Breaking News

ကြည့်မြင်တိုင်မြို့နယ်ထဲက ပေါက်ကွဲမှုမှာ လူငယ် ၆ ဦး သေဆုံး


မြန်မာ့နွေဦးခရော်နီကယ် - သြဂုတ် ၂၀ မြင်ကွင်း

မိုးမခ - သြဂုတ် ၂၁ ၊ ၂၀၂၂


ကြည့်မြင်တိုင်မြို့နယ်ထဲက ပေါက်ကွဲမှုမှာ လူငယ် ၆ ဦး သေဆုံး 

ကြည့်မြင်တိုင်မြို့နယ်ထဲက ရန်ကုန်မြစ်ရဲ့ တဖက်ကမ်း စက်ဆန်းရပ်ကွက်ထဲက အအေး၊ ခေါင်ရည် ရောင်းတဲ့ဆိုင်မှာ ဗုံးပေါက်ကွဲပြီး လူငယ် ၆ ဦး နေရာတင် သေဆုံးသွားတဲ့ အဖြစ်အပျက် သြဂုတ်လ ၁၉ ရက်နေ့ ညနေမှာ ဖြစ်ပွားခဲ့ပါတယ်။ လက်လုပ်မိုင်း ပေါက်ကွဲတာလို့ ယူဆရပြီး သေဆုံးသွားသူတွေက အထက်တန်းကျောင်းသားအရွယ် လူငယ်တွေ ဖြစ်ပါတယ်။ လက်လုပ်မိုင်းကို တပ်ဆင်စမ်းသပ်နေစဥ် ပေါက်ကွဲတာလား၊ သို့မဟုတ် အဆိုပါ အအေးဆိုင်မှာ ထိုင်နေစဥ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးတာလား ဆိုတဲ့ ဖြစ်စဥ်အကြောင်းရင်းကိုတော့ မသိရှိကြရပါဘူး။ ဖြစ်စဥ်ဖြစ်ပွားပြီး ညမှာပဲ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ ပို့စ်တချို့ကို ကိုးကားပြီး သတင်းဌာနတချို့က ပျူစောထီးတွေ သင်တန်းပေးနေစဥ် ပေါက်ကွဲတာလို့ ရေးသားမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပျူစောထီးမဟုတ်ပဲ ဒီလူငယ်တွေက စစ်ကောင်စီ ဖွင့်လှစ်တဲ့ အထက်တန်းကျောင်းကို မတက်ပဲ စီဒီအမ် လုပ်ထားသူတွေလို့ နောက်ဆက်တွဲ သတင်းတွေမှာ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် အကောင့်တွေမှာတော့ သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေကို တင်ထားပြီး ကိုယ့်မိုင်းနဲ့ ကို သေဆုံးတယ်လို့ ရေးသားထားပါတယ်။ 

လက်လုပ်မိုင်း မတော်တဆဖြစ်မှုတွေ မကြာခဏဆိုသလို သတင်းထဲ ကြားသိနေရပြီး ကျေးရွာတွေမှာသာမက မြို့တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးလိုမြို့တွေမှာလည်း မကြာခဏ မတော်တဆဖြစ်ပြီး သေဆုံးကြရတာတွေ ရှိပါတယ်။ လက်လုပ်မိုင်းတွေ စစ်ကောင်စီတပ်တွေ၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးရုံးတွေ၊ လျှပ်စစ်ရုံးလို အချို့အစိုးရဌာနရုံးတွေကို ပစ်မှတ်ထား ဖေါက်ခွဲတိုက်ခိုက်ဖို့ ၊ ကျေးလက်တွေမှာတော့ ကားလမ်းတွေမှာ မိုင်းဆင်ထားပြီး စစ်ကောင်စီကား တွေဖြတ်သန်းတဲ့အခါမှာ ဖေါက်ခွဲဖို့ ရည်ရွယ်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီကို အုပ်ချုပ်လို့မရစေရ ဆိုတဲ့ ရည်ရွယ်ချက် နှိုးဆော်ချက်ကနေ အခုလို လုပ်ဆောင်မှုတွေ လုပ်ဆောင်ကြတာလို့ ကောက်ချက်ချနိုင်ပါတယ်။ တဖက်မှာလည်း ပစ္စည်းပစ္စယ မပြည့်စုံမှု၊ နည်းပညာ မကျွမ်းကျင်မှုတွေကနေ မတော်တဆမှုတွေ မကြာခဏဖြစ်ပွားပြီး နေအိမ်တွေထဲ တခါတရံ သယ်ဆောင်သွားတဲ့ ဆိုင်ကယ်ပုံးထဲ ပေါက်ကွဲလို့ ပီဒီအက်ဖ် အဖွဲ့ဝင်တွေ အသက်ဆုံးရှုံးရတာတွေ အဲဒီနောက် အကျိုးဆက်အဖြစ် တိမ်းရှောင်ချိန်မရေတော့ပဲ ဖမ်းဆီးခံရတာတွေ ဖြစ်ပွားတာ တွေ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို လေ့လာကြည့်တဲ့နောက် အကျိုးဆက်တွေကို ပြန်သုံးသပ်ကြည့်ဖို့ လိုအပ်လာပြီလို့ ထင်ပါတယ်။ 

မြို့တွေမှာ လုပ်ဆောင်တဲ့ ဖောက်ခွဲမှုတွေက စစ်ရေးရည်မှန်းချက်ကို ဘယ်လောက်ထိ အကျိုးရလဒ် ရစေနိုင်သလဲ။ မြို့ပြပြောက်ကျား နည်းဗျူဟာက လက်နက်ကိုင်တော်လှန်ရေးကို ဘယ်လောက် အထောက်အပံ့ပြုနိုင်သလဲ စတဲ့ မဟာဗျူဟာဆိုင်ရာ ပြန်လည်ဆန်းစစ်သုံးသပ်မှုတွေ ရှိသင့်တယ်လို့ ထင်မြင်မိပါတယ်။ တခုသော ရှိနိုင်တဲ့ ဆင်ခြေတချက်က နွေဦးတော်လှန်ရေးဟာ သူ့ဟာသူ ပေါ်ထွက်လာတာ ဖြစ်တယ် အမြို့မြို့အနယ်နယ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ လူငယ်တွေမိမိတို့ဘာသာ ဖွဲ့စည်းတော်လှန်တိုက်ခိုက်နေကြတာ ဖြစ်တယ်။ ဒီလှုပ်ရှားမှုဟာ သူ့သဘာဝနဲ့ သူပေါ်ထွက်လာတာ ဖြစ်ပြီး အဲဒီလို မြို့ပြပြောက်ကျားတွေ ကျေးလက်တွေက ဒေသအလိုက် ပေါ်ထွက်လာတဲ့ ပီဒီအက်ဖ်တွေကလည်း အလားတူ သဘောသဘာဝရှိတယ် ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုကြောင့် ဒေသအသီးသီးမှာ အသစ်အသစ်သော လက်နက်ကိုင် အဖွဲ့တွေ ပြောက်ကျားအဖွဲ့တွေ ပေါ်ထွက်လာတာ အမှန်ပဲဖြစ်ပါတယ်။ ဒီလိုပေါ်ထွက်လာတဲ့ အဖွဲ့တွေကို ဆက်စပ်စုစည်းပြီး တခုထည်းသော မဟာဗျူဟာ၊ တခုတည်းသော လက်နက်ကိုင် အင်အား လှုပ်ရှားမှု၊ တခုတည်းသော အမိန့်ပေးမှုစနစ်လိုအောက်မှာ စုစည်းနိုင်ဖို့ လိုအပ်ပါတယ်။ အချိန်ကာလတခု ဖြတ်သန်းပြီးနောက်မှာ အဲဒီလို မိမိတို့ဘက်က တိုးတက်ပြောင်းလဲမှု အဆင့်တဆင့်ကို ရောက်ရှိအောင် နိုင်ငံရေးအရစည်းရုံးမှု စုစည်းမှုနဲ့ စစ်ရေးခေါင်းဆောင်မှုတွေ ဖြစ်ပေါ်လာဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ မဟုတ်ခဲ့ရင် သဘာဝအတိုင်း ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေ မြေအောက်အဖွဲ့တွေ အသီးသီးရဲ့ နည်းဗျူဟာ ကျွမ်းကျင်မှု စုပေါင်းလုပ်ဆောင်မှုတွေက သီးခြားစီဖြစ်နေမှာ ဖြစ်ပြီး တသွေးတသံတမိန့် အောက်မှာ ရှိတဲ့ ရန်သူက အဲဒီအားသာချက်ကို အသုံးချသွားနိုင်တဲ့ အရေးကိုလည်း မမေ့ဖို့ လိုအပ်တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar