Breaking News

ကိုအောင်မှိုင်း - လွမ်းရစ် သင်းထုံ ကြယ်အစုံသို့ တမ်းချင်း


ကိုအောင်မှိုင်း - လွမ်းရစ် သင်းထုံ ကြယ်အစုံသို့ တမ်းချင်း

(မိုးမခ) ဩဂုတ် ၈၊ ၂၀၂၂


ပူနွေးနွေး

သွေးမျက်ရည်တွေ

ကမ္ဘာမြေအနှံ့စီးဆင်း

ချစ်ခြင်းမေတ္တာတို့ မျိူးတုန်းရှာခဲ့။

ရနံ့ထုံသင်း

နုပျိုခြင်းကို စွန့်လွှတ်

ပျိုမြစ်ခြင်းကို မေ့ပစ်

စွန့်လွှတ်ခြင်းကို ထုဆစ်

သေမင်းနဲ့စစ်ခင်း လတစင်း

သွေးတလင်းရဲ့ ဇာတ်ဝင်သီချင်း

လွမ်းတိုင်းကြွေမင်း ပန်းတခင်း။

သင်တို့၏

ရဲရင့်နီစွေး

စွန့်လွှတ်တေးကား

တိုက်ပွဲတွေကြား

လမ်းပြကြယ်အလား

မြင့်မြင့်မားမား ငွါးငွါးစွင့်စွင့်

အောင်လံတလွင့်လွင့် ပန်းတို့ပွင့်ခဲ့ပါ၏။

သင်တို့၏

ဝိညာဥ်တို့ကား

ငါတို့အား ရှေ့သို့ချီစေ

တိုက်ပွဲတွေ ခေါ်သံပေး

စစ်တေးတွေ စည်းနှောင်

အမှောင်ခွင်းတဲ့ ခုခံစစ်

ထိုးစစ်တွေကို ရိုက်ချိူး

ဗြောင်းဆန်အောင် စစ်ထိုး

သွေးစစ်စစ်နဲ့ ကမ္ပည်းထိုး

အာဇာနည်မျိုး သေရိုးမရှိ။

ရိုးဖြတ်တွေကြား

လယ်ကွင်းတွေကြား

အလုပ်ရုံတွေကြား

စက်ရုံတွေကြား

သံတိုင်တွေကြား

ကြိုးစင်တွေကြား

စာသင်ခန်းတွေကြား

ပေတရာလမ်းကြား နိဗ္ဗာန်ဘုံအလား

လွမ်းထုံသင်းသည့် ကြယ်များစွာသာ

ဖူးသည် ဝေသည် ကြွေသည် လွမ်းရက်ကတာရှည်။

၈ ၄လုံးတို့ရဲ့

အချစ်သစ်ပင်။

စိုက်ပျိုးမိတဲ့

အချစ်သစ်ပင်။

ရင်တွင်းဖြစ်တဲ့

အချစ်သစ်ပင်။

နွေဦးနဲ့အတူ

တိုက်ပွဲကူပါ

အတူတကွ

ရှင်ပြန်ထမြောက်

အောင်ပွဲသို့ရောက်ပါစေသတည်း။

ကိုအောင်မှိုင်း

သြဂုတ်လ ၇ ရက် ၂၀၂၂ခုနှစ်။


( ၈ ၄လုံးအရေးအခင်းတွင် ကျဆုံးခဲ့ကြကုန်သော အညတရ ရဲဘော်အပေါင်းအား

ဤကဗျာဖြင့် ဦးညွှတ်အလေးပြုလိုက်ပါသည်။)



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar