွဲခေါ်လာမယ့် အလားအလာရှိမလားကိုတော့ မသိရသေးပါဘူး။ နိုင်ငံရေးအကဲခတ်တဦးကတော့ အစုအဖွဲ့တိုင်းမှာ ကိုယ့်အတွက်အဓိကကျတဲ့ အကျိူးစီးပွားဆိုတာ ရှိတယ်၊ အများအကျိုးစီးပွားနဲ့ အတူတူရပ်နေကြတာကနေ မိမိအကျိုးစီးပွားရပ်တည်ရေးအတွက် အပြောင်းအလဲ လုပ်ကြရတယ်။ ရခိုင်တပ်တော် AA တို့ မြောက်ပိုင်းမဟာမိတ်တို့တွေဟာ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ဘယ်လိုရင်ဆိုင်ဖြတ်သန်းခဲ့ကြသလဲဆိုတာနဲ့ စဉ်းစားကြည့်သင့်တယ်လို့ ဆိုပါတယ်။

မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်နေကြသူ သပိတ်အင်အားစုအချို့ကတော့ ဆဲဗင်းဇူလိုင်အကြိုနဲ့ အိမ်နီးချင်းနိုင်ငံများ သဘောထားကို တုန့်ပြန်ချက်တခုနဲ့ ဆန္ဒပြလိုက်ကြပါတယ်။ ရန်ကုန်တွင် ဗကသ ကျောင်းသားများ "ဆဲဗင်း ဇူလိုင် စိတ်ဓာတ် ကိုင်စွဲကြ စု၊ ရွေး၊ လွှတ် ကိုငြင်းပယ်ကြ" စာတန်း ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ကြတယ်လို့ ခေတ်သစ်သတင်းဌာနမှာ ဖတ်လိုက်ရပါတယ်။ စစ်အုပ်စုကိုယ်တိုင်က စု၊ ရွေး၊ လွှတ် ဆိုတာကို ဘာသဘောထားမှ မပေးသေးပါဘူး။ ပြည်တွင်း ပြည်ပက အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ဆွေးနွေးကြရင် အရာရာ အဆင်ပြေသွားမယ်လို့ မျော်လင့်ကြပါတယ်။ နွေဦးတော်လှန်ရေး အစုအဖွဲ့ အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုပြုတာထက် နွေဦးတော်လှန်ရေးက ပေါ်ထွက် စုစည်းလာတဲ့ ခေါင်းဆောင်မှု စုဖွဲ့မှုကို ဗဟိုပြုတာကိုပဲ လိုလားကြပါတယ်။ မြန်မာ့အရေးကတော့ အရှေ့တောင်အာရှမှာ ဆက်လက်ပြီး ပူလောင်နေဦးမယ့် မီးတောက်တခုပဲ ဖြစ်ပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar