Breaking News

ကိုအောင်မှိုင်း - တွန်း

ကိုအောင်မှိုင်း - တွန်း

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၂


ငါလဲ တွန်း

မင်းလဲ တွန်း

ပြိုင်တူတွန်းရင်ရွေ့မယ်

တွန်းဘို့အားတော့လိုတယ်

နှင်းဆီနီတပွင့်လို ရဲရဲတွေး

ဝေးဝေးကြည့် အဆုံးစွန်ထိတိုက်

အရှေ့အရပ်ဆီဦးခိုက် တွန်း။

ချောင်းရေ

မြောင်းရေကစ

မြစ်ရေတွေစုထုံး

အဆုံးမရှိ စီးဆင်း

မြစ်ကြီးတစင်းဖြစ်လာလိမ့်မယ်

ပင်လယ်ပြင်ကြီးဖြစ်အောင် တွန်း။

သေချာတာက

ဖက်ဆစ်ခေတ်မှာ

ကြိုးစင်တံခါးတွေ ပွင့်နေပြီး

ငြိမ်းချမ်းရေးတံခါးတွေ ပိတ်နေလိမ့်မယ်

ဖက်ဆစ်တွေနေဝင်ချိန်မှာတော့

ကြိုးစင်တံခါးတွေ ပိတ်သွားပြီး

ငြိမ်းချမ်းရေးတံခါးတွေ ပွင့်လာလိမ့်မယ်

လူ့တန်ဖိုးတွေပြန်ရအောင် တွန်း။

သွေးကြွေးဆိုတာ

ကြွေးပေါင်းများစွာထဲက


ဆွေးနွေးလို့မရ သွေးအေးလို့မရ

သွေးနဲ့ပေးဆပ် အသက်နဲ့ထပ်ပြီး

ပြန်အပ်ရတဲ့ လောကကြွေးဖြစ်တယ်

အကြွေးပြန်ရဘို့ ကြွေးရှင်တွေက တွန်း။


ငါတို့

ဒူးထောက်နေလို့သာ

ကြီးကျယ်သူတွေ

ကြီးကျယ်ခွင့်ရနေကြတာ

ထကြကြွကြစို့လို့

ပီ၊ ဂျေ ပရိုဒွန်ပြောသလိုဘဲ

အပြတ်သားဆုံးပုန်ကန်ထကြွပြီး တွန်း။

လူတွေသတ်တဲ့ အကြွေး

ရွာတွေမီးရှို့တဲ့ အကြွေး

မုဒိန်းကျင့်တဲ့ အကြွေး

ဖမ်းဆီးနှိပ်စက်တဲ့ အကြွေး

စော်ကားသတ်ဖြတ်တဲ့ အကြွေး

အားလုံးဟာ သွေးကြွေးတွေဖြစ်တယ်

စစ်ကိုအနိုင်တိုက်မှရမယ် တွန်း။

လူသတ်သမား လူလိမ်လူဆိုး

သူခိုးတယောက်အတွက်နိဂုံး

အဆုံးအထိ မြင်နေရပြီဘဲ

သွေးကြွေးကို သွေးနဲ့ဆပ်ရမယ်

အရှေ့မှာရောင်နီ ထွန်းတောက်နေပြီ


ငါလဲတွန်း

မင်းလဲတွန်း

ပြိုင်တူတွန်းမှလောကလှမယ် တွန်းကြစို့။

ကိုအောင်မှိုင်း

ဇူလိုင် ၃၀ ရက် ၂၀၂၂ခုနှစ်



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar