Breaking News

တူမောင်ညို - “ဗမာလူမျိုးကြီးဝါဒဖြစ်တယ်” လို့ မြင်တာဟာ မမှားဘူး၊ မှန်တယ်



တူမောင်ညို - “ဗမာလူမျိုးကြီးဝါဒဖြစ်တယ်” လို့ မြင်တာဟာ မမှားဘူး၊ မှန်တယ်

 (မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၂


လူမျိုးစုတွေက သူတို့ကို ဖိနှိပ်နေတာ “ဗမာလူမျိုးကြီးဝါဒ ဖြစ်တယ်” လို့ မြင်တာဟာ မမှားဘူး။ မှန်တယ်။ တပြိုင်နက်ထဲမှာ “ဗမာလူမျိုးကြီးဝါဒ”ကို ကိုင်စွဲ ဖိနှိပ်နေတဲ့ အုပ်စိုးသူတွေဟာ လူများစုဖြစ်တဲ့ ဗမာတွေအပေါ်မှာရော ဘယ်လိုပုံစံနဲ့ ဖိနှိပ်အုပ်စိုးနေသလဲ။ အုပ်စိုးခံဗမာလူများစုတွေကရော အုပ်စိုးသူအဆက်ဆက်ကို ဘယ်လိုခုခံတွန်းလှန်နေကြသလဲ ဆိုတဲ့ အချက်ကိုလည်း မပျက်မကွက် ဆက်လက် စူးစမ်းရှာဖွေကြည့်ဖို့ လိုအပ်ပါတယ်။ 

ဒါပေမဲ့ အဲဒီအမြင်ကို အများတကာ့အများစုကြီးဖြစ်တဲ့ အဖိနှိပ်ခံ ဗမာတိုင်းရင်းသားတွေကိုပါ အားလုံးသိမ်းကျုံး ကြည့်မြင်တာကြတော့ အတော်ကြီးကို လွဲသွားပါတယ်။ လူမျိုးစုတစုကနေ  ခြေဆုံးခေါင်းဆုံး လက်နက်မျိုးစုံ တပ်ဆင်ထားတဲ့ လူမျိုးကြီးဝါဒ အုပ်စိုးသူကို ခုခံတိုက်ခိုက်တဲ့အခါမှာ အများစုအဖိနှိပ်ခံ ဗမာတွေနဲ့ ညီညွတ်ပေါင်းစည်းနိုင်ဖို့ လိုအပ်သလို အခြားသော မိမိနဲ့ ဘဝတူ လူမျိုးစုတွေနဲ့လည်း ပေါင်းစည်းညီညွတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အင်မတန်ရိုးစဉ်းတဲ့ အချက်ကလေးပါ။ 

အဲဒီလိုမှ မဟုတ်ဘဲ။ အုပ်စိုးသူလည်း ဗမာ - အုပ်စိုးခံလည်း ဗမာ ဗမာမှန်သမျှ လူမျိုးကြီးဝါဒီတွေမို့ မုန်းတယ်။ အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရမယ်လို့ သိမ်းကျုံးကြည့်မြင်နေတာမျိုးဟာ မိုက်မဲမှုပါပဲ။ ထို့အတူ ငါတို့လူမျိုး လွတ်မြောက်ရေးအတွက် ငါတို့ လူမျိုးတွေချည်းပဲလုပ်ရမယ် အခြားဘယ်လူမျိုးစုနဲ့မှ ညီညွတ်ပေါင်းစည်းစရာ မလိုဘူးလို့ မြင်နေတာမျိုးကလည်း အလားတူမိုက်မဲမှုတစ်မျိုးပါပဲ။  အားနာနာနဲ့ပြောရရင် ဒီလို မိုက်မဲမှုမျိုးနဲ့တော်လှန်ရေးအောင်ပွဲ ရနိုင်စရာ ဘယ်လို အကြောင်းအချက်မှ မရှိပါဘူး။ 

နောက်တချက်က အဖိနှိပ်ခံဘဝတူ အခြားသော လူမျိုးစုတိုင်းရင်းသားတွေနဲ့ ညီညွတ်စည်းလုံးနိုင်ဖို့ပါပဲ။ လက်တွေ့ မြင်နေရတဲ့အချက်က မဟာဗမာလူမျိုးကြီးဝါဒ ကိုင်စွဲပြီး ဖိနှိပ်သူကို ခါးခါးသီးသီး တိုက်ခိုက်နေစဉ်မှာပဲ မိမိလူမျိုးစုအဖွဲ့ အစည်းအတွင်းမှာ လူမျိုးတူအဖွဲ့အစည်း ၂ ခုအကြားမှာ  ရှိနေတဲ့ ပဋိပက္ခတွေက တစတစ ပိုမိုပြင်းထန်သည်းသန်လာပြီး  အမြင် ၂ ရပ်၊ သဘောထား ၂ ရပ် ကွဲလွဲမှုကနေ အဖွဲ့အစည်း ၂ ရပ်အဖြစ် အတိအလင်းကွဲသွားတာ သို့တည်းမဟုတ် အဖွဲ့အစည်း ၂ ခု အကြား အပြန်အလှန်ဖမ်းဆီးတာ၊ ပစ်ခတ်တာ၊ သတ်ဖြတ်တာထိ ကြီးမားကျယ်ပြန့်လာတာပါ။  ပြီးတော့ ဘက် တဘက်ဟာ မဟာဗမာလူမျိုးကြီးရန်သူနဲ့ အပေးယူလုပ်တယ် သို့တည်းမဟုတ် ပြေးဝင်ခိုလှုံသွားကြတဲ့ အချက်ပါပဲ။ အချို့ဖြစ်ရပ်တွေမှာဆိုရင်အချင်းချင်း သတ်ဖြတ်လုပ်ကြံကြတဲ့အထိ ပဋိပက္ခဟာ ကြီးမားသွားပါတယ်။ နိဂုံးချုပ်လိုက်တော့ ဘယ်သူပဲ နစ်နာရသလဲ။ မိမိလူမျိုးစုအဖွဲ့အစည်းနဲ့ မိမိလုပ်ဆောင်နေတဲ့တော်လှန်ရေးပဲ ကြီးကြီးမားမား ထိခိုက်နစ်နာသွားရတယ်။ မဟာဗမာရန်သူကြီးကတော့  ဘယ်ဘက်က ကြည့်ကြည့်အမြတ်ထွက်တာပါပဲ။ 

(လောလောလတ်လတ် လက်တွေ့သာဓကအဖြစ် ရခိုင်ပြည်နယ်မှာ ALP နဲ့ ULA/AA အကြားက ပဋိပက္ခဖြစ်စဉ်တွေကိုပဲ ကြည့်ပေါ့၊ ဒါဟာ ရခိုင်လူမျိုးအဖွဲ့အစည်း ၂ ခုအကြားက ပဋိပက္ခပေါ့။ ဒီလိုအလားတူ ပဋိပက္ခတွေဟာ ရှမ်းမှာ၊ ကချင်မှာ၊ ကရင်မှာ၊ မွန်မှာ စသဖြင့် အဖွဲ့အစည်းတိုင်းမှာ ဖြစ်ခဲ့ဖူး၊ ရှိခဲ့ဖူးတာပါပဲ။ ပုံစံမျိုးစုံနဲ့ ဖြစ်နေဆဲ၊ ရှိနေဆဲ၊ ဖော်ပြနေဆဲပါပဲ။ ) 

၁၉၄၉ ခုနှစ်ကနေ ဒီနေ့အထိ ဖြတ်သန်းလာတဲ့ တော်လှန်ရေးခရီးစဉ်ထဲမှာ ကြည့်ပါ။ လူမျိုးစုတစ်စုဟာ ထူးပြီး  ချွန်ပြီး လူမျိုးကြီးဝါဒဖိနှိပ်မှု အောက်ကနေ လွတ်မြောက်သွားတာ၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးတွေ ပီပီပြင်ပြင် ရရှိသွားတဲ့ လူမျိုးစုရယ်လို့ ရှိပါသလား။ ရုပ်ဝတ္ထု “အခွင့်အရေး”တချို့ပေးပြီး တစ်ဦးချင်း ချမ်းသာကြွယ်ဝသွားတဲ့ ဖြစ်ရပ်တွေကတော့ ခေတ်ကာလတိုင်းမှာ ရှိပါတယ်။  ပေးလိုက်ရတဲ့ အရင်းအနှီးကတော့ မိမိလူမျိုးအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးအတွက်အစဉ်တစိုက် တိုက်ပွဲလမ်းပေါ်ကနေ သွေဖည်ကျောခိုင်းသွားရတာပါပဲ။ အုပ်စိုးသူ အလိုကျ အသုံးတော်ခံကြရတာပါပဲ။ 

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ “ပြည်နယ်” မရကြတဲ့ လူမျိုးစုတွေ၊ ၁၉၇၄ အခြေခံဥပဒေထဲမှာ “ပြည်နယ် ရရှိ” သွားကြပါတယ်။ ထို့အတူ ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွေထဲမှာ “ပြည်နယ်” မရကြတဲ့ လူမျိုးစုတွေ ၂၀၀၈ အခြေခံဥပဒေထဲမှာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတွေ” ဖြစ်လာ/ရလာကြတယ်။ ဒီလိုရလာတော့ရော ခင်ဗျားတို့ လိုလားမျှော်မှန်းတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ “ပြည်ထောင်စုစစ်စစ်” ဖြစ်လာပြီလား။ 

အခုလည်း မင်းအောင်လှိုင်က ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ “ဖက်ဒရယ်အုပ်ချုပ်မှုအခွင့်အာဏာတွေ ခွဲဝေပေးမယ်” ဆိုလို့ သွားပြီးဆွေးနွေးနေကြပြန်တယ် မဟုတ်ပါလား။ 

စစ်အုပ်စုအဆက်ဆက်ဟာ ခင်ဗျားတို့ကို လိမ်လည်လှည့်ဖြားပြီး သွေးခွဲရန်တိုက်နေတာပါ။ အဖိနှိပ်ခံ ဗမာလူများစုကြီးနဲ့သွေးခွဲရန်တိုက်ထားသလို၊ ကျန်တဲ့ ဘဝတူလူမျိုးစုအချင်းချင်း၊ လူမျိုးစုတစ်စုထဲအချင်းချင်း၊ လူမျိုးစုအဖွဲ့ အစည်း တစ်ခုထဲအတွင်းမှာလည်း မရပ်မနား သွေးခွဲရန်တိုက်နေတာပါ။ 

မင်းအောင်လှိုင်တို့ရဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုက အင်မတန်ကြောက်လန့်နေတဲ့ အချက်က အဖိနှိပ်ခံလူများစု ဗမာတွေနဲ့ ခင်ဗျားတို့ တိုင်းရင်းသားလူမျိုးစုတွေ ပေါင်းစည်းညီညွတ်သွားပြီး သူတို့ကို တပြိုင်နက်တည်း ဝိုင်းဝန်း တိုက်ခိုက်လာမယ့် အန္တရာယ်ပဲဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့သေမတတ် ကြောက်လန့်နေတာပါ။ ဒါကြောင့် ခင်ဗျားတို့လူမျိုးစုတွေကို ပုံစံမျိုးစုံနဲ့ အပျော့ဆွဲဆွဲနေတာပါ။ နှပ်ကြောင်းပေးနေတာပါ။ အချိုသပ်နေတာပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာပါ။ 

ခင်ဗျားတို့ လိုလားတဲ့ “ဖက်ဒရယ်”ကို နေဝင်းကလည်း မပေးခဲ့ဘူး။ သန်းရွှေ/ခင်ညွန့်စစ်အုပ်စု ကလည်းမပေးခဲ့ ဘူး။ ထို့အတူ မင်းအောင်လှိုင်/စိုးဝင်း စစ်အုပ်စုကလည်းပေးမှာ မဟုတ်ပါဘူး။  သူတို့ဆီမှာ “ဖက်ဒရယ်” မရှိပါဘူး။ လိမ်ညာ လှည့်ဖြားမှုနဲ့ အကြမ်းဖက် ဖိနှိပ်ချေမှုန်းမှုပဲ ရှိပါတယ်။ 

တချို့ကတော့ ဒီနေ့ခေတ် နာကြည်းချက်တွေတင်မကဘဲ။ သမိုင်းစာအုပ်တွေထဲမှာပါတဲ့ ပဒေသရာဇ်ခေတ်ကာလ နာကြည်းချက်တွေပါ ကိုးကားထည့်သွင်း ပြောဆိုကြတဲ့အထိ ပြင်းထန်လာကြပါတယ်။ ဘယ်ပဒေသရာဇ်ဘုရင်ပဲဖြစ်ဖြစ် သူ့ လက်အောက်ခံကျေးတော်မျိုးကျွန်တော်မျိုးတွေကို ဖိနှိပ်ကြသလို သူနဲ့ ထီးပြိုင်နန်းပြိုင် ပဒေသရာဇ်အချင်းချင်းလည်း စစ်မက် ရန်ဖက်ပြုပါတယ်။ ကောင်းမွန်တဲ့ စာပေယဉ်ကျေးမှုတွေကို အပြန်အလှန်တိုက်ခိုက် လုယက်ဖျက်ဆီးကြပါတယ်။ သူတို့ချင်းလည်း အဖကို သားက သတ်၊ ဦးကြီးကို တူကသတ် ဆိုတဲ့ အရိုင်းဇာတ်လမ်းခင်းကြတာပါပဲ။ ပြေလည်ကြတဲ့အခါလည်း သားပေး သမီးယူ၊ သမီးယောက်ဖတွေ ဖြစ်ကြပြန်ပါတယ်။

ဒါကြောင့် ကျနော်တို့ဟာ အဲဒီပဒေသရာဇ်စနစ်ဆိုး၊ အစဉ်လာဆိုးတွေဘက်က ရပ်တည်ပြီး ကိုယ်စားပြုလို့ မဖြစ်ပါဘူး။ အဲဒီတုန်းက အများစုဖြစ်တဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး ပြည်သူတွေဘက်ကသာ ရပ်တည်ကြရမှာပါ။ သူတို့ဘဝတွေ ကို စာနာကြရမှာပါ။ ပဒေသရာဇ်တွေအချင်းချင်း အကြည်အသာရှိတဲ့ အခါမှာပဲဖြစ်ဖြစ်၊ စစ်မက်ရန်မီး ပွားကြတဲ့အခါမှာပဲဖြစ်ဖြစ် နှစ်ဖက်လုံးရဲ့လက်အောက်က ပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေကြရတာပါပဲ။ အဲဒီလို ပဒေသရာဇ်ခေတ်ကာလက ဟောင်းနွမ်းဆွေးမြည့်နေပြီး လူမဆန်တဲ့ အငြိုးအတေးတွေကို ကျနော်တို့ ဆက်ခံသင့်ပါသလား။ စဉ်းစားကြည့်ကြပါ။ 

 ဒီလိုပြောလို့ ဗမာတဦးချင်းထဲမှာ လူမျိုးကြီးဝါဒအတွေး အမြင်အသိနဲ့ အပြုအမူ မရှိဘူးလို့ပြောချင်တာ မဟုတ်ဘူး။ ဗမာလူများစုကြီးဟာလည်း  ကျန်တဲ့တိုင်းရင်းသားလူမျိုးစုတွေနည်းတူ ဘယ်လို ဖိနှိပ်တာ ခံနေကြရသလဲ၊ အဲဒီဖိနှိပ်မှုကို သူတို့ ဘယ်လို တုံ့ပြန်နေကြသလဲ ဆိုတဲ့ အချက်ကို မြင်အောင်ကြည့်ကြပြီး အဲဒီ အဖိနှိပ်ခံလူများစုကြီးနဲ့ ဘယ်လို ဆက်စပ် ပေါင်းစည်းကာ ဖိနှိပ်အုပ်စိုးသူ အစိုးရကို ဘယ်လို ဆန့်ကျင်တော်လှန်ကြမလဲ ဆိုတဲ့ အချက်ကို  စဉ်းစားလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

 တော်လှန်ရေးတရပ်ကို ဆင်နွှဲတဲ့အခါ မိမိ ဆင်နွှဲမယ့်တော်လှန်ရေး အောင်ပွဲခံနိုင်စေဖို့အတွက် အဲဒီတော်လှန်ရေးကို ဦးဆောင်လမ်းပြမယ့် ခေါင်းဆောင်အဖွဲ့အစည်းနဲ့ တော်လှန်ရေးအတွေးအခေါ်တရပ် မလွဲမသွေရှိဖို့ လိုအပ်ပါတယ်။ 

တူမောင်ညို

၂၂ -၈-၂၀၂၂




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar