Breaking News

နိုင်မွန်အောင်သွင် - တိုက်တင်းနစ်သီချင်းသစ်


တိုက်တင်းနစ်သီချင်းသစ်
နိုင်မွန်အောင်သွင် 
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၂

အရူးလက်ထဲပစ်ထားတော့
သင်္ဘောကနစ်တော့မယ်။
စားပွဲမှာ ဝိုင်းထိုင်ပြီး
နက်ရှိုင်းစွာစိတ်ပူနေလိုက်ကြ။
အပေါက်လေးတချို့ကိုပိတ်လိုက်ဖွင့်လိုက်နဲ့
ပုလွေမှာစစ်သီချင်းသံကိုပဲထပ်ကြော့နေတယ်။
ရေခဲတောင်မဟုတ်ဘူး
ငါတို့ကြုံနေရတာ 
ယုတ်မာပက်စက်မှုတွေပန်းထွက်နေတဲ့ မီးတောင်။
အသက်လုပြေးနေကြရတာက
ကုန်းပတ်ပေါ်မှာမဟုတ်ဘူး
တောတွေတောင်တွေထဲမှာ။
ရုပ်ရှင်မဟုတ်ဘူး
ရုပ်ရှင်ထဲကလို ကြေကွဲဖွယ်ဇာတ်သိမ်းခန်းမဟုတ်ဘူး။
မပြီးဆုံးသေးတဲ့ တော်လှန်ရေးပဲ ဖြစ်တယ်။

၇.၈.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar