အန်နိုလာ - ညီလေး
ညီလေး
အန်နိုလာ
(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၂
စစ်ကြီးပြီးသွားရင်
ညီလေးကပြောတယ်
ကျနော့်လက်မှာ သွေးစွန်းခဲ့တဲ့အကြောင်း
ဘယ်သူမှ မသိတဲ့နေရာမှာနေပြီး
ဆက်ခနဲ ဆက်ခနဲ ထထခုန်နေတဲ့စကားလုံးတွေကို
စနစ်တကျ မွေးမြူမယ်။
ဟုတ်ခနဲထတောက်လာတဲ့ မီးတောက်တွေကို
ကော်ဖီဖျော်ဖို့ အသုံးချမယ်
ဟုတ်ခနဲငြိမ်းသွားတဲ့ မီးတောက်တွေကိုတော့
အချစ်လို့ ခေါင်းစဥ်တပ်ပြီး
အသည်းကွဲ ကဗျာတွေကိုရေးမယ်
မျက်ရည်တွေအကြောင်းကိုတော့ စောက်ပိုလုပ်ပြီးမရေးဖို့ ကျနော်ကတိပေးမယ်။
သေသွားတဲ့အလောင်းကောင်တွေရဲ့ အရိုးက မဆွေးသေးဘူး
ရှင်နေတဲ့အလောင်းကောင်တွေက ပါတီလုပ်နေကြတဲ့အကြောင်း
တွားတက်လာတဲ့ ပြာတွေက ကျနော့်ကို စကားလာပြောတဲ့အခါ
ကျနော် ရယ်ပဲရယ်နေလိုက်မယ်
ပြီးတော့...
ကျနော့်သက်ပြင်းတွေကို လပေါ်မှာ တက်ချိတ်ထားလိုက်မယ်။
ရထားကြီးတစီးရရင်လည်း ကျနော်လိုချင်ပါသေးတယ်
သက်တံ့တွေဆီ ခရီးထွက်သွားတဲ့
ညီလေးတွေ ညီမလေးတွေ အကိုတွေ အမတွေဆီ စစ်ကြီးပြီးသွားတဲ့သတင်း သွားပြောချင်လို့ပါ
မြေခွေးတွေရဲ့ ခန္ဓာအသေများပေါ်မှာ
ချိုးဖြူငှက်တွေ ဝဲနေတဲ့အကြောင်း
ကဗျာရထားကြီးပေါ်မှာ ကျနော်က တက်တူးထိုးလို့ပေါ့။
June 5 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar