Breaking News

ကိုသန်းလွင် - အေမင် အယ် ဇာဝါဟီရီ (၁၉၁၅ - ၂၀၂၂)

ကိုသန်းလွင် - အေမင် အယ် ဇာဝါဟီရီ (၁၉၁၅ - ၂၀၂၂)
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၂၂

(၁)
အေမင်အယ်ဇာဝါဟီရီသည်အီဂျစ်ပြည်တွင်မွေးဖွားပြီး ခွဲစိတ်ဆရာဝန်အဖြစ်မှအစွန်းရောက် ဂျီဟတ်ဒစ် (Jihadist) ဖြစ်သွားခဲ့သည်။ အိုစမာဘင်လာဒင်၏ အယ်လ်ကိုင်ဒါးခေါင်းဆောင်နေရာကိုဆက်ခံခဲ့ပြီးအမေရိကန် တို့က ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် အသက် ၇၁ နှစ်အရွယ်တွင် ကာဘူးမြို့တော်၌ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့ ပါသည်။ သူ့ဘဝသည် လျှို့ဝှက်ချက်၊ သစ္စာဖေါက်မှု၊ အကောက်ကြံမှု၊  အကြမ်းဖက်မှုများနှင့်များဖြင့် ပြည့်နေခဲ့ ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အရေးအခင်းတွင်အမေရိကန်လူမျိုးတို့ကိုသတ်သူ လူသတ်သမားအဖြစ် လူသိများခဲ့ပါသည်။

စက်တင်ဘာလက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတွက် ၂၀၁၁ ခုနှစ်တွင် အမေရိကန်စစ်တပ်က လိုက်လံသုတ်သင်ရာတွင် အိုစမာဘင်လာဒင်သည်အဓိကတရားခံ(mastermind) ဖြစ်သော်လည်းအကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့ ကျွန်းကျင်သူများကမူ သူ့တွင်ပို၍ တာဝန်ရှိသည်ဟု ယူဆကြပါသည်။

(၂)
ဖြူဖွေးသောခေါင်းဝတ် (turban) နှင့် သိပ်သည်းသော မွဲပြာရောင် နှုတ်ခမ်းမွှေး၊ မေးမွှေးများဖြင့်ဘုရား ဝတ်ပြုဖန်များသဖြင့် နဖူးမှာ ပြောင်နေပြီး သူ့တွင်ဘင်လာဒင်တွင်ရှိသော ကြည်ညိုဖွယ်စွဲဆောင်မှု (Charisma) မရှိပါချေ။ ဘင်လာဒင်ကဲ့သို့ ကြွယ်ဝချမ်းသာခြင်း လည်းမရှိပေ။ သူသည် အယ်လ်ဒိုင်ဒါတဖွဲ့လုံး၏ ပညာတတ် ကျောရိုး ဖြစ်သည် ဟုယုံကြည်ကြသည်။ အဖွဲ့ကြီး၏ အော်ပရေးရှင်းအားလုံးကို ကိုင်တွယ်ရပြီး ဘင်လာဒင်ကို ခင်မင်စရာ ကောင်းသော ခေါင်းဆောင်အဖြစ်မှ ကြောက်စရာ တကမ္ဘာလုံး လွှမ်းမိုးနိုင်သော သြဇာရှိသည့်ခေါင်း ဆောင် အဖြစ်သို့ပြောင်းလဲစေခဲ့ပါသည်။

၂၀၁၁ ခုနှစ် မေလတွင် အင်တာဗျူးခွင့်ရသူ တစ်ဦးကမှု ဇာဝါဟာရီသည် ပို၍ သြဇာလွှမ်းမိုးနိုင်ပြီး သူ ပြောသည်များကို နားထောင်ရသည့်အခါအယ်ကိုင်ဒါး၏ ရည်ရွယ်ချက်နှင့်ပန်းတိုင်ကို ၁၀၀% အောင်မြင်အောင် ဆောင်ရွက်မည့်သူဟုမှတ်ချက်ပေးခဲ့သည်။

သူ၏ခေါင်းဆောင်မှုအောက်တွင် အယ်လ်ကိုင်ဒါး၏ စွမ်းဆောင်ရည်များကျဆင်းခဲ့ပြီး IS “အစ္စလာမ်မစ် စတိတ်” ၏ သြဇာတက်လာခဲ့သည်။ သို့သော် နိုင်ငံများစွာတွင် အယ်လ်ကိုင်ဒါးက တိုက်ခိုက်နိုင်သဖြင့် အယ်လ် ဝါဟီရီမှာ သူသေဆုံးချိန်တွင် တကမ္ဘာလုံး၌ အလိုချင်ဆုံး အကြမ်းဖက်သမားဖြစ်နေခဲ့ပါသည်။

သူ၏ ဆယ်ကျော်သက်အရွယ်မှစ၍ ကိုင်ရိုမြို့ပါတ်ဝန်းကျင်တွင် ကြောင်နှင့် ကြွက်ကဲ့သို့ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဘဝကိုနေခဲ့ပြီး အီဂျစ်နှင့် ရုရှားပြည်တို့တွင် ထောင်ကျခဲ့ဘူးသည်။ ထို့နောက် အမေရိကန် အကြမ်းဖက်သမား တိုက်ဖျက်ရေးအဖွဲ့အပါအဝင် နောက်မှ တစိုက်မတ်မတ် လိုက်ကြည့်ခြင်းခံခဲ့ရသည်။ သူ၏ ခေါင်းကို ဒေါ်လာ ၂၅ သန်း ဆုကြေးငွေပေးမည်ဟု ကြေညာခံခဲ့ရပါသည်။ သူသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စ တန်တို့မှ တောတောင်ထူထပ်သောနေရာများတွင် တနေရာမှတနေရာရွှေ့ပြောင်းပုန်းအောင်းနေခဲ့ပါသည်။

သူ၏ရည်ရွယ်ချက်မှာလည်းအချိန်နှင့်အမျှပြောင်းလဲခဲ့ရသည်။ ၁၉၈၁ ခုနှစ် အန်ဝါဆာဒတ်လုပ်ကြံမှုနှင့် ပါတ်သတ်၍ ရုံးတင်စစ်ဆေးခြင်းခံရပြီး အီဂျစ်အာဏာပိုင်များကို မုန်းတီးခဲ့ရာမှ အယ်ကိုင်ဒါး၏ ရန်သူနံပါတ် (၁) အဖြစ် အမေရိကန်နိုင်ငံကို ရည်ရွယ်တိုက်ခိုက်သူဖြစ်လာခဲ့သည်။

အယ်ကိုင်ဒါး၏ စွမ်းရည်မှာ နေရာများစွာတို့တွင် တပြိုင်နက်တည်းတိုက်ခိုက်နိုင်ခြင်းပင်ဖြစ်သည်။ ၁၉၉၈ ခုနှစ်က တန်ဇင်းနီးယားနှင့် ကင်ညာနိုင်ငံတို့ရှိ အမေရိကန်သံရုံးများကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ သည်။ သက္ကရာဇ် ၂၀၀၀ တွင် အမေရိကန် ရေတပ်တိုက်ခိုက်ရေး သင်္ဘောကိုး (Cole) ကိုအသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် နယူးယောက်နှင့် ဝါရှန်တန် တပြိုင်နက်တိုက်ခိုက်ခဲ့ရာမှ အမေရိကန်က အီရတ် ကို တိုက်ခိုက်သိမ်းပိုက်သည်အထိ ဖြစ်လာခဲ့ပါသည်။

ထို့နောက် ဆယ်ခုနှစ်တစ်ခုလုံး ဘင်လာဒင်နှင့် သူ့အရာကိုဆက်ခံသူ ဆာဝါဟာရီတို့ကို လိုက်လံတိုက် ခိုက်ခဲ့သည်။ ဒရုန်းများနှင့် တိုက်ခိုက်ခြင်းမှာ အယ်လ်ကိုင်ဒါး ခေါင်းဆောင်များကို အင်အားလျော့စေရန်နှင့် စက်တင်ဘာလ ၁၁ ရက်နေ့အတွက် လက်စားချေရန်ဖြစ်သည်။ 

တကြိမ်တွင် ဇာဝါဟာရီမှာ သေပြီးဟုထင်ခဲ့ရသော်လည်း သူ၏  ဗွီဒီယို ကလစ် နှင့်ရေဒီယိုမှ ကြေညာ ချက်ထွက်ပေါ်လာခဲ့သည်။ ၂၀၁၁ ခုနှစ် မေလတွင် ရေတပ်ဖွဲ့ (Navy Seal) အဖွဲ့သားများက ပါကစ္စတန်ပြည် အဘိုဒါဘတ် (Abbotabad) မြို့တွင် ဘင်လာဒင်ကို သူ့အိမ်၌ အသေ ပြစ်သတ်ခဲ့သည်။ ဘင်လာဒင် သေပြီး တစ်လအကြာခန့်အထိ အယ်ဒိုင်ဒါခေါင်းဆောင်သစ် ပေါ်မလာခဲ့ပေ။ ထို့နောက် ဇာဝါဟာရီ၏ ၂ဂ မိနစ်ကြာ ဗွီဒီယိုတခု ပေါ်လာခဲ့သည်။ ရိုင်ဖယ်တလက်ကို နောက်ခံထားပြီး သူ့လက်တဖက်ဖြင့် သရုပ်ပြလျက် အမေရိ ကန် တို့သည် ဘင်လာဒင်ကို သူသေဆုံးပြီးသည့်နောက်၌ ကြောက်ရွှံ့လာကြလိမ့်မည်ဟုဆိုသည်။ ”သွေးကို သွေးနှင့်ပေးဆပ်ရမည်” ဟူ၍ ကြွေးကျော်ခဲ့သည်။

ထို့နောက် အမေရိကန်တို့ အီရတ်ကို သိမ်းပိုက်ပြီး အရှုတ်အထွေးများကြာတွင် ဂျီဟတ် မျိုးဆက်သစ် များထွက်ပေါ်လာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်ဆီးရီးယားပြည်တွင်းစစ်သို့ပျံ့နှံ့သွားခဲ့သည်။ ထိုအရှုတ်အထွေးကြား မှာပင် (Islamic State) သည်ထင်ရှားလာခဲ့ပြီး အင်တာနက်၏သတင်းဖြန့်ချီရေးကောင်းမှုဖြင့် သူတို့အင်အား မှာ ရာပေါင်းထောင်ပေါင်းများစွာဖြစ်လာသည်။ ဖမ်းမိသော အကျဉ်းသားများကို ခေါင်းဖြတ်သတ်သည့် ဗွီဒီယို များဖြင့် မွတ်စလင်တို့၏ ကယ်လီဖိတ် (Caliphate) အသစ်တည်ဆောက်သည်ဟုကြွေးကျော်ခဲ့ကြပါသည်။ 

အထူးသဖြင့် ယီမင်နှင့် ဆီးရီးယားတွင် ဇာဝါဟာရီကို ထောက်ခံသူများ များပြားခဲ့ပြီး အယ်ဒိုင်ဒါ၏ ပင်မ ကျောရိုးဖြစ်သော ဗဟိုမှဦးစီးစနစ်ကို စွန့်လွှတ်ခြဲ့ပီးသည့်နောက်အိုင်အက်စ်တို့ နှင့် သွေးထွက်သန်ယိုဖြစ်အောင် သဘောကွဲလွဲခဲ့သည်။ တကယ်စင်စစ် အိုင်အက်စ် ဆိုသည်မှာ အီရတ်နိုင်ငံတွင် စတင်ခဲ့ရခြင်းဖြစ်ပါသည်။

ထိုအဖွဲ့ ၂ ခုလုံးမှာ အီရတ်၏ ဆူနီမွတ်စလင်များဖြစ်ပါသည်။ အိုင်အက်(စ်)တွင် ဂျီဟတ် များပါဝင်ပြီး နယ်မြေအုပ်ချုပ်ရေးကို အဓိကထားသည်။ အယ်လာကိုင်ဒါး က နယ်မြေစိုးမိုးရေးအဓိကမထားဘဲ အစ္စလာမ်မစ် စတိတ်နှင့် ပူးပေါင်းလိုဟန်ရှိသည်။ အယ်ဇာဝါဟီရီ က အိုင်အက်စ် က အီရတ်မွတ်စလင် ပြည်သူများကို သတ် ဖြတ်နေခြင်းကို ရှုံ့ချသည်။  ဇာဝါဟာရီအဖို့ အမေရိကန်အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က အိုင်အက်စ် အပေါ် တိုက်ခိုက်လာခြင်းမှာ အယ်ကိုင်ဒါးအတွက် သက်သာရာရစေပြီး ၎င်း၏အဖွဲ့အင်အားခိုင်မာရေးအတွက် အီရတ် နှင့်ဆီးရီးယားတွင် ပြန်လည်တည်ဆောက်ရန် အခွင့်အရေးရခဲ့ပါသည်။ သူ၏အဓိက ဦးတည်ချက်မှာ အနောက် နိုင်ငံများမှ ပြစ်မှတ် များကိုတိုက်ခိုက်ရန်ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အယ်ဒိုင်ဒါအဖွဲ့ အောင်ပွဲခံရမည့် အခွင့်အရေးတစ်ခုရရှိခဲ့ပါသည်။ ဘင်လာဒင်၏ သား ဟမ်းဇား ဘင်လာဒင်၏ အသံသွင်းထားသည့် တိတ်ခွေတခုထွက်ပေါ်လာခဲ့ပြီး “အယ်ကိုင်ဒါး ၏ ခြင်္သေ့” အဖြစ် မိတ်ဆက်ပေးခဲ့ပါသည်။ ဟမ်ဇားသည် စက်တင်ဘာလ ၁၁ ရက် အရေးအခင်းအပြီးတွင် အီရန်နိုင်ငံ၌ အကျယ် ချုပ်ဖြင့် နေခဲ့ရသည်။ ဟမ်ဇားတွင် ဇနီး ၂ ယောက်ရှိပြီးတစ်ယောက်မှာ ဇာဂါဟီရီ၏သမီးဖြစ်ရာ မိသားစုနှစ်ခုကို ဆက်စပ်ပေးခဲ့ခြင်းလည်းဖြစ်ပါသည်။ ဟမ်းဇားသည် ၂၀၁၇ (သို့) ၂၀၁၈ ခုနှစ်တွင် အကြမ်းဖက်တိုက်ဖျက်ရေး အဖွဲ့ လက်ချက်ဖြင့် အာဖဂန်နစ္စတန်နိုင်ငံတွင် သေဆုံးခဲ့သည်။

(၃)
ဇာဝါဟာရီကို ၁၉၅၁ ခု ဇွန်လ ၁၉ ရက်နေ့တွင် ကိုင်ရိုမြို့အနီးမှ မဒီ (maadi) တွင် မွေးဖွားခဲ့သည်။ က လေး ၅ ယောက်တွင်တစ်ဦးအပါအဝင်ဖြစ်သည်။ သူ့ဖခင်သည်ဆေးပညာဆိုင်ရာ ပရော်ဖက်ဆာ တစ်ယောက် ဖြစ်ပြီး သူ့ဦးလေးမှာ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် အစ္စလာမ်ဘာသာသင်ကြားရာ တက္ကသိုလ် တွင် အီမန် (Iman) ဖြစ်သည်။ မိခင်၏ ဖခင်မှာ ကိုင်ရိုတက္ကသိုလ်တွင် သမ္မတဖြစ်ပြီး ရီရာဒ် (ဆော်ဒီ အာရေးဗီး ယား) ရှိ King Saud တက္ကသိုလ်ကို တည်ထောင်သူဖြစ်သည်။ ထို့ပြင်ဆော်ဒီအာရေးဗီးယားနှင့် အခြားနိုင်ငံများ စွာ တို့၏ သံအမတ်လည်းဖြစ်သည်။ မိသားစုမှာ ဤမျှအစဉ်အလာရှိခဲ့သော်လည်း သူအရွယ်ရောက်သည့်အချိန် အထိ မိသားစုစီးသော ကားမရှိခဲ့ချေ။ ထိုမိသားစုသည် အထီးကျန်ဆန်ပြီး ရိုးရိုးသားသားနေတတ်သည့် ပညာ တတ်မိသားစုဖြစ်သည်။ 

ဇာဝါဟာရီသည် ထူးချွန်သောကျောင်းသားတစ်ယောက်ဖြစ်ပြီး စိတ်ကူးယဉ်တတ်သူဖြစ်သည်။ အားကစားကိုမှုလူတွေလုပ်သည့်အလုပ်ဟု မယူဆ။ အစ္စလာမ်ဘာသာအကြောင်းကိုငယ်စဉ်ဘဝကစ၍ ဖတ်နေ ခဲ့သည်။ သူ့ကိုအလွှမ်းမိုးဆုံးလူမှာ အတွေးခေါ်ပညာရှင် ဆေးရစ် ကွစ် (Sayyid Qutb) ဖြစ်သည်။ ကမ္ဘာကြီးကို နှစ်ပိုင်း ပိုင်းလိုက်ပြီး ဘာသာရေးကို ယုံကြည်သူနှင့် မယုံကြည်သူဟူ၍ ခွဲခြားသည်။ ကွစ် သည် ထောင်သွင်း အကျဉ်းချခံရပြီး အီဂျစ်အကျဉ်းထောင်ထဲတွင် အနှိပ်စက်ခံရသည်။ ၁၉၂၀ ခုနှစ်တွင် သေဒဏ်ပေးခံရသည်။

နောက်သူ့ကို လွှမ်းမိုးနေသောအချက်မှာ ၁၉၆၇ ခုနှစ် အာရပ်၊ အစ္စရေး စစ်ပွဲတွင် အာရပ်တို့ ရှုံးနှိမ့်ခဲ့ခြင်းပင်ဖြစ်သည်။ ဤဖြစ်ရပ်သည် အီဂျစ်သမ္မတ နတ်ဆာ၏ အာရပ် ဆိုရှယ်လစ်ဇင် နှင့် (Pan Arab Socialism) နှင့် လူအများကို ကွဲပြားစေခဲ့ပြီး အနောက်နိုင်ငံဆန့်ကျင်ရေးဝါဒကို အသက်သွင်းခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် မြေအောက်မှနေ၍ အီဂျစ်ကို အစ္စလာမ်ဝါဒကို အခြေခံသောမူ ဖြင့် အုပ်ချုပ်သော အစိုးရဖြစ်စေလိုခဲ့ သည်။ သူသည်အသက် ၁၅ နှစ်သာရှိသေးသည်။ အစပထမသော်အဖွဲ့ဝင် ၅ ဦးသာရှိခဲ့သည်။ နောက် ၁၉၇၄ ခုနှစ်တွင် အဖွဲ့ဝင် ၄၀ ဖြစ်လာသည်။ ဇာဂါဟာရီသည် နိုင်ငံရေးအဖွဲ့နှင့် ပါတ်သတ်နေကြောင်းကို မိသားစုမသိ ရှိခဲ့ပေ။ သူသည် ၁၉၇၉ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီး စစ်တပ်တွင် တာဝန်ထမ်းဆောင်ကာ ၁၉၇၈ ခုနှစ်တွင် ခွဲစိတ်ကုသ ခြင်းဆိုင်ရာ မာစတာ ဒီဂရီကိုရခဲ့ပါသည်။

သူသည် သူ့ထက်ချမ်းသာသူ နော်ဝေယာ (Azza Nowair) နှင့် လက်ထပ်ခဲ့သည်။ သူမ သည် ဘာသာ ရေးစိတ်ဓာတ် ပြင်းထန်သူ ဖြစ်ပြီး ကိုရမ်ကျမ်းကို တညလုံးဖတ်သူဖြစ်သည်။ အမြဲတစေမျက်နှာကိုဖုံးကွယ်ထား ပြီး ဇာဂါဟီရီ ကိုယ်တိုင်က သူမမျက်နှာကို သူလက်မထပ်မှီ ၁၉၇၉ ခုနှစ်က အထိ တစ်ကြိမ်သာ မြင်ဘူးသည် ဟု ဆိုသည်။ ၂၀၀၁ အောက်တိုဘာလ စက်တင်ဘာအရေးအခင်း၏နောက်လတွင် အမေရိကန်တို့ တိုက်ခိုက် မှုကြောင့် သူ့မိန်းမနှင့် ကလေးတစ်ယောက်မှာ အာဖဂန်နစ္စတန်တွင် သေဆုံးခဲ့သည်။ သူမအသက်ကို ကယ်သူ များကသူ့ကို အပျက်အစီးများကြားမှ သယ်ထုတ်ချိန်တွင် သူ့မျက်နှာကို မြင်သွားမှာကို စိုးရိမ်သဖြင့် ဆွဲထုတ်ရန် ကို ငြင်းပယ်ခဲ့သည်ဟုဆိုကြပါသည်။ သူတို့တွင် ကလေး ၅ ယောက်ရှိပြီး လေးယောက်မှာ ယောင်္ကျားလေးများ ဖြစ်သည်။ 

၁၉၈၀ ခုနှစ်တွင် ကိုင်ရိုဆေးခန်းတခုတွင် အလုပ်လုပ်နေပြီး ပါကစ္စတန် ပက်ရှဝါမြို့တော်သို့ ဆိုဗီယက်တို့ကျူးကျော်သောအခါက အာဖဂန်နစ္စတန် စစ်ပြေးများကို ကူညီရန် ကြက်ခြေနီအဖွဲ့နှင့် လိုက်ပါခဲ့ သည်။ ဇာဝါဟီရီ၏ဇတ်လမ်းမှာ လူကောင်းတစ်ယောက် အမှောင်ထဲသို့ရောက်သွားပုံပင်ဖြစ်သည်။ ခေတ်သစ် မိဘများသတိပြုသင့်သည်။

ကိုသန်းလွင်
Ref: Qaeda leader steeped in Secreacy and Violence, Douglas Martin N.Y. Times August 3 2002



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar