Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၀ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၂


စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက နေအိမ်မီးရှို့ခံရမှုတွေ တားဆီးနိုင်ဖို့ ဘာတွေလိုအပ်မလဲ

နေအိမ်မီးရှို့တဲ့ နည်းလမ်းက စစ်ပွဲမှာ မြေလှန်စနစ်လို့ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ တနိုင်ငံနဲ့တနိုင်ငံ ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ ဒုတိယကမ္ဘာစစ်လို စစ်ပွဲတွေမှာ ရန်သူက နေအိမ်တွေ စီးပွားရေး ဆိုင်ရာ ဆက်သွယ်ပို့ဆောင်ရေးဆိုင်ရာ နောက်ခံ အဆောက်အဦတွေကို မသုံးနိုင်အောင် ရည်ရွယ်ကာ စစ်ဆုတ်ခွာတဲ့အခါ ဖျက်ဆီးပြီး ဆုတ်ခွာတာတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟိုးအတိတ်က သမိုင်းတွေကို ပြန်ကြည့်ရင်တော့ ရန်သူ့ နယ်မြေတွေ မြို့တွေသိမ်းယူပြီး တန်ဖိုးရှိတာတွေ ယူဆောင်တာ၊ မြို့တွေ ဖျက်ဆီးတာတွေ လုပ်ခဲ့ကြတာ လွန်ခဲ့တဲ့ ရာစုနှစ် ၃၊ ၄ ခုလောက် နောက်ပြန်ကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ ဗမာဘုရင်တွေ ယိုးဒယား အယုဒ္ဓယကို သိမ်းယူခဲ့စဥ်က အလားတူ မြေလှန်ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သမိုင်းတွေမှာ တွေ့ရပါတယ်။ 

ခုဖြစ်ပျက်နေတာတွေက ပဒေသရာဇ်ခေတ် ကုန်ဆုံးပြီးနောက် အာဏာရှင်နဲ့ ဒီမိုကရေစီ အားပြိုင်မှု ခေတ်၊ ခေတ်သစ် လူ့အခွင့်အရေး ၊ လူသားဝါဒတွေ တန်ဖိုးထားကြတဲ့ ခေတ်လိုမျိုးမှာ မြေလှန်စနစ်ကို ပြည်တွင်းစစ်မှာ သုံးနေကြတဲ့ အဖြစ်မျိုး ရင်ဆိုင်နေကြရတာပါ။ ကမ္ဘာ့နိုင်ငံတချို့မှာ ပဒေသရာဇ်စနစ်ဆန်တဲ့ စစ်ဘုရင်တွေ အာဏာရနေကြတဲ့ နိုင်ငံ၊ ဒေသတချို့ ရှိနေဆဲဖြစ်ပေမယ့် သတင်းအချက်အလက် နည်းပညာတွေ ခေတ်မီတိုးတက်လာတဲ့ ခေတ်မှာ ပဒေသရာဇ်ခေတ်ကလို ရက်စက်မှု၊ နှိပ်ကွပ်သတ်ဖြတ်မှု၊ မြေလှန်ဖျက်ဆီးမှုတွေက မှတ်တမ်းမှတ်ရာနဲ့ ကျန်ရစ်နေကြတဲ့ ခေတ်မျိုးဖြစ်ပါတယ်။ ကျူးလွန်သူတွေကိုယ်တိုင် ကျူးလွန်မှုကို အားရလို့ မှတ်တမ်းတင်တာဖြစ်စေ၊ နစ်နာသူတွေက မှတ်တမ်းတင်တာဖြစ်စေ မြေလှန်တဲ့ လုပ်ရပ်တွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက မှတ်တမ်းမှတ်ရာနဲ့ ကျန်ရစ်နေကြပြီ ဖြစ်ပါတယ်။ ကျူးလွန်မှုကို ဂုဏ်ယူပြီး မိမိတို့ကို ထောက်ခံရပ်တည်သူတွေကို ကျေနပ်အားရအောင် ဖြစ်စေ မှတ်တမ်းတင်မှုတွေက တနေ့မှာ သမိုင်းက အမည်းရောင် စာမျက်နှာတွေ ဖြစ်လာမှာ သေချာပါတယ်။ 

သမိုင်းမှာ တချိန်မှတ်တမ်းတင်ခံရမှာ မှန်သော်လည်း လတ်တလော ဖြစ်ပျက်နေတာတွေကို ဘယ်လို တားဆီးကြမလဲ၊ ဘယ်လိုရှောင်လွှဲကြမလဲဆိုတာက လက်ရှိ အရေးကြီးဆုံး မေးခွန်းဖြစ်သလို အရေးတကြီး လုပ်ဆောင်ရမယ့် အရာလည်း ဖြစ်နေပါတယ်။

ခုရက်အတွင်း ရေဦးမြို့နယ်က တင်းတိမ်ရံ ကျေးရွာမှာ ကျေးရွာရဲ့ စျေးဆိုင်တွေနဲ့ နေအိမ်တွေ မီးရှို့ခံခဲ့ရပါသေးတယ်။ အဲဒီအဖြစ်အပျက်မတိုင်ခင် ရက်ပိုင်းမှာ ရေဦးမြို့နယ်ထဲက မီးမောင်းကုန်းရွာမှာလည်း နေအိမ်တွေမီးရှို့ခံရပြီး အသက်အရွယ်ကြီးရင့်သူ အဘွားအိုတဦး မီးထဲ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သတင်းထဲ ပါရှိပါတယ်။ အလားတူပဲ မကွေးတိုင်းက မြိုင်မြို့နယ်က လက်လုပ်ရေနံတွင်းတွေကိုလည်း မကြာခင်က ဖျက်ဆီးမီးရှို့ခဲ့ပါသေးတယ်။ ဒီရေနံတွင်းတွေက ဒေသကာကွယ်ရေးအဖွဲ့တွေကို အကောက်ပေးနေတယ်ဆိုတဲ့ အကြောင်းကြောင့် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယူဆကြပါတယ်။ 

ငွေကြေး အရင်းအမြစ်နည်းပါးပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးကြရတဲ့ အထက်အညာဒေသမှာ နေအိမ်တအိမ်ကို ဆောက်နိုင်ဖို့အတွက်ဆယ်စုနှစ် တခုမက စုဆောင်းပြီး တည်ဆောက်ထားကြရတာဖြစ်လို့ အခုလို နာရီပိုင်းအတွင်း နေအိမ်နဲ့ အသုံးအဆောင်တွေ မီးလောင်ပျက်စီးသွားတဲ့အဖြစ်ဟာ ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ ဘဝမှာ နာကြည်းဖွယ်ရာ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်နေကြတာပါ။ 

ဒီလို ကျေးရွာတွေကို မီးရှို့ခြင်းမခံရအောင် ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကို ခုထက်ပိုကျယ်ကျယ်လောင်လောင် မေးမြန်းကြဖို့ လိုအပ်မယ်ထင်ပါတယ်။ ကျူးလွန်တဲ့ အာဏာသိမ်းစစ်တပ်အပေါ်  အပြစ်တင်တာ မှန်ပေမယ့် မိမိတို့ဘက်က ဘယ်လို ကာကွယ်ပေးနိုင်မလဲဆိုတာလည်း အရေးကြီးတဲ့မေးခွန်း ဖြစ်ပါတယ်။ မကာကွယ်ပေးနိုင်ခဲ့ရင် ပကဖ လို့ အတိုကောက်ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ဆိုတဲ့အမည်က မေးခွန်းထုတ်စရာ ဖြစ်နေသလို ထင်မြင်စရာရှိလာနိုင်ပါတယ်။ စစ်ကောင်စီက ကာကွယ်ရေးတပ်ဖွဲ့  ဖွဲ့စည်း လှုပ်ရှားနေတယ်ဆိုတဲ့ ကျေးရွာ ဆိုတဲ့အချက်ကြောင့် မီးရှို့ဖျက်ဆီးတာလား၊ သို့မဟုတ် အခြားသော အကြောင်း ဖြစ်တဲ့ စစ်ကောင်စီ ယာဥ်တန်း ၊ စစ်ကြောင်းကို ချိုခိုတိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ရင် အနီးဆုံးကျေးရွာတွေကို ဖျက်ဆီးတာ ဆိုတဲ့ အကြောင်းအချက်တွေကို ပြန်သုံးသပ်ပြီး တိုက်ခိုက်ရေး နည်းဗျူဟာ၊ မဟာဗျူဟာတွေ ပြောင်းလဲသင့်သလားဆိုတာတွေလည်း စဥ်းစားသင့်ပါတယ်။ အဲလိုမဟုတ်ခဲ့ရင် မြေလှန်စနစ်ကျင့်သုံးတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖျက်ဆီးမှုကြောင့် ကျေးရွာတွေက နေအိမ်၊ ပိုင်ဆိုင်မှု ရိက္ခာတွေ ဆုံးရှုံးလာပြီးနောက် ၆ လအကြာ သို့မဟုတ် ၁ နှစ်အကြာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျေးရွာနေ လူထုက ပံ့ပိုး ကူညီနိုင်တဲ့ အင်အားတွေပါ ခန်းခြောက်လာနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

မုံရွာ ခရိုင်၊ ရွှေဘိုခရိုင်တွေက စိုက်ပျိုး ထွက်ရှိတဲ့ ဆန်စပါး၊ ပဲ နဲ့ အခြားသော သီးနှံတွေ ကိုဗစ်ဖြစ်ပွားပြီး နယ်စပ်ကုန်သွယ်ရေးတွေ လနဲ့ နှစ်နဲ့ချီပိတ်ထားချိန်မှာ ကျဆင်းခဲ့သလို ကိုဗစ်ကပ်ဘေးပေါ် ထပ်ဆင့်လိုက်တဲ့ စစ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်ငြိမ်မှုမှာ ထပ်မံ ကျဆင်းခဲ့ရာက အခုခါမှာတော့ အဲဒီနယ်တွေမှာ ကျေးရွာမီးရှို့ခံရတာတွေ အသက်ဘေး လွတ်အောင် ဖမ်းဆီးမခံရအောင် တိမ်းရှောင်နေကြရတဲ့ အခြေအနေတွေကြောင့် မစိုက်ပျိုးနိုင်ကြတဲ့ လယ်ယာမြေတွေ များလာနေပြီဖြစ်ပါတယ်။ မြေရှိတဲ့သူတွေလည်း အလုပ်သမား ငှားဖို့ မလွယ်ကူ၊ လောင်စာဆီစျေးနှုန်းမြင့်တက်မှု၊ မြေဆီစျေးနှုန်းမြင့်တက်မှုတွေက စိုက်ပျိုးရေး လုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေပြီး ဒေသတခုလုံး အသက်ဘေး၊ အငတ်ဘေး နဲ့ တပြိုင်တည်းရင်ဆိုင်နေကြရတဲ့ အနေအထားထိ ရောက်ရှိနိုင်ပါတယ်။ 

စစ်ရေး အခြေအနေသာမက စီးပွားရေး အခြေအနေလည်း အဆိုးဆုံးဖြစ်လာရင် တော်လှန်ရေး အောင်မြင်ဖို့ ပိုအလားအလာ နီးစပ်တယ်လို့ လွဲမှားတဲ့ ထင်မြင်ယူဆချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမဲ့ ဒေသခံလူထုအနေနဲ့ အသက်ရှင်သန် နေထိုင်ရေးနဲ့ စားဝတ်နေရေး မရှိရင် နိုင်ငံရေး စစ်ရေးကို ကူညီနိုင်ဖို့ မလွယ်ကူဘူးဆိုတဲ့ အချက်ကိုလည်း သတိပြုသင့်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar