ကိုသန်းလွင် - ဂျပန်နိုင်ငံ၏ ဆီမီကွန်ဒတ်တာလိုအပ်ချက်
ကိုသန်းလွင် - ဂျပန်နိုင်ငံ၏ ဆီမီကွန်ဒတ်တာလိုအပ်ချက်
(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၂
( ၁ )
တိုယိုတာကုမ္ပဏီက ယမန်နှစ်တွင် ကားအစီးရေ ၈ ဒသမ ၆ သန်း ထုတ်ပါသည်။ ယခုအခါ မော်တော်ကားကို ဘီးတပ်ထားသော ကွန်ပျူတာများဟု ခေါ်ကြပါသည်။ ၎င်းတွင် လေးဘီးလုံးလည်သောစနစ် (4 Wheel drive)၊ သွားလာရေးထိန်းချုပ်သောကိရိယာ (Navigation tools and Sensors)၊ ကားတွင်း ဖျော်ဖြေရေးပစ္စည်းများ၊ ဘရိတ်နှင့်ဆိုင်သော စနစ် အားလုံးကို ကွန်ပျူတာနှင့်ထိန်းချုပ်ပါသည်။ မောင်းသူမဲ့ကားများ ဆိုလျှင် ထိုထက် ပို၍သုံးစွဲရပါသည်။ ဤသို့ဖြင့် ခေတ်မီကားတစ်စီးတွင် ချစ်ပ် အရေအတွက် ၁၀၀၀ ကျော်သုံးစွဲရပါသည်။ လိုအပ်သည့် ချစ်ပ် အရေအတွက်ပမာဏကို တွက်ဆကြည့်နိုင်ပါသည်။ မော်တော်ကားအပြင် တီဗွီ၊ အဝတ်လျှော်စက် ရေခဲသေတ္တာ စသည့် အိမ်အသုံးအဆောင်ပစ္စည်းများတွင်လည်း ဆီမီကွန်ဒတ်တာများကို သုံးစွဲရပါသည်။
( ၂ )
အချိန်က ၂၀၂၁ နွေဦးကာလ ဖြစ်ပါသည်။ ဤအချိန်မှာ ကားအသစ်တွေ အရောင်းတွင်ကျယ်လာသည်။ ပင်ဒဲမစ် ဖြစ်ပြီးခါစ လူများသည် ကားရောင်းသူတို့ထံမှ သူတို့စုငွေများဖြင့် ဝယ်ကြပါသည်။ ကားရောင်းသူတွေ က တစ်ဦးပြီးတစ်ဦး ကားအသစ် မရောက်လာသေးဘူးလားဟူ၍ မေးနေကြပါသည်။ ကားများထွက်ရန် အသစ်ရောက်လာမည့် ချစ်ပ် များကိုစောင့်နေကြရပါသည်။
ချစ်ပ်များ ရှားပါးသွားရခြင်းမှာ ဂျပန်တို့၏ စီးပွားရေးစနစ်ကို တိုက်ခိုက်ထိုးနှက်ပါသည်။ လျှပ်စစ်ကား ထုတ်လုပ်ရေးအကြံပေးသည့်အဖွဲ့က ချစ်ပ်အရ နည်းမည်ဆိုသည်ကို ကြိုတင်သတိပေးထားပါသည်။ ထို့ကြောင့် ဂျပန်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးစနစ်ကိုပြန်လည်စဉ်းစားလာရပါသည်။ ၎င်းသည်ကမ္ဘာပေါ်တွင် တကိယ အကြီးဆုံး စီးပွားရေးစနစ်ကို ပိုင်ဆိုင်ပြီး ပင်ဒဲမစ် နှင့် အမေရိကန်ပြည်နှင့် တရုတ်ပြည်တို့၏ ဆက်ဆံရေးတွင် ပြဿနာများ ရှိနိုင်သဖြင့် ဆပ်ပလိုင်းချိန်းတွင် အနှောင့်ယှက်ရှိနိုင်ကြောင်း တွေးဆနေခဲ့ကြပါသည်။ ထိုတင်းမာ မှုမှာ ပိုမိုဆိုးရွားလာအောင် နန်စီပလိုစီ၏ တိုင်ဝမ်သို့ အလည်အပတ်သွားလာခြင်းကို တရုတ်တို့ကဒေါသတကြီး တုံ့ပြန်ခဲ့ပါသည်။
ဤသို့ ပြန်လည်စဉ်းစားရာတွင် အရေးကြီးဆုံးကဏ္ဍအဖြစ် စွမ်းအင်နှင့် ချစ်ပ် ရနိုင်မှုတို့ဖြစ်ပါသည်။ ချစ်ပ်ကို ပြည်တွင်းထုတ်လုပ်ရန်ဒေါ်လာဘီလီယံ ချီ၍ သုံးစွဲခဲ့ရပါသည်။ အစိုးရအနေဖြင့် တိုင်ဝမ်နှင့်ဖက်စပ်ထုတ်လုပ်မှုတွင် သက်သာအောင် (Subsidize) လုပ်ပေးနေခဲ့ရပြီး အမေရိကန်တို့နှင့်လည်း အလားတူ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေခဲ့ပါသည်။
၎င်းသည် ယခင်က အမျိုးကိုစောင့်ရှောက်သော စီးပွားရေးစနစ် (Economic Nationalism) နှင့် ဆန့်ကျင်ပြီး ယခုအခါ အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ပူးပေါင်း၍ စီမီကွန်ဒတ်တာ ဆပ်ပလိုင်းချိန်းကို မည်သည့်အရာနှင့်မျှ ရောထွေးခြင်းမရှိဘဲ လွတ်လပ်စွာ ထူတောင်နိုင်ရန် ကြိုးစားခဲ့ပါသည်။ ၎င်းသည် ပထဝီ အနေအထား ဆက်စပ်နေသည့် နိုင်ငံများနှင့်သာမဟုတ်ဘဲ ဝေးကွာသောနိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် ဂျပန်နိုင်ငံသည် အမေရိကန်နှင့် ပူးပေါင်း၍ သုတေသနဌာနတစ်ခုကို ထူထောင်ခဲ့ပါသည်။ ထို့ထက်ပို၍ ပိုမိုရှုပ်ထွေးသော ဆီမီကွန်ဒတ်တာ သုတေသန ဆောင်ရွက်ရာတွင် အခြား သဘောတူနိုင်ငံများနှင့်လည်း ပူးပေါင်းရန် ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် တချိန်က ချစ်ပ်ကို ကမ္ဘာတွင် အများဆုံး ထုတ်လုပ်ခဲ့ပါသည်။ အမေရိကန်အနေဖြင့်လည်း ချစ်ပ်များကို တီထွင်သောနိုင်ငံ ဖြစ်ပါသည်။ သို့သော် ထိုနှစ်နိုင်ငံစလုံးသည် ယခုအခါ ချစ်ပ် ထုတ်လုပ်ရေးတွင် ထိုင်ဝမ်ကို အမီလိုက်နိုင်ရန် ကြိုးစားနေရပါသည်။ ၎င်းတို့သည် ဆီမီကွန်ဒတ်တာထုတ်လုပ်ရေး လုပ်ငန်းတွင် ဆယ်နှစ်တာမျှ နောက်ကျ၍ ကျန်ခဲ့ကြပါသည်။
ယခင်လက အမေရိကန်လွှတ်တော်မှနေ၍ ချစ်ပ် ထုတ်လုပ်ရေးသုတေသနတွင် သုံးစွဲရန် ဒေါ်လာငွေ ၅၂ ဘီလီယံမျှ ချပေးခဲ့ပါသည်။ ဤ နှစ်နိုင်ငံအတွက် တရုတ်တို့က ထိုင်ဝမ်အပေါ် တင်းတင်းမာမာ အပြောအဆိုများကြောင့် ချစ်ပ် ထုတ်လုပ်ရေး ဆပ်ပလိုင်းချိန်းအတွက် စိုးရိမ်စရာများ ပေါ်ပေါက်လာခဲ့ကြပါသည်။ ဤသို့ ဖြစ်ပေါ်လာခြင်းမှာ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စတခု ဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် မေးစရာရှိဖြစ်လာသည်မှာ ဂျပန်တို့သည် တချိန်က ကမ္ဘာကြီး၏ လိုအပ်ချက် တဝက်ခန့်ကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ တိုရှီဘာ ဂဏန်းပေါင်းစက်များ၊ နိုင်တန်ဒို (Nintendo) ကစားစရာများဖြင့် ချစ်ပ် လိုအပ်ချက်ကို ဖြည့်ဆည်းခဲ့ပါသည်။ သို့သော် ဂလိုဗယ်လိုက်ဇေးရှင်း နည်းစနစ်များ အရ အာရှနိုင်ငံများသည် မိမိထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ပနိုင်ငံများသို့ ကွန်ထရက်စနစ်ဖြင့် ထုတ်လုပ်ခဲ့ကြပါသည်။
ထိုင်ဝမ်နိုင်ငံရှိ ချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီ တီအက်စ်အမ်စီ (TSMC-Taiwan Semiconductor Manufacturing Company) သည် မှာသမျှ ချစ်ပ် ဒီဇိုင်းမျိုးစုံကို ထုတ်လုပ်သောမူ ဖြင့် ဆောင်ရွက်ခဲ့ရာ ၎င်းသည် အဆရာထောင်မက အောင်မြင်ခဲ့ပြီး ဂျပန်နှင့် အခြားနိုင်ငံများအဖို့ ချစ်ပ်ကို မိမိကိုယ်တိုင်ထုတ် လုပ်သည်ထက် ထိုင်ဝမ်က မှာယူသုံးစွဲခြင်းက ပို၍ တွက်ခြေကိုက်သည်ဟု နားလည်လာခဲ့ကြပါသည်။
ထို့ကြောင့် ဂျပန်တို့အနေဖြင့် ချစ်ပ် ထုတ်လုပ်ခြင်းကို ပြန်လည်အသက်သွင်းလိုကြပါသည်။ သို့သော် ထိုသို့ ပြုလုပ်ရန်အတွက် လိုသောငွေမှာ ဘီလီယံချီ၍ရှိပါသည်။ သူတို့သည် ချစ်ပ် လုပ်ငန်းတွင် ငွေရင်းနှီးမြှုပ်နှံ မှုမရှိဘဲ အနှစ် ၂၀ ခန့် နေခဲ့ပြီးမှ ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သဖြင့် ဤလုပ်ငန်းသည် ဖြစ်နိုင်ခြေ ရှိ၊ မရှိ တွက်ဆနေရပါသည်။ သို့သော် သူတို့၏ အခြေအနေမှာ ရွေးချယ်စရာလမ်းမရှိဘဲ ရှေ့သို့ ဆက်တိုးရန်သာ ရှိပါသည်။
ပထမဆုံး ခြေလှမ်းအနေဖြင့် တောင်ပိုင်းကျွန်း ကျူးရှုးပေါ်တွင် ဂျပန်တို့၏ ဆီလီကွန်ကျွန်းဟု အဆိုရှိရာ ဇွန်လတွင် ဂျပန်စက်မှုဝန်ကြီးဌာနက ကူမာမိုတို(Kumamoto) ကျွန်းပေါ်တွင် ၈ ဒသမ ၆ ဘီလီယံတန်ဖိုးရှိသော ချစ်ပ် ဖေါင်ဒရီကို တည်ဆောက်ရာတွင် ၃ ဒသမ ၅ ဘီလီယံမျှ ပါဝင်ကူညီမည်ဟု ကြေညာပါသည်။ ယခင်လကလည်း ဂျပန်အစိုးရက ဒေါ်လာ ၇၉၀ သန်းကို ထည့်ဝင်ရန် ဂျပန်ကုမ္ပဏီ ကိုစီယာ (Kioxia) နှင့် အမေရိကန် ဝက်စတန် ဒီဂျီတယ် (Western Digital) တို့၏ ကန်ဆိုင် (Kansa ကျွန်းပေါ်မှ ဖက်စပ်လုပ်ငန်းအတွက် အစီအစဉ်များချမှတ်ခဲ့ပါသည်။
ဂျပန်တို့ ချစ်ပ် ထုတ်လုပ်မှုအတွက် မမျှော်မှန်းနိုင်လောက်အောင် ငွေကုန်ကျမည်ဖြစ်ရာ အစိုးရက လိုအပ်သမျှ ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ပေ။ တီအက်အမ်စီက တလလျှင် ဝေဖါ ပေါင်း ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိ ထုတ်လုပ်သည်။ ဤပမာဏသည် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင် သေးပါ။
ဂျပန်အရာရှိများ မျှော်မှန်းကြသည်မှာ တီအက်အမ်စီ၏ ထုတ်လုပ်မှုသည် ဆပ်ပလိုင်းချိန်းကို ပြတ်တောက်မှုမရှိစေရအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဤကိစ္စတွင် အခြားပါတနာနိုင်ငံများသည်လည်း ပါဝင်ရမည် ဖြစ်သည်။ ဆီမီကွန်ဒတ်တာ ထုတ်လုပ်ရေးမှာ ရှုပ်ထွေးသောအဆင့်များ ပါဝင်ပြီး မည်သည့်နိုင်ငံမှ တစ်နိုင်ငံတည်းနှင့်အပြီး ကုန်ချောရအောင် ထုတ်လုပ်နိုင်မည် မဟုတ်ပေ။
တရုတ်ပြည်တွင် SMIC Semicondutor Manufacturing InternationalCorporation ရှိရာ ၎င်းသည် အမေရိကန်တို့ထံမှ EUV-Extreme Ultraviolet machine ဝယ်ယူရေးကို ပိတ်ဆို့ထားသဖြင့် ချစ်ပ် ထုတ်လုပ်ရေးလုပ်ငန်းကို ရှေ့မတိုးနိုင်ဘဲ ရှိနေသည်။
( ၃ )
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က မကြာသေးမီက အမေရိကန်နှင့် ဥရောပကောင်စီသို့ ပြောကြားရာတွင် ဂျပန်နိုင်ငံက အခြားနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိသည်ဟု ပြောဆိုခဲ့ပြီးဖြစ် သည်။ မေလက ဂျပန်နိုင်ငံ စီးပွားရေးဝန်ကြီးက အမေရိကန် ချစ်ပ် ထုတ်လုပ်သူများနှင့် နယူးယောက်မြို့ တွေ့ဆုံပွဲတွင် အနာဂတ် ထုတ်လုပ်ရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။
ဂျပန်နိုင်ငံက ကြိုးစားနေသည်မှာ ချစ်ပ် ထုတ်လုပ်ရေးအတွက် အမေရိကန်နှင့် မိတ်ဆွေနိုင်ငံများ အားလုံးပါဝင်သော ကုန်ထုတ်လုပ်မှု ပလက်ဖောင်းတခု ဖြစ်ပေါ်လာစေရန် ဖြစ်ပါသည်။ ကမ္ဘာကြီးတွင် အထွေထွေ ကုန်သွယ်မှု အထူးသဖြင့် ဆီမီကွန်ဒတ်တာထုတ်လုပ်ရေးတွင် အဓိကအုပ်စုကြီး ၂ ခုအဖြစ် ကွဲသွားနေပြီ ဖြစ်သည်။ ပထမအစုမှာ Pan-US allies များနှင့် ဖွဲ့စည်းထားသော အမေရိကန်၊ ဂျပန်၊ ကိုရီးယားတို့ ဖြစ်ပြီး ဒုတိယအုပ်စုမှာ တရုတ်၊ ရုရှားနှင့် ဖြစ်နိုင်ခြေရှိသည်မှာ မြောက်ကိုရီးယားတို့ ဖြစ်သည်။
ဂျပန်တို့အနေဖြင့် ၂၀၃၀ တွင် အနည်းဆုံး ဆီမီကွန်ဒတ်တာ ဈေးကွက်၏ ၂၀% ရရှိရန် မျှော်မှန်းသည်။ အစိုးရကလည်း ဝင်ငွေများပါဝင်သည့်တိုင် ဆီမီကွန်ဒတ်တာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းမှာ နည်းပါးလှပါသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ၁၅ နှစ်လုံးလုံး ဆီမီကွန်ဒတ်တာလုပ်ငန်းတွင် ရင်းနှီမြှုပ်နှံမှု မလုပ်ခဲ့သောကြောင့် ဖြစ်ပါသည်။
ကိုသန်းလွင်
Ref: Japan hopes to revive chip makers at home By Ben Dooley NY Times August 7 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar