ဆု ဘိုး မိ - ကြည့်မကောင်းတဲ့ပွဲ
ဆု ဘိုး မိ
(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၂
ဘာကိုကာကွယ်နေတာပါလဲ ...
ကိုယ့် လူမျိုးတွေကို
ကိုယ့် တိုင်းပြည်ထဲမှာပဲ
အစိမ်းလိုက်ဝါးမျို နေမှတော့
ဘီလူးဆိုင်းနောက်ခံနဲ့ ဗလာပွဲမှာ
အသက်ငင်နေတဲ့ မြင်ကွင်းတွေချည်းပဲ ။
ဘယ်အထိ ဆွဲနှစ်ဦးမှာလဲ ...
နွံ့ထဲကရှင်သန်ခြင်းကို မုန်တိုင်းနဲ့ဆက်နေရတဲ့
ခြေတပေါင်ကျိုး နိုင်ငံတော်လေးခမျာ
မောပန်းတကြီး စူးစိုက်ကြည့်နေရပုံက
ရင်တမမ ကြေကွဲဖွယ် ။
ဘယ်လို ပျက်သုဉ်းစေဖို့လဲ ...
လမ်းမှန်သမျှကို ရိုက်ချိုးထားပြီးမှ
လက်ညှိုးညွှန်ရာ လောင်စာဖြစ်စေတဲ့
လေထုညစ်ညမ်းမှုတွေကြားမှာ
ပြာမှုန်တွေလွင့်နေပုံကလည်း
အသက်တမျှ အုံ့ဆိုင်းလို့ ။
ဘာကြောင့် သင်းကွပ်ခဲ့တာလဲ...
အဖိုးတန်အရင်းအမြစ်တွေနဲ့
လူ့အမွန်အထွဋ်တွေရဲ့ အနာဂတ်ဟာ
ကိုယ့်ကိုယ်ကို သရဏဂုံတင်ရင်း
ဘယ်လက်နဲ့လက်သီးဆုပ်ပြီး
ညာလက်မှာကျည်ခလုပ်ဖြုတ်နေရပြန်တယ် ။
ဘယ်လောက် နာကျည်းစေချင်တာမျိုးလဲ ...
မျှော်လင့်တကြီးတွေဖျက်ဆီးခံရတဲ့အခါ
လေးနက်ထားသမျှ ခွန်အားပမာဏနဲ့
သုညကစခဲ့ရတဲ့ဒီခရီးမှာ
ငါတို့အနား ကျကွဲသမျှကလည်း
မျက်ရည်ယိုဗုံးတွေချည်းပါပဲ ။
ကြည့်မကောင်းတော့ပါဘူးကွယ် ...
ငါတို့မပေးပဲ ဆုံးခဲ့ရတဲ့အကြွေးကို
ငါတို့ပြန်ရွေးယူနေရတဲ့ပွဲမှာ
အမှန်တရားရဲ့ခရာမှုတ်သံကြားရဖို့
ဆာငတ်နေသူများစွာ အတွက်
မိစ္ဆာဝါဒီများ ကျရှုံးပါစေသား ရယ်လို့
နှလုံးသွေးစစ်စစ်တွေကိုခင်းကျင်းရင်း
နင့်နင့် ဝံ့ဝံ့ သစ္စာပြုလိုက်တယ်
ငါတို့ ဇွဲနဲ့ထမ်းထားတဲ့တော်လှန်ရေး
"တရားတဲ့သူသာနိုင်ကြေး ... ဟေ့"
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar