လင်းလက်နွေဦး - ကျေးဇူးကန်းတဲ့ ကောင်
လင်းလက်နွေဦး
(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၂
‘စိတ်ရှုပ်လို့ မြစ်ကမ်းသွားထိုင်တာ၊ မယ်ဘုတ်ရဲ့ ချည်ထွေးလုံးကြီး မျောလာတာနဲ့ တွေ့’ ဆိုသလို ပါပဲ။ ဟုတ်တယ်လေ၊ ကပ်သုံးပါးက ဆိုက်၊ မြန်မာငွေဈေး ထိုးကျနေလို့ ခေတ်သစ် စီးပွားပျက်ကပ်ကပါ ဝါးကူ ထိုးနေလို့ သက်သာလိုသက်သာငြား ဘုန်းကြီးကျောင်း သွားလိုက်တာလေ။ ဦးဖိုးကျားရဲ့ ဘိလပ်ပြန် မောင်သောင်းဖေရဲ့ အဖေလိုပေါ့။ တရားလေးဘာလေးဝင်ထိုင်တော့၊ အမြင်အားဖြင့် ကြည်ညိုစရာပါ့လေ၊ စိတ်ကတော့ မျောက် မီးကျီးခဲ ကိုင်မိသလိုပါပဲ၊ ယောက်ယက်ကို ခတ်လို့။ ဈေးနှုန်းက ဘယ်လောက် ရာနှုန်း တက်ရောင်းရမလဲ (လှော်ရင်း နစ်နေတာ၊ မလှော် ပိုနစ်မယ် ထင်တယ်)၊ ဝိုင်ဖိုင်ကပ်သုံးရင်း ကလစ်နေတာ Target ပြည့်ပြီးလား (ပူပန်နေတာလဲ ဒေါသ ထင်ပါရဲ့)၊ နေ့တိုင်း မုန့်ဟင်းခါးပွဲတွေ… ကုန် မကုန်နိုင်သေးဘူး (အင်း… ဒေါသတွေ ဒေါသတွေ…)၊ ကိုကျော်က ဘာလို့ ဆူပါလိမ့် (Update မဖြစ်တော့ဘူး)၊ မြန်မာသူရက ကျောက်စိမ်းတွေ ဘယ်ရောက်သွားပါလိမ့် (မဆီမဆိုင်…)….။ ဘုန်းကြီး တရားလာဖြုတ်ပေးတော့မှ ကိုယ်နဲ့ ပြန်ကပ်လာတယ်။ ငါက ဘာပါလိမ့်၊ ထွက်လေ ဝင်လေ လား၊ ပိန်ဖောင်း လား၊ ငယ်ထိပ် လှုပ်တာလား၊ ဖြစ် ပျက်လား၊ အနိစ္စလား… လား… လား…။
ဘုန်းကြီးက ဟောပါလေရော၊ ‘ခန္ဓာဆိုတဲ့ အပေါင်းအစုကြီးတွေ… ရူပ၊ ဝေဒန၊သည၊ သင်္ခါရ၊ ဝိဉာဏ… ငါးမျိုး ရှိတယ်ပေါ့၊ စွဲလမ်းတယ်ဆိုတဲ့ ဥပဒါနက်ဆိုတာ ‘ရူပ’ဆိုတဲ့ ရုပ်ပေါ်မှာပဲ များတယ်။ ဘာလို့ လဲဆိုတော့ ပုံသဏ္ဍန်၊ အကောင်အထည်နဲ့ တွေ့ရတာကိုး။ အဲတော့ ဒီရုပ်ကြီး လှဖို့၊ ဝဖို့၊ (ဘော်ဒီတောင့်ဖို့ …ဖြည့်ပြောလိုက်တာ)သက်သာဖို့… အစရှိသဖြင့်ပေါ့လေ၊ တဏှာခိုင်းသမျှ လုပ်ပေးနေရတယ်။ ထိုင်လို့မှ မကြာသေးဘူး၊ ပြင်ချင် ပြောင်းချင်လာတယ်၊ ယားတာလေးတောင် မမှတ်နိုင်ဘဲ ကုတ်နေတာတွေပေါ့။ တဏှာစေရာ မနေသာ ဖွေရှာဆပ်ရသည်…တဲ့။ တဏှာကခိုင်းရင် မဆိုင်းမတွဘူးမဟုတ်လား။ ဒီလောက် ချစ်ရ မြတ်နိုးရ ယုယ ပိုက်ထွေးရပေမယ်လို့ ဒီရုပ် ဒီခန္ဓာတွေက ကျေးဇူးတင်မယ် ထင်သလား၊ မထင်နဲ့ မထင်နဲ့။ ယောဂီတို့… မထင်နဲ့၊ ဆင်းရဲဒုက္ခတွေပဲပေးပြီး ကျေးဇူးကန်းပါလိမ့်မယ်၊ အိုပြီး နာပြီး နောက် ဆုံး သေပြီး ကျေးဇူးကန်းပါလိမ့်မယ်။ မသေခင်စပ်ကြားလည်း၊ အကြိမ်ကြိမ် သေကြောင်းကြံပါလိမ့်မယ်။ ရောဂါဆိုးကြီးတွေပေးပြီးတော့ပေါ့။ ဘုန်းဘုန်းက အောက်ကဇာတ်လမ်းလေးပြောပြပါတယ်။
ဘုရားရှင်လက်ထက်ကပေါ့၊ အဖြစ်အပျက်လေးတခုရှိခဲ့တယ်။ သူခိုးကြီးတယောက်ကိုသုဿန်ထုတ် ဓားခုတ်သတ်ဖို့ မြို့တွင်းထဲလှည့်ပြီး ပြတာပေါ့။ ကြောက်အောင်ခြောက်တာ၊ မကြောက်ဘဲ ချစ်တတ်တဲ့ သူဌေးသမီးနဲ့ သွားတွေ့ပါလေရော။ သူခိုးကိုမှ မရရင် သေရပါတော့မယ်လို့ အဖေ့ကိုဆန္ဒပြတော့၊ အာဏာပါးကွက်သားတွေကိုလာဘ်ထိုးပြီး သူခိုးကိုသားမက်ဖမ်းရတယ်ပေါ့။ ရွှေသားမက် ငွေသားမက်က ကောင်းကောင်းစား ကောင်း ကောင်းအိပ် ကောင်းစားနေတာကိုအသာမနေဘူးဗျာ။ သူခိုးဆိုတော့ သူခိုးစိတ်ဝင်လာပါလေရော။ ဒါနဲ့ တနေ့မှာတော့ မိန်းမမာယာမျိုး(အဲလေ အမျိုးသမီးကောင်းတွေက ကန့်ကွက်လိမ့်မယ်)၊ မိန်းမရှာမာယာမျိုးနဲ့(အဲလိုဆိုရင် သက်တံရောင်တွေကကန့်ကွက်လိမ့်မယ်)၊ ဆိုတော့ စည်းကမ်းမရှိတဲ့သူခိုးတွေရဲ့ သူခိုးမာယာမျိုးနဲ့ သူ့မိန်းမကိုဒီလိုပြောလာတယ်။ ‘မောင့်ရဲ့ ချစ်လှစွာသော ဇနီးချောလေး ရေ…’၊ အဲလို ထင်ပါရဲ့။ သူ အသက်ဘေးက ချမ်းသာရပြီး၊ ဒီလို နေနိုင်တာ ဘာကြောင့် ထင်လဲတဲ့။ ဟို ဂန်းမ ကလည်း နှုတ်ခမ်းလေး ဆူပြီး ‘တိဘူးလေ’တဲ့။ ‘မောင်… အသတ်ခံရခါနီး ကြောက်အား လန့်အားနဲ့ မောင်တို့ကိုးကွယ်တဲ့ တောင်စောင့်နတ်မင်းကြီးကို စိတ်ထဲကနေ တိုင်တည်လိုက်တယ်ကယ်မတော်မူပါ၊ ပူဇော်ပသပါမယ်ပေါ့။ ဒါကြောင့် မောင်တို့ သွားပြီးပူဇော်ကြရအောင် ’ ဆိုတော့ ‘သွားကြတာပေါ့’တဲ့။
တောင်ပေါ်ရောက်၊ နတ်ကွန်းမှာ ပူဇော်ပြီးတော့ ဟိုသူခိုးလည်း မျက်နှာဖုံး ကွာကျပါလေရော။ သူဌေးသမီးလေးကတော့ ချစ်ဇောရမ္မက်တွေနဲ့ သူ့ကို စိုက်ကြည့်နေတယ်ပေါ့။ တကယ်က ဟိုကောင်က ဝတ်စားထားတဲ့ စိန်ထည်ရွှေထည်တွေကို သွားရည်ကျနေတာ။ အကြောင်းရင်းကို သိသွားတော့ ‘ဒီရတနာဥစ္စာပစ္စည်းတွေဆိုတာ နှမလေးတို့ အပိုင်တွေပဲလေ’တဲ့။ လုစရာ မလို၊ သတ်စရာမလိုပါဘူး။ ဒါပေမယ့် ခိုးစားတဲ့အသီးမှ ပိုချိုတယ်ဆိုတဲ့ကောင်ဆိုတော့ သတ်မယ် ဖြတ်မယ်တကဲကဲပေါ့။ ဒီတော့မှ အမျိုးသမီးခမျာ မြွေပွေး နို့တိုက်မိမှန်း သိသွားတယ်။ မာတုဂါမဗျူဟာသုံးတဲ့ပြီး ‘နောက်ဆုံးအနေနဲ့ကန်တော့သွားပါရစေ’လို့တောင်းပန်လိုက်တယ် ။ ဂေါင်းကြီး ဂါသွားတာပေါ့။ သူခိုးကြီးကို လှည့်ပတ်ကန်တော့နေရင်း ဂွင်ကောင်းတဲ့နေရာလည်းရောက်ရော၊ ငနဲကြီးကို တောင်ပေါ်ကနေ ‘ဝုန်း’ဆို တွန်းချပစ်လိုက်တယ်။ တော်တယ်နော် အသေခံပြီးတော့ ချစ်မနေတော့ဘူး။ သူလည်း တောင်ပေါ်က ဆင်း၊ ဘိက္ခူနီမ ဝတ်၊ တရားရ။
ကျွန်တော်တို့ ခန္ဓာကြီးကလည်း အဲဒီ သူခိုးကြီးလိုပဲ ‘ကျေးဇူးကန်းတဲ့ ကောင်’ပါပဲ။ တတ်နိုင်သ လောက် ကောင်းတာလေး ဆင်ပေးတယ်၊ ကောင်းတာလေး ကျွေးမွေးတယ်၊ ပူတဲ့အချိန် အေးအောင်၊ အေးတဲ့ အချိန် နွေးအောင်၊ အမျိုးမျိုးပေါ့လေ ပြုစုယုယလို့။ ဒါပေမယ့် မရပါဘူး၊ ကန်းတာကန်းတာ ပက်ပက် စက်စက်ကို ကျေးဇူးကန်းတာ။ ဟိုနားက ကိုက်လိုက်၊ ဒီနားက ခဲလိုက်၊ နာလိုက် ကျင်လိုက်၊ ဖျားလိုက် နာလိုက်။ ကျွန်တော်တို့ အလိုကို တခုမှမလိုက်ဘူးနော်။ တရားနာရင်း တရားနှလုံးသွင်းလိုက်တာ ဟိုကောင်တွေကို သွားသတိရသွားတယ်။ ‘မအလ’တွေ။
ကျွန်တော် မမွေးခင်ကတည်းက တွယ်နေတာ တွယ်နေတာ။ ကောင်းပေ့ ညွန့်ပေ့ဆိုတာတွေချည်းပဲ ယူထားတာ၊ ကုတ်ထားတာ၊ ခိုးထားတာ။ ကျွန်တော်တို့ကလည်း ‘ဝဋ်ကြွေးတုံ့တင် ရှိပါရင်လည်း ကံကြမ္မာ မညီမျှ သံသရာ ဒီဘဝ’၊ ဒီဘဝလောက်ပဲ အောက်မေ့နေတာ၊ ဒီနိုင်ငံမှာ မွေးလာရင် နောက်ဘဝလည်း ခံရအုံး မှာ မသိခဲ့ကြပါဘူး။ ‘အတူတူ’ဆိုတာ လုံးဝမရှိခဲ့ဘူး၊ ငါ့ဟာ ငါတို့ဟာပဲ ရှိခဲ့ပါတယ်။ ပညာမျက်စိမပွင့်အောင်၊ ဉာဏ်အလင်းရောင်မမြင်အောင် တဏှာက ပိတ်ဆို့ကာဆီးထားသလို၊ အတန်းပညာ အတတ်ပညာ အသိပညာတွေမရနိုင်အောင် နှိမ် ထားခံရပါတယ်။ ရှေးဘုရင်ဆိုးတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ထောင်လာတိုင်း ထောင်သမျှ ခေါင်းတွေကို ဖိနှိမ်ပစ်ပါတယ်။ နယ်စားပယ်စားတွေက လက်ဆောင်ပဏာ ဆက်ရပါတယ်။ မဆက်လို့လည်း မရဘူးလေ၊ ‘ရွှေစိတ်တော် ညှိုးရင် တန်ခိုးတော် ပြ’မှာမဟုတ်လား။ ပုန်ကန်ရင် သူပုန်ဆိုပြီး နှိမ်နင်းခံရမယ်လေ။ ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္ထာတွေနဲ့ ဝေးသွားမယ်လေ။ ဒီတော့ ဗောင်းတော်ညိတ် စိတ်တော်သိတဲ့ လူတန်းစားအသစ်တစ်ရပ် ပေါ်ထွက်လာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သူခိုးကြီး အုပ်စုရယ်၊ အရိုးစုပ်အုပ်စုရယ်၊ နယ်စားအုပ်စုရယ်၊ အီယောင်ဝါးအုပ်စုရယ်၊ အထမ်းသမားအုပ်စုရယ်… အဖွဲ့တွေ ကွဲထွက် လာတယ်။
ဟုတ်တယ်နော်၊ ကျေးဇူးကန်းတာ၊ ဒါ ငါတို့ဘုန်း ငါတို့ကံနဲ့ ဖြစ်လာတာတဲ့။ ဒီမြေ ဒီရေ ဒီလေ ငါတို့ပိုင်တယ်တဲ့။ ငါတို့က ဘာအလောင်း ညာအလောင်းတဲ့။ ဆင်ဖြူရှင်တဲ့၊ ဘာရှင်တဲ့။ မင်းတို့က ကျွန်ဇာတာ နဲ့ မွေးလာတာတဲ့။ တသက်လုံး ကျွန်လိုနေ၊ အိမ်မွေးကျွန်တွေ၊ မွေးလာတဲ့ သားစဉ်မြေးဆက်ကလည်း ကျွန်ပဲတဲ့။ ကျွန်နဲ့ ကျွန်မဟုတ်တဲ့သူနဲ့မွေးလာရင် ကျွန်သဘောက် ဖြစ်အုံးမယ်။ ခုတော့ ကျွန်နဲ့ ကျွန်မနဲ့ ညားပြီး ရလာတဲ့ ‘ဒါသ’ ဆိုတဲ့ကျွန်။ ကျွန်အရင်းကြီးတွေတဲ့လေ။ ပြောပုံက ပြောပုံက။ သူတို့ ယူဆပုံက ဒီလိုပါပဲ။ ဒီလို ညွန့်ပေ့ ကောင်းပေ့တွေနဲ့ ဘုရင်ကြီးတွေလို နေနေရတာကို၊ ကျေးဇူးတစ်စက်မှ မတင်ဘူးနော်။ မင်းတို့ ‘အ’ လို့ မင်းတို့ ခံတာပေါ့တဲ့လေ။
ထမ်းရတာ ကြာလာတော့ ပုခုံး အသားမာတက်လာပြီလေ။ ဒီတော့ ထမ်းပိုးကို လက်ကကိုင်ပြီး ထဆဲတော့တာပဲ။ ‘မအေ-ိုးတွေ’ ‘-ီးဖြစ်လာကွာ’ ‘ဘယ်နေရာ မတူတာလဲ လူ လူချင်းပဲ’တဲ့။ ဒင်းတို့က လူစိတ်မှ မရှိတာ။ ရက်ရက်စက်စက် နှိပ်ကွပ်ပစ်တာ။ ခေါင်းထောင်လိုက် ပိပြားခံလိုက်ရ။ အသိထောင်လိုက် အဖိခံလိုက်ရ။ ဉာဏ်လင်းလိုက် ဖိနင်းခံလိုက်ရနဲ့ ဂျီဇက်တွေလက် ထက် ရောက်လာပါလေရော။ ငါတို့က ကျေးဇူးရှင်၊ ငါတို့က သခင်၊ မင်းတို့က မပေးဘဲ လုယူထားတာ၊ ဓမြတွေ၊ မသိအောင် ခိုးယူထားတာ၊ သူခိုးတွေ … ဆိုတဲ့ပြီး တွယ်တာလေ၊ နည်းမျိုးစုံနဲ့ တွယ်နေတာ။ ကျွန်တော်မှာ ကြည့်ပြီး ကြက်သီးတွေတောင် ထ တယ်။ ဒို့တုန်းက လေသံဟဟတောင် မပြောရဲတာ၊ သူတို့က လော်တပ်ပြီး တွယ်နေပါလားပေါ့။ ဒို့တုန်းက လက်ညှိုးလေးနဲ့တောင် မထိုးရဲတာ၊ သူတို့ကတော့ ငယ်ပါ (လက်သီး)နဲ့တောင် တက်ထိုးနေပါ့လားပေါ့။
ဘုရားလက်ထက်က သူခိုးကြီးကတော့ တောင်အောက်တွန်းချခံရပြီး အရိုးတခြား အသားတခြား ဖြစ်သွားတယ်။ ခုခေတ် သူခိုးတွေကတော့ ဘယ်လို အသေဆိုးနဲ့ သေကြမလဲလို့ တရားထိုင်ရင်း တရားသဖြင့် တွေးမိနေပါတယ်။
လင်းလက်နွေဦး
၂၈.၈. ၂၀၂၂ ညနေ ၃နာရီ ၅၇မိနစ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar