Breaking News

နန္ဒလင်းရှိန် - မြန်မာ့ပြည်တွင်းရေး ဘယ်သူတွေ ၀င်စွက်နေသလဲ

နန္ဒလင်းရှိန် - မြန်မာ့ပြည်တွင်းရေး ဘယ်သူတွေ ၀င်စွက်နေသလဲ
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၂

မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ဇူလိုင်လဆန်းက ကျင်းပခဲ့တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ (Wang Yi) အပါအဝင်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်တယ်။ မြန်မာနိုင်ငံကို ဇူလိုင် ၂ ရက်နေ့က ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေး၀န်ကြီးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်တယ်။ အစည်းအဝေးတက်ရောက်ကြတဲ့ ၀န်ကြီးတွေဟာ နားလည်မှုစာချွန်လွှာတွေနဲ့ ကန်ထရိုက်စာချုပ်တွေကို လက်မှတ်ထိုးမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုတယ်။ ဒါပေမယ့် အသေးစိတ်ကိစ္စကိုတော့ မပြောဘူးလို့ AP သတင်းက ဖော်ပြတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်ရေးအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဒေသတွင်းက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်တာဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ အစိုးရကို အသိအမှတ်ပြုတာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဆိုတယ်။

ဒါပေမယ့် ဧရာဝတီသတင်းဌာနရဲ့ စုံစမ်းသိရှိချက်အရတော့ ပုဂံအစည်းအဝေးမှာ စစ်အာဏာသိမ်းခေါင်း ဆောင် မင်းအောင်လှိုင်တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားဖို့ပြင်ဆင်ခဲ့တယ်လို့ဆိုတယ်။ အဲဒီလို ပြင်ဆင်ခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က လက်မခံတာကြောင့်  ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကသာ အဖွင့်မိန့်ခွန်းအသီးသီး ပြောကြားစေခဲ့တယ်လို့ သိရတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ သူ့ရဲ့မူလသရုပ်မှန်ကို မေ့ချင်ယောင်ဆောင်နေပုံပါပဲ။ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တိုက်ပွဲတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သန်းနဲ့ နှစ်သိန်းကျော်အထိ ရှိပြီလို့သိရတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာဆိုရင် စစ်ပွဲတွေကြား ဒေသခံ ၈၅ဝဝ ကျော်လောက် ထွက်ပြေးနေကြရတယ်။ အဲဒီထဲမှာ ကလေးငယ် ၂ဝဝဝ ကျော်လောက်ပါတယ်လို့ ကရင်လူမှုအဖွဲ့တွေက ပြောတယ်။ ကလေးတွေဟာ အခုမိုးတွင်းကာလဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ခံစားနေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လှုမှုရေးရာအဖွဲ့ ဥက္ကဋ္ဌက RFA သတင်းဌာနကို ပြောတာ တွေ့ရတယ်။ မကြာသေးခင်ကပဲ မုံတိုင်ပင်ရွာ လူအစုလိုက် ရက်ရက်စက်စက် သတ်ဖြတ်မှုကြီး ကျူးလွန်ထားခဲ့တဲ့သတင်းဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။

စစ်ကောင်စီဟာ ကိုယ့်ပြည်သူတွေရဲ့ အိုးအိမ်တွေ ကျောင်းကန် ဘုရားတွေ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို လူသားချင်း စာနာစိတ် ကင်းမဲ့စွာ မိရှို့ဖျက်ဆီးခဲ့/ဖျက်ဆီးနေဆဲဖြစ်တယ်။ လူမဆန်တဲ့ လုယက် ဖေါက်ထွင်း သတ်ဖြတ်မှုတွေကို နိုင်ငံအနှံ့မှာ မျက်နှာပြောင်ပြာင်နဲ့ လက်ရဲဇက်ရဲကျူးလွန်နေတယ်။ သို့ပေမယ့် သူတို့ ကျူးလွန်တာမဟုတ်ဘူးလို့ သတင်းစာရှင်းပွဲမှာ ဗြောင်လိမ်တယ်။ ဂျန်ဇီးလူငယ်တွေလုပ်သယောင် သတင်းလိမ်တွေဖြန့်တယ်။ သူတို့ဦးနှောက်တွေ ဉာဏ်မမီတဲ့အချက်က သတင်းနည်းပညာခေတ်ကို မေ့နေခြင်း၊ ခေတ်လူငယ်တို့ရဲ့ ဉာဏ်စွမ်းသတ္တိကို လျှော့တွက်ခြင်းတို့ ဖြစ်တယ်။  

အကျိုးဆက်ကတော့ မြေပြင်စစ်ပွဲတွေမှာ အလဲလဲအကွဲကွဲ ရှုံးပွဲတွေဆက်နေတယ်။ နည်းပညာစစ်ပွဲမှာလည်း ရှုံးပွဲအလီလီ ကြုံနေရပြီဖြစ်တဲ့အတွက် အကျိုးဆက်အဖြစ် စီးပွားရေးချွတ်ချုံကျ ခဲ့ရပြီဖြစ်တယ်။ နိုင်ငံတကာ သံခင်းတမန်ခင်းမှာ လူရာမဝင်နိုင်တော့ဘဲ လုယက်လူသတ် အကြမ်းဖက်လူဆိုးဂိုဏ်းအဆင့် ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းစာ မျက်နှာဖုံးတွေက သက်သေခံနေတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌဟာ အာဆီယံနဲ့ကုလသမဂ္ဂတို့ကို နည်းမျိုးစုံနဲ့ လိမ်လည်နေတာလည်း ကမ္ဘာသိကိစ္စပါပဲ။ ဥပမာ အားဖြင့် အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာ့အရေးမှာ အမှန်တကယ်ပါ၀င်ပတ်သက်တဲ့ အစုအဖွဲ့ အားလုံးနဲ့ တွေ့ခွင့် မပေးဘဲ၊ စစ်ကောင်စီနဲ့ ပဋိပက္ခဖြစ်ပွားမှု မရှိတဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုး EAO-S-NCA ရ ဖွဲ့၊ နောက် နိုင်ငံရေးပါတီ ရ ဖွဲ့တို့နဲ့ အာဆီယံ အထူးသံတမန် Prak Sokhonn ကို တွေ့ဆုံ ဆွေးနွေးစေခဲ့တယ်။

သက်ဆိုင်သူ အားလုံးနဲ့ မတွေ့ဆုံဘဲ စစ်ကောင်စီကစီစဉ်ပေးတဲ့ မသက်ဆိုင်သူများနဲ့သာ Prak Sokhonn က တွေ့ဆုံနေခြင်းဟာ အာဆီယံသဘောတူညီချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ စစ်ကောင်စီနဲ့ စစ်ဖြစ်နေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောတာတွေ့ရတယ်။  အခြားတဖက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြေညာချက်ထွက်ပေါ်လာတယ်။ လန်ချန်း-မဲခေါင်မြစ်ဝှမ်း ပူးပေါင်းဆောင်ရွက်ရေးဟာ မြန်မာပြည်သူအများစုရဲ့ သဘောထားဆန္ဒကို ထင်ဟပ်ခြင်းမရှိရုံမက အသိအမှတ်ပြုခံရခြင်းလည်း မရှိဘူးလို့ NUG ကဆိုတယ်။ လူထုကို ကိုယ်စားမပြုတဲ့ အကြမ်းဖက်စစ်ကောင်စီကို အရာသွင်း ဆွေးနွေးနေခြင်းဟာ မြန်မာပြည်သူလူထု ကို စော်ကားခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြေညာချက်က ဆိုတယ်။  ၂၀၁၆ မတ်လ (၂၃) ရက်နေ့စွဲပါ တရုတ်နိုင်ငံ Sanya မှာ သဘောတူခဲ့တဲ့ အချက် (၂၆) ချက်ပါ Sanya Declaration ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက တရုတ်နိုင်ငံကို ဦးတည်ပြီး ကြေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့တယ်။ ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး(LMC)ကို တရုတ်နိုင်ငံ၊ စန်ယ (Sanya)မှာ ကျင်းပခဲ့ပြီး၊  တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ် ၆-နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာဖြစ်တယ်။

တရုတ်နိုင်ငံ အပါအဝင်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်းကို နည်းမျိုးစုံနဲ့ဆန့်ကျင်ချိုးဖေါက်နေတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒါကြောင့်လည်း အကြမ်းဖက် စစ်ကောင်စီ ကိုယ်စားလှယ်ကို ဘယ်လို နိုင်ငံတကာ အစည်းအဝေးမျိုးကိုမျှ တက်ရောက်ခွင့် မပြုဘူးလို့ သဘောတူထားပါလျှက်နဲ့ အခုလို အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ စည်းကမ်းချိုးဖေါက်လိုက်တဲ့ ကိစ္စကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကြေညာချက်မှာ ရှုတ်ချထားတယ်။ ဒီဖြစ်ရပ်က ဘုံသဘောတူညီချက်ဖြင့် စည်းလုံးညီညွတ်စွာ ဒေသတွင်း ပြဿနာတွေကို ဖြေရှင်းသွားမယ်လို့ ကြွေးကြော်လေ့ရှိတဲ့ အာဆီယံအဖွဲ့ရဲ့ အပြောနဲ့အလုပ်မညီပုံကို ထင်ထင်ရှားရှား တွေ့လိုက်ရတယ်။ တရုတ်က အာဆီယံကို သူ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချဖို့ဇာတ်ကွက်ဆင်ရာမှာ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေကို နယ်ရုပ်လုပ်လိုက်ခြင်း ဖြစ်တယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်း အုပ်ချုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံအတော် များများက တရားဝင် အသိအမှတ်ပြုဖို့ ငြင်းဆန်နေကြတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းတွေမှာ ကိုယ်စားလှယ် ခန့်အပ်တဲ့ကိစ္စတွေကိုလည်း ဆိုင်းငံ့ထားကြတာ တွေ့ရတယ်။ အာဏာရှင်နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့ မြန်မာစစ်ကောင်စီကို အားပေးဆက်ဆံနေကြတယ်။ အခြားတဖက်မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြတဲ့ အချို့သောအာဆီယံနိုင်ငံတွေ၊ အမေရိကန်နဲ့ အီးယူနိုင်ငံတွေက NUG နဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိနေကြတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ နိုင်ငံရေးပြန်လည်သင့်မြတ်ရေးကိစ္စ အပါအဝင် တိုင်းပြည်အာဏာကို ပြည်သူလူထုထံ ပြန်လည်အပ်နှင်းရေးအစရှိတဲ့ ကိစ္စတွေနဲ့ စပ်လျဉ်းလို့ တရုတ်နိုင်ငံခြားဝန်ကြီးက အာဆီယံအထူးသံ Prak Sokhonn နဲ့တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင် ၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အာဆီယံ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ပရပ် ဆော့ခွန်းတို့ အမြင်ချင်းဖလှယ်ပြီးနောက်မှာ တရုတ်ရဲ့ အချက် (၃) ချက်ပါရပ်တည်ချက်ကို ထုတ်ပြန်ခဲ့တယ်။

ပထမအချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဥပဒေမူဘောင် အတွင်းက ဆောင်ရွက်သွားရေးကို တရုတ်-အာဆီယံ ပူးတွဲ တွန်းအားပေးသွားနိုင်မယ်လို့မျှော်လင့်ကြောင်းဆိုထားတယ်။ (သဘောကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ပြန်ဝင်ပြီး ပိုနေမြဲကျားနေမြဲလုပ်ဖို့ဖြစ်တယ်။) ဒုတိယအချက်က တရုတ်-အာဆီယံ အတူ ပူးပေါင်းပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရေးအတွက် တွန်းအား ပေးသွားမယ်လို့ ဆိုတယ်။(သဘောကတော့ တရုတ်ရဲ့ရုပ်သေး စစ်ကောင်စီကို အမြစ်ကမလှန်ကြဘဲ၊ အာဏာခွဲဝေ စေ့စပ်ပါလို့ ဆိုလိုပုံရတယ်။) တတိယအချက်က အာဆီယံအနေနဲ့ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးဆိုတဲ့ အခြေခံမူကို စွဲကိုင်ထားလိမ့်မယ်လို့တရုတ်နိုင်ငံက  မျှော်လင့်ကြောင်း ညွှန်းဆိုတယ်။ (သဘောကတော့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ သြစတြေးလျားတို့အနေနဲ့ မြန်မာ့ပြည်တွင်းရေး ၀င်မစွက်နဲ့လို့ ဆိုလိုပုံရတယ်။ ဒါပေမယ့် တရုတ်ကိုယ်တိုင်ကတော့ မြန်မာ့ပြည်တွင်းရေးကို နည်းမျိုးစုံနဲ့စွက်ဖက်နေတာ တွေ့နေရတယ်။)
တရုတ်ရဲ့ရပ်တည်ချက် (၃)ချက်ကို လေ့လာကြည့်ရင် အာဆီယံကို ခုတုံးလုပ်ပြီး စစ်ကောင်စီကို ကာကွယ်ဖို့ ထုံးစံအတိုင်း လိမ်လည်လှည့်ဖျားချက်တွေနဲ့ မြန်မာပြည်သူတွေကို နိုင်ငံရေးမျက်လှည့်ပြခြင်းသာ ဖြစ်တယ်။ အာဆီယံ အထူးကိုယ်စား လှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဆိုတာကလည်း တရုတ်ရဲ့သြဇာကို မလွန်ဆန်နိုင်သူဖြစ်ကြောင်း စောစောပိုင်း ဖြစ်စဉ်တွေအရ သိထားပြီးဖြစ်တယ်။ စစ်ရေး နိုင်ငံရေး သံတမန်ရေး ဘက်ပေါင်းစုံ အရေးနိမ့်နေပြီဖြစ်တဲ့ စစ်ကောင်စီကို သက်ဆိုးရှည်စေဖို့ အချိန်ဆွဲပေးတဲ့ တရုတ်ရဲ့မဲပြာပုဆိုးဗျူဟာ မျှသာဖြစ်တယ်။ အချိန်ဆွဲနိုင်ရင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး နိုးကြားတက်ကြွမှုတွေ အေးစက် ကျဆင်းသွားလိမ့်မယ်လို့ တရုတ်က တွက်ချက်ထားပုံပါပဲ။

ပြည်သူ့လူထု ထောက်ခံထားတဲ့ CRPH နဲ့ NUG အစိုးရ ကိုယ်စားလှယ်တွေကိုလည်း တရုတ်နဲ့ မြန်မာစစ်ကောင်စီက လက်ခံအသိအမှတ် ပြုလိုတဲ့ သဘော မတွေ့ရဘူး။ လက်ရှိ တရုတ်ရဲ့ရပ်တည်ချက်သုံးရပ်ဟာ စစ်ကောင်စီအတွက်သာ အကျိုးရှိမှာ ဖြစ်ပြီး၊ နွေဦးတော်လှန်ရေးကို အရှိန်အဟုန် ‌လျော့ကျအောင်လုပ်တဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်တာ ထင်ရှား ပါတယ်။ တော်လှန်ရေးဘက်တော်သားတွေအားလုံး သတိိရိယ မလစ်ဟင်းဘဲ နိုင်ငံရေးသတိ ကြီးစွာထားဖို့လိုပါတယ်။

အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ အာဏာသိမ်း စစ်ကောင်စီကို အကာအကွယ်ပေးရာရောက်နေ တယ်လို့ လူ့အခွင့် အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်ခဲ့ဖူးတယ်။ အခုဆိုရင် မြန်မာပြည်သူ သန်းပေါင်းများစွာဟာ အာဆီယံအဖွဲ့အပေါ် ယုံကြည်မှု ပျက်ပြားလာနေပြီလို့ Amnesty International အဖွဲ့က ဆိုတယ်။ အာဏာသိမ်းစစ်ကောင်စီကနေ အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ ဖမ်းဆီးချုပ်နှောင်တာနဲ့ နိုင်ငံထဲကနေ ထွက်ပြေးစေတာစတဲ့ လုပ်ရပ်တွေကို ဆက်လက် လုပ်ဆောင်နေတာဟာ အာဆီယံရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို သရော် လှောင်ပြောင်နေတဲ့ သဘောသက်ရောက်နေတယ်လို့လည်း Amnesty International အဖွဲ့က ဝေဖန်ထားတယ်။ အာဆီယံ အဖွဲ့အနေနဲ့ ကုလသမဂ္ဂ နိုင်ငံတကာတို့နဲ့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရတဲ့ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ အရပ်သားပြည်သူတွေကို ပြန်လွှတ်ပေးရေးမှာ ပါဝင်ဖိအားပေးဖို့လည်း Amnesty International အဖွဲ့က တောင်းဆိုထားတာ တွေ့ရတယ်။ ဒါပေမယ့် အခုအထိတော့ တိုးတက်မှု မရှိသေးပါဘူး။ အာဆီယံအထူးသံ Prak Sokhonn က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းဆိုနေပေမယ့် စစ်ကောင်စီက ဆက်တိုက် ပယ်ချခဲ့တာတွေ့ရတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အတိုက်အခံတွေနဲ့ ဆွေးနွေးသင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက စစ်ကောင်စီဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဇူလိုင်လ ၃ ရက်နေ့က တိုက်တွန်းခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားတယ်။ တကယ်အရေးကြီးတဲ့ကိစ္စက စစ်တပ်က အကြမ်းဖက် မီးရှို့လုယက်လူသတ်မှုတွေ ကျူးလွန်နေမှုကို ချက်ချင်းရပ်ဖို့ တရုတ်အနေနဲ့တိုက်တွန်းရမှာဖြစ်တယ်။ မိုးရာသီကျရောက်နေပြီဖြစ်လို့ စစ်ဘေးရှောင်ပြည်သူ တစ်သန်း ကျော်ထံ လူသားချင်းစာနာမှုအကူအညီတွေ အမြန်ရောက်ဖို့ကိစ္စအတွက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ ကို လုပ်ငန်းဆောင်ရွက်ခွင့် ပေးသင့်ပြီဖြစ်တယ်။  အခုအထိ တရုတ်-အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ဆောင်မှုမျိုး တခုမှ လုပ်ပြတာ မမြင်ရသေးဘူး။

လက်ရှိ တရုတ်နဲ့ အာဆီယံတို့ရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ပတ်သက်လို့ မြန်မာ့နွေဦးတော်လှန်ရေးဘက်တော်သားတွေ အနေနဲ့ အထူးသတိရှိရှိ စောင့်ကြည့်ဖို့လိုတယ်။ သူတို့ရည်ရွယ်ချက်မရိုးသားတာက အထင်းသားမြင်နေရတယ်။ အချိန်ဆွဲပြီး စစ်ကောင်စီကို စစ်အင်အားပြန်ဖြည့်ခွင့် ရအောင်လုပ်ပေးနေတယ်။ အကြမ်းဖက် စစ်ကောင်စီကို တရုတ်-ရုရှားက စစ်လက်နက်တွေ ဖြည့်ဆည်းပေးနေတယ်။ အရှေ့တောင်အာရှဒေသအတွင်း တရုတ်နဲ့ရုရှား သြဇာမခံတဲ့ ဒီမိုကရေစီနိုင်ငံသစ် တခုပေါ်ထွန်းလာမှာကို တရုတ်-ရုရှားအုပ်စုက မလိုလားကြောင်းတွေ့ရတယ်။ ဒါကြောင့် စစ်ကောင်စီ အလဲထိုးခ့နေရရာက ပြန်ထနိုင်အောင် တရုတ်နဲ့ရုရှားက နည်းမျိုးစုံနဲ့ ပံ့ပိုနေကြတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ အစည်းအဝေးမှတ်တမ်းတွေကို ပြန်ကြည့်ရင် တရုတ်နဲ့ရုရှားရဲ့ မြန်မာပြည်သူလူထု အပေါ်ထားတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တယ်။  ဒါကြောင့် မြန်မာပြည်သူတွေအဖို့ အားကိုးစရာ မြန်မာပြည်သူတွေပဲ ရှိတယ်ဆိုတာ မမေ့ကြဖို့လိုတယ်။ လက်နက်အားကိုး အနိုင်ကျင့်တတ်တဲ့ ကမ္ဘာ့စစ်အာဏာရှင်အုပ်စု က မင်းအောင်လှိုင်စစ်အုပ်စုကို ကျောထောက်နောက်ခံပေး ကူညီနေတဲ့အချက်ကို သတိချပ်ပါ။

လတ်တလော တရုတ်နဲ့အာဆီယံရဲ့ အတုအယောင် နိုင်ငံရေးဆွေးနွေးပွဲ ဖျားယောင်းမှုတွေဟာ တော်လှန်ရေးအင်အားစု အချင်းချင်းအကြား သွေးကွဲအောင်ဖန်တီးမှုသက်သက်ဖြစ်တယ်။ တော်လှန်ရေးအရှိန် အေးခဲ ကျဆင်းအောင် လှည့်ဖျား တာဖြစ်တယ်။ ဘက်ပေါင်းစုံ အရေးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ နလံပြန်ထူနိုင်စေဖို့ ခင်းကျင်းလိုက်တဲ့ တရုတ်ရဲ့ ဒီမိုကရေစီဆန့်ကျင်ရေးဗျူဟာ ဖြစ်တယ်။ တရုတ် နဲ့ အာဏာရှင်တပိုင်း အာဆီယံနိုင်ငံအချို့ ရဲ့ မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျ ၀င်ရောက်စွက်ဖက်မှုဖြစ်တယ်လို့ ဆိုပါရစေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar