စစ်ကိုင်းတိုင်း အထက်ပိုင်းက ပြင်းထန်လာတဲ့ တိုက်ပွဲနဲ့ ကရင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေဆဲ ဝေါ်လေတိုက်ပွဲ
မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၄ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၂
စစ်ကိုင်းတိုင်း အထက်ပိုင်းက ပြင်းထန်လာတဲ့ တိုက်ပွဲနဲ့ ကရင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေဆဲ ဝေါ်လေတိုက်ပွဲ
စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်း၊ ကန့်ဘလူ၊ အင်းတော် နဲ့ ကသာ ဒေသတွေမှာ ခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ KIA နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ သတင်းတွေ ရက်ဆက်ဆိုသလို ဖော်ပြနေကြပါတယ်။ ကန့်ဘလူနဲ့ ကောလင်း မြို့နယ်အစပ်က ကျေးရွာတွေအနီး တိုက်ပွဲတွေ ဖြစ်ပွားပြီး ပြီးခဲ့တဲ့ ရက်အတွင်း စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးတယ်လို့ ပီဒီအက်ဖ်တွေဘက်က မီဒီယာကို ပြောဆိုမှုတွေ ရှိပြီး အခြားသတင်းရင်းမြစ်နဲ့ အတည်ပြုထားတာ မရှိသေးပါဘူး။ စစ်ကောင်စီတပ်ရဲ့ အရာရှိ ၃ ဦးအပါအဝင် ဆယ်ဂဏန်းလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်း အကူအညီနဲ့ ပစ်ခတ်တာတွေ လုပ်နေပြီး အရပ်သား ၄ ဦးထက်မနည်း နေအိမ်ထဲမှာနေရင်း လက်နက်ကြီးကျည် ထိပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျေးရွာနေအိမ်တွေကို စစ်ကောင်စီဘက်က မီးရှို့တာတွေလည်း ရှိနေကြောင်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
ကသာနဲ့ အင်းတော်ဘက်မှာလည်း ခုရက်ပိုင်းတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း မှာ စစ်ဘေးတိမ်းရှောင်ရသူတွေ အသက်သေဆုံးရတဲ့ အရပ်သားတွေရဲ့ ကိန်းဂဏန်းအရေအတွက် တိုးမြင့်လာနေတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါ်လေဒေသမှာ ဥကရစ်ထ စခန်းတိုက်ပွဲတွေ ဖြစ်ပွားလာချိန်ကစလို့ ကေအန်ယူ ရဲ့ စစ်ကြောင်းအချို့ နဲ့ ဒီကေဘီအေ၊ PDF တွေပါဝင်တဲ့လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာ လနဲ့ချီရှိလာပြီး ခုရက်ပိုင်းမှာ တကျော့ပြန် ပြင်းထန်လာတာလည်း တွေ့ရပါတယ်။ ကော်ဘရာစစ်ကြောင်းအပါအဝင် အခြားလက်နက်ကိုင် တပ်တွေက စစ်ကောင်စီ နယ်စပ် အခြေစိုက်စခန်း နဲ့ ရိက္ခာ၊ လူအင်အား ဆက်ကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ထားတာ တိုက်ခိုက်တာတွေဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း အကူအညီနဲ့ ဗုံးကျဲတာ ပစ်ခတ်တာတွေ လုပ်ဆောင်ပြီး တိုက်ပွဲပြင်းထန်လာနေတာ ဖြစ်ပါတယ်။
လတ်တလော စစ်ကောင်စီတပ်တွေနဲ့ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ဒေသတွေလို့ ဆိုရင် စစ်ကိုင်းတိုင်း အထက်ပိုင်း နဲ့ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွေလို့ ဆိုနိုင်ပါတယ်။ အချို့သူတွေက အခုလို အခြေအနေမှာ တနိုင်ငံလုံး စစ်ကောင်စီကို တပြိုင်ထည်း လက်နက်ကိုင် တိုက်ခိုက်နိုင်ရင် စစ်ကောင်စီအဖို့ ပြုတ်ကျနိုင်တဲ့ အထိအလားအလာရှိတယ်လို့ ယူဆမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ တနိုင်ငံလုံး တပြိုင်ထည်း တိုက်နိုင်ဖို့ရာအတွက် နိုင်ငံရေးအရ စုစည်းမှု သဘောတူညီမှု ရှိဖို့ လိုအပ်တာ အဓိက အချက်ဖြစ်ပြီး ဒုတိယ အချက်က လက်နက်ကိုင် တပ်တွေ အနေနဲ့ အကွဲကွဲအပြားပြား အမိန့်ပေးမှုစနစ်မျိုးအခြေအနေ အောက်မှာ အထက်က တပြိုင်တည်း တိုက်ခိုက်မှုက ဖြစ်ပေါ်လာဖို့ မလွယ်တာလည်း ဖြစ်ပါတယ်။ အချုံ့ပြောရရင်တော့ တနိုင်ငံလုံး လက်နက်ကိုင် တိုက်ခိုက်ပြီး စစ်ကောင်စီပြုတ်ကျရေး တပြိုင်နက်ထဲ လုပ်ဆောင်ဖို့ဆိုရင် နိုင်ငံရေး အရနဲ့ စစ်ရေးအရ ပေါင်းစည်းမှု စုဖွဲ့မှု တခုရှိဖို့ လိုအပ်မှာ အသေအချာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို နေ့ချင်းညချင်း ဖြည့်ဆည်းဖို့ မဖြစ်နိုင်ပဲ လနဲ့ သို့မဟုတ် နှစ်နဲ့ချီ ဖြည့်ဆည်းတည်ဆောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
နိုင်ငံရေး ဦးတည်ချက်တွေ ညှိနှိုင်းဖို့၊ ကတိကဝတ်တွေ ၊ တန်းတူညီတူ ဆက်ဆံမှုတွေ ယုံကြည်မှုတွေ တည်ဆောက်နိုင်မှသာလျှင် နိုင်ငံရေးစုစည်းမှု တခုတည်းအောက်ကို ရောက်ရှိနိုင်မယ့် သဘောလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသော သတင်းတွေမှာတော့ လောင်စာဆီဈေးတွေ ထပ်မံပြီးမြင့်တက်လာနေတဲ့ သတင်းဖြစ်ပါတယ်။ ဈေးအနိမ့်ဆုံး ဖြစ်တဲ့ လောင်စာဆီတင်သွင်းရာ ရန်ကုန်မြို့မှာတောင် ဓာတ်ဆီ တလီတာကို မြန်မာကျပ်ငွေ အနည်းဆုံး ၂၅၀၀ ကျပ်နီးပါး၊ ဒီဇယ်တလီတာကို ကျပ် ၃၀၀၀ ကျော်ရောက်နေပြီး အခြားမြို့တွေမှာ ဒီထက်မြင့်တဲ့ စျေးနှုန်းရောက်ရှိနေပြီး လက်နက်ကိုင် ပဋိပက္ခကြောင့် လမ်းပန်းခက်ခဲတဲ့ ဒေသတွေမှာ တလီတာကို ကျပ် ၄၀၀၀ ကနေ ၅၀၀၀ အထိ စျေးနှုန်းမြင့်တက်နေတယ်လို့ ဆိုပါတယ်။ လတ်တလော လောင်စာဆီစျေးမြင့်တက်တာဟာ ကမ္ဘာ့ရေနံဈေးကြောင့်မဟုတ်ဘဲ မြန်မာငွေတန်ဖိုးကျဆင်းတာကြောင့် ဖြစ်ပါတယ်။ ကျပ်ငွေ တန်ဖိုးကျတာကို မဖြေရှင်းနိုင်တာကြောင့် လောင်စာဆီစျေးတင်မကပဲ ဆေးဝါး၊ လူအသုံးအဆောင်၊ အစားအသောက် နဲ့ အခြား ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ အားလုံးမြင့်တက်လာတာ ဖြစ်ပါတယ်။ စားသုံးဆီစျေး မြင့်တက်လာတာဟာလည်း ဒေါ်လာစျေးနဲ့ သွင်းကုန်အတွက် ဒေါ်လာကို ထိန်းချုပ်လိုက်တာကြောင့် မြင့်တက်လာတာ ဖြစ်ပြီး ဟိုး မဆလနဲ့ စစ်အစိုးရ ခေတ်တွေကလို လမ်းမှာ စားသုံးဆီဝယ်ဖို့ တန်းစီကြတဲ့ မြင်ကွင်းတွေ ခုရက်ပိုင်းမှာ မြင်တွေ့လာရနေတာ ဖြစ်ပါတယ်။
တရားဥပဒေ မစိုးမိုးခြင်းနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာခြင်း စားဝတ်နေရေးကြပ်တည်းလာခြင်းရဲ့ အကျိုးဆက်က တော့ နေ့စဥ် လုယက်မှု၊ သတ်ဖြတ်မှု၊ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီနေ့သတင်းတွေထဲ ကျိုက်လတ် မြန်မာ့စီးပွားရေးဘဏ်ကို ဓားပြတိုက်တဲ့ သတင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လမြိုင်မြို့မှာ နေ့ခင်းချိန်မှာပဲ နေအိမ်ထဲဝင်ပြီး ပစ္စည်းယူ လူသတ်သွားတဲ့ သတင်း၊ မြစ်ကြီးနားမှာ သူခိုးက အိမ်ရှင်ကို သတ်ပြီး ပစ္စည်းယူသွားတဲ့ သတင်းတွေက လူမှုစီးပွားအခြေအနေ ဆိုးရွားလာနေသလို တရားဥပဒေ စိုးမိုးမှု မရှိတော့တာ လျော့ရဲလာတာကို ပြသနေတာလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar