မိုးမြင့်ယံ - ကိုယ်ပိုင်နံပါတ် ၅ / မျဥ်းစောင်းပါ မေမေ
ကိုယ်ပိုင်နံပါတ် ၅ / မျဥ်းစောင်းပါ မေမေ
မိုးမြင့်ယံ
(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၂
အမှန်တရားရဲ့ တံခါးကိုတွန်းဖွင့်ဝင်ရောက်ဖို့အတွက် ၅ / မျဥ်းစောင်းဆိုတာ ကျွန်တော်ရွေးခဲ့တဲ့ဂဏန်းမှ မဟုတ်တာမေမေ ။
ဘာပဲပဲဖြစ်ဖြစ်ပါ ကျွန်တော် ကျေနပ်ဂုဏ်ယူရပါရဲ့၊ ငြိမ်းမြအေးချမ်းတဲ့ လေစီးကြောင်းထဲမှာ လွတ်လပ်ခြင်းအလံတော်တွေ လွင့်ပျံဝဲနေစေဖို့အတွက် ကျွန်တော်ဟာ လိပ်ပြာတကောင်လိုအံကိုခဲပြီး တောင်ပံတဖျတ်ဖျတ်ခတ်ရင်းနဲ့ ရင့်ရင့်ရဲရဲ ပျံသန်းနေဦးမှာပါ လေပွေမုန်တိုင်းတွေကို ဖန်ဆင်းဖို့အတွက်ပေါ့ ။
ရွှေ့ချင်နေသူလူငယ်တယောက်အတွက် အရွေ့ထဲမှာ အရွေ့တခုကတော့ ကျိန်းသေစွာ ကိန်း ဝပ်တည်ရှိနေမယ်ဆိုတာကို ကျွန်တော် အသေအချာ ယုံကြည်နေမိတုန်းပါပဲ မေမေ ။
လှပတဲ့အနာဂတ်တခုကို ထုဆစ်ပုံဖော်ဖို့အတွက်ဆိုရင် ကျွန်တော်တို့လက်တွေသန်မာနေမှဖြစ်မှာလေ၊ နံရံကိုခေါင်းနဲ့တိုက်နေတာမဟုတ်ပါဘူး အဲ့ဒီအမှောင်နံရံရဲ့တံတိုင်းတွေကို ဖြိုချဖျက် ဆီးပစ်ဖိုရာ ကျွန်တော့်ကိုယ်ကျွန်တော် လျှပ်စီးလိုလင်းပဝင်းမြစွာ လောင်ကျွမ်းပစ်လိုက်မှာပါ မေမေ ။
အားကြီးသူသာ အနိုင်ရစတမ်းဆိုတာ တကယ်တမ်းတော့ တောတွင်းတိရစ္ဆာန်တွေရဲ့ ဇာတ်လမ်းပါမေမေရယ်၊ အင်အားချင်းမမျှလို့သာ ငုံ့ခံရစတမ်းဆို ကျွန်တော်တို့ ဒီလိုကျွန်သဘောက်သာသာဘဝက ဘယ်လိုလုပ်များ လွတ်မြောက်နိုင်ပါ့ဦးမလဲ ? ။
ကိုယ့်ထမင်း ကိုယ်စားပြီး ဂျီးတော်နွားကျောင်းနေရတဲ့ အဖြစ် ပြန်စမ်းစစ်ကြည့်တော့ မေမေ့ အသက်လည်း ၆၂ နှစ်တောင်ကျော်လာခဲ့ပြီလေ " ဓားမဦးချတဲ့ "
" ဘိုးဘွားပိုင်တဲ့ " အဲ့ဒီလို အသမုတ်ခံသက်သက် ပညတ်ထားတဲ့လယ်ယာမြေတွေကို ခြံစည်း ရိုးခတ်ပြီး လုယူခံလိုက်ရတဲ့ နှစ်က ဖေဖေလည်း အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာ ကျွန်တော် တို့က ဘယ်လိုအင်အား ဘယ်လိုတရားတွေနဲ့များ ဖြေလို့ရနိုင်ပါ့မလဲ မေမေ ရယ် ။
ဆီကိုရေချိုးပြီး ဆေးရိုးမီးလှုံဖို့ဆိုတာ ဝေလာဝေးပြေးရင်းလွှားရင်း ငတ်မသေအောင် မှိုတပွင့် မျှစ်တချိုးနဲ့ အသက်ဓာတ်ကို ဆွဲဆန့်ထားရတဲ့ ခက်ခဲနေ့ညတွေဟာ မိုးလင်းမိုးချုပ်၊ ဒါဟာ ပြဇာတ်တပုဒ်ကပြနေကြရတာမှ မဟုတ်တာ မေမေရာ ။
အမှောင်မှာအသားကျနေလို့ မိုးစုန်းစုန်းချုပ်မှာကို မကြောက်ပေမဲ့ မသေခင် အလင်းလေးတစတော့ ကျွန်တော်တို့ဘဝတွေမှာ လှလှပပမြင်တွေ့သွားခွင့် ရချင်သေးပါရဲ့လေ၊ မြေနိမ့်ရာစိုက်တဲ့လှံတွေကြားမှာ ကျွန်တော်တို့ပခုံးတွေလည်း အသားမာတက်ခဲ့ရပေါင်း များလှပါပြီ မေမေ ရယ် ။
ဟိုးမှိုင်းပျပျ တောင်ခြေရွာလေးက လွင့်ပျံလာတဲ့ လေထုထဲမှာ ဝဲလွင့်ဖြာထွက်လာတဲ့ ပြာမှုန်ပြာစတွေနဲ့ အတူ တကွ ဘဝတွေတော်တော်များများ ညှော်နံ့တွေစွန်းပေခဲ့ရပြီလေ၊ မြန်မာပြည် မြေပုံသေးသေးလေးထဲမှာမှ ကျွန်တော်တို့ ရွာကလေးကို ဘယ်နားမှာများ သွားပြီးရှာရမှာလဲ မေမေ ? ဖြေပါဦးဗျာ ။
ယာခင်းထဲမှာ နွားတရှည်းနဲ့ အတူရုန်းရင်း ကဗျာနည်းနည်း စာနည်းနည်းနဲ့ နူးညံ့ညင်သာစွာ ကျွန်တော်ဟာ စာတိုငညို ဖြစ်ချင်ခဲ့တာပါ ၊ ခုတော့ မေမေ့ အရိပ်တွေအရောင်တွေ အသံတွေရဲ့အဝေးမှာ ကျွန်တော်တို့ ဘဝတွေကိုချခင်းပြီး တိုက်ပွဲထဲကိုသက်ဆင်းခဲ့ရတာ နာကျင်ရလွန်းတဲ့ဒဏ်ရာတွေကို ပြန်လည်ကုစားဖို့ သက်သက်အတွက်ဆိုတာထက် အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေ လွတ်လပ်လှပစွာလင်းမြ ဖြာဝေတောက်ပစေချင်လွန်းတဲ့ ကျွန်တော်တို့ ရင်ထဲက သွေးနဲ့ရေးတဲ့ အဖြူရောင် ဆန္ဒသစ္စာ သက်သက်ရယ်ပါမေမေရယ်။
မေမေရေ ကျွန်တော်ရေးခဲဖူးတဲ့ကဗျာလေးတပုဒ်ထဲကလို အသက်ဓာတ်တွေဟာ ကိုင်းကူးကိုင်းဆက်စိုက်ပျိုးလို့ မရနိုင်မှန်းလည်း ကျွန်တော်တို့သိထားခဲ့ပါရဲ့လေ၊ သေခဲ့ရင်အာဇာနည် ရှင်ကျန်ခဲ့ရင် သူရဲကောင်းလို့သမုတ်တတ်တဲ့ကျွန်တော့်နိုင်ငံမှာ ကျွန်တော်ဟာ မျက်လုံးတလုံးဆို မျက်လုံးတလုံး၊ လက်တဖက်ဆို လက်တဖက်၊ အသက်ကိုအသက်ချင်းပေးဆပ်ရမဲ့ ဟန်ရာမူရာဘီရဲ့ 'ကိုဓဥပဒေ' ကို ပိုပြီးမြတ်နိုးတတ်ခဲ့လာပြီလေ။
မေမေရေ အိပ်မပျော်တဲ့ ည ညတွေဆိုရင် တောတောင်ထဲက ပိုးကောင်မွှားကောင်တွေရဲ့ ဆူညံသံတွေကြားထဲ ကောင်းကင်ကြီးကိုမော့ငေးရင်း ကြယ်တွေကို ငေးမောရီဝေစွာကြည့်လို့ စိတ်နဲ့ရေးဖြစ်တဲ့ကဗျာတွေလည်း များလှပါပြီမေမေ။
အဲ့ဒီအထဲကမှ " သေကွဲ " ဆိုတဲ့ကဗျာလေးကို မေမေ့ထံပါး ကျွန်တော်က စိတ်နဲ့ရွတ်ပြပါ့မယ်၊ မေမေက နှလုံးသားနားနဲ့ နားထောင်ပေးပေါ့နော်၊ ကျွန်တော် မေမေ့ကိုချစ်သလိုမျိုး ကျွန်တော့် နိုင်ငံ ကျွန်တော် ရေ မြေ လေထု တောတောင် မြစ်ချောင်းနဲ့ ပင်လယ်တွေကိုလည်း ချစ်ရပါတယ်မေမေ ။
ဆဋ္ဌမအာရုံကို စူးစိုက်ပြီး နှလုံးသားနား နဲ့ ကြားနိုင်ပါစေ မေမေ ..........
'' သေကွဲ ''
မေမေ ရေ
စစ်တိရစ္ဆာန်တွေရဲ့ ကျည်ဆန်နဲ့မှ မဟုတ်ပါဘူး
မရဏမင်းရဲ့ မြားချက်နဲ့လည်း
သားတို့ သေကွဲ ခွဲရမှာပဲလေ .....
မေမေတို့ရဲ့ ဘဝတွေမှာ
ရယ်သံတွေလည်း ပျောက်ဆုံးနေတာ ကြာခဲ့ပြီပဲ
သားအတွက်ဆို ထပ်မငိုပါနဲ့တော့ မေမေ ....
အကြိမ်ကြိမ်အထပ်ထပ်စဥ်းစား
မေမေ့စကားကိုလည်း ဆန့်ကျင်
သားက တရားတော်တွေကိုလည်း နားမဝင်ခဲ့တဲ့ကောင်ပါ ...
ဒါပေမဲ့ သားလေ
အလင်း နဲ့ အမှောင် အဖြူ နဲ့ အမည်းကို
ခွဲခွဲခြားခြားသိမြင်ပြီး
အလယ်အလတ် လမ်းစဥ်ကိုစွန့်လို့
ဓမ္မ ဘက်မှာပဲ မားမားမတ်မတ် ခြေစုံရပ်ခဲ့တာပေါ့ မေမေ ....
တကယ်တော့ ကျည်ဆန်ဆိုတာ
ပန်းမဟုတ်မှန်းလည်း သားတို့လူငယ်တွေ
သိပါတယ် မေမေရယ် ....
နောက်ထပ် ဒီစနစ်ဆိုးအောက်မှာ
သားတို့ရဲ့ ညီအစ်ကို မောင်နှမတွေကို
ကျွန်သဘောက်လို မဖြစ်စေချင်တော့လို့
နူးညံ့ ညင်သာတဲ့ မေမေ့ ရဲ့ သား
သံမဏိလို မာကြောခဲ့ရတာပါ ....
သားတို့ ကိုယ်က ထွက်တဲ့သွေးတွေနဲ့
အာဏာရှင်အညစ်အကြေးကို ဆေးကြောလို့
သားတို့ ရဲ့ အရိုး အကြော အသွေးအသားတွေကတော့
မြေဆီ မြေသြဇာတွေ အဖြစ်နဲ့
နောင် ပွင့်ဖူးလာမဲ့ ပန်းကလေးတွေအတွက်
အားအင် တခုအဖြစ်ထင်ကျန်ရစ်နေမှာကို
မေမေ ဂုဏ်ယူလိုက်ပါ ....
မငိုပါနဲ့တော့ မေမေ
မျက်ရည်တွေကို သုတ်လိုက်ပါတော့ ....
သားကိုလွမ်းတဲ့အခါ
မေမေမော့ကြည့်လိုက်တဲ့ ကောင်းကင်မှာ
လင်းလက်တောက်ပနေတဲ့
ကြယ်စင်တွေ ကြားထဲကနေ
မေမေ ရဲ့သားက
ဖြူစင်ရှင်းသန့်တဲ့ ကြယ်ဖြူ တလုံးအနေနဲ့
မေမေ့ ကို ပြုံးပြီး ကြည့်နေမှာပါ ....။
ဒီကဗျာလေးထဲကလို တကယ်လို့များ ကျွန်တော် ပြန်မရောက်လာနိုင်ခဲ့ရင် မငိုပါနဲ့နော် မေမေ လို့ ကျွန်တော် ကြိုတင်မှာကြားခဲ့ပါရစေ ။
ကျွန်တော်တို့လိုအိပ်မက်အဦးမှာ အညွှန့်အဖူးအချိုးခံရတဲ့ လူငယ်တွေရဲ့အဖြစ်မျိုး နောင်မျိုး ဆက်တွေလွတ်ကင်းရလေအောင် ကျွန်တော် တိုက်ပွဲထဲကို ရင့်ရင်ရဲရဲပျော်ဝင်ခဲ့တာပါမေမေ ။
အနာဂတ်ရဲ့ နိင်ငံတော်အသစ်မှာ လွတ်လပ်လှပစွာ ပျံဝဲနေတဲ့ ဂျိုးဖြူငှက်တွေကြားထဲ အောင်လံတော်ဟာ တလူလူလွင့်လို့ ဝင့်ဝင့်ကြွားကြွားနဲ့ နေရောင်ခြည်တွေရဲ့ အလင်းဖြာဖြာအောက်မှာ လှပနေတာမြင်ရတဲ့တနေ့ မျက်ရည်တွေကြားထဲကနေ ပြုးပြုံးလေးနဲ့ ကျွန်တော့် ကို အမှတ်ရပေးပါနော် ကျွန်တော်ရဲ့ ကိုယ်ပိုင်နံပါတ်က ၅ / မျဥ်းစောင်းပါ မေမေ ။
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
12 . Aug . 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar