မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၇ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၇ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၂
ရေဘေးဒုက္ခ၊ စားဝတ်နေရေးနဲ့ အသက်ရှင်ရေး စိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဝ
မြန်မာနိုင်ငံရဲ့ မုတ်သုန်ရာသီ အလယ်ကာလဖြစ်တဲ့ ဇူလိုင် သြဂုတ်လတွေမှာ ပုံမှန်အားဖြင့် မိုးများတာ ၊ မြစ်ရေမြင့်တက်တာ၊ တချို့သောနှစ်တွေမှာ ရေကြီးတာတွေ ဖြစ်နေကျ ဖြစ်ပေမယ့် ခုနှစ်ပိုင်းတွေမှာတော့ ကမ္ဘာ့ပူနွေးမှုကြောင့် ရာသီဥတုဖောက်ပြန်တဲ့ အကျိုးဆက်တွေ အခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း ခံစားကြရတာကြောင့် ရေကြီး၊ မြေပြို၊ လမ်းတွေပျက်စီးပြတ်တောက်တဲ့ အဖြစ်အပျက်တွေက နှစ်စဥ်မိုးရာသီတိုင်းလို ဖြစ်လာနေတာ တွေ့ရပါတယ်။ ကမ္ဘာနဲ့ ဆိုင်တဲ့ အပူချိန်မြင့်တက်ခြင်း အပြင် ကိုယ့်အရပ်ဒေသ၊ ကိုယ့်နိုင်ငံက သစ်တောပြုန်းတီးတာကြောင့် မိုးသည်းထန်တာနဲ့ ရေရုတ်တရက်ကြီးတာ၊ မြေပြိုကာ လူနေထိုင်ရာနေရာတွေ ရေနဲ့ မျောပါတဲ့အဖြစ်မျိုးတွေ၊ ချောင်းတွေကောကုန်တာကြောင့် ရေကြီးမှုက နှစ်စဥ် ဖြစ်နေကျ အဖြစ်အပျက်သဖွယ် ဖြစ်လာတာတွေက ရေမြေဆက်စပ်နေတဲ့ ဒေသတွေမှာ ကြုံရတဲ့အကျိုးဆက်တွေ ဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုနဲ့ ရွှေတူးဖေါ်မှုကြောင့် မြစ်ချောင်း ပျက်စီးမှုဆိုးလာတဲ့ ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းလို ဒေသတွေမှာ ရေကြီးမှုက နှစ်စဥ်လိုလို ဖြစ်လာနေပြီး တချို့နှစ်တွေမှာ မိုးရာသီတရာသီထဲမှာတောင် ရေကြီးတာကို တကြိမ်မက ခံစားရတာတွေလည်း ဖြစ်လာနေတာတွေ့ရပါတယ်။
ဒီလို ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် သဘာဝဘေးအန္တရာယ်ဒဏ် ပိုခံရတဲ့ အကြောင်းတွေက ခုလို စစ်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခတွေ စီးပွားပျက်ကပ်ဘေးတွေအကြားမှာ နီးတဲ့ ဓါးမဟုတ်တော့တဲ့ သဘောလို့ ယူဆလာကြ ပါတော့တယ်။ လက်ရှိ အိမ်မီးရှို့ခံရမယ့် ဘေး၊ သေနတ်ကျည်၊ လက်နက်ကြီးအန္တရာယ်ဘေး၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ် ခံရမယ့်ဘေးတွေက လက်တကမ်းမှာ ဖြစ်နေတဲ့အခါ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလို အကြောင်းအရာမျိုးက ကြောက်စရာမကောင်းတော့သလို ဖြစ်လာပါတယ်။ လတ်တလော အသက်အန္တရာယ်က အရာရာထက် စိုးရိမ်ကြောက်လန့်စရာ ပိုကောင်းလာတာ၊ အသက်အန္တရာယ်ပြီးတာနဲ့ နေ့စဥ် ထမင်းနပ်မှန်ရေးက ဒုတိယ ဖြစ်လာတာကြောင့် တချို့ဒေသတွေမှာ လက်နက်နဲ့ ပစ်ခတ် ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ကြားထဲက အလုပ်အကိုင် အတွက် သွားလာနေကြရတာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ တရားမဝင် ခိုးဝင်ကြရတာတွေ အထိ စွန့်စားလုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။
ခုရက်ပိုင်း မိုးသည်းထန်တာ ၊ စံချိန်တင်လောက်အောင် ရွာသွန်းတဲ့မိုးကြောင့် ရေကြီးတဲ့ဒဏ်တွေကို မြန်မာနိုင်ငံအောက်ပိုင်း နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတွေမှာ ခံစားနေကြရတာ ဖြစ်ပါတယ်။ တိုင်းပြည်က လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေချိန်၊ လူထုက လက်ရှိအုပ်ချုပ်ထားသူကို မယုံကြည်တဲ့အချိန်၊ အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ထားတဲ့အဖွဲ့အစည်းက လူထုကို ရန်သူတပိုင်းရှုမြင်နေချိန်မှာ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်နေတာ ဖြစ်ပြီး အချို့သော စစ်ဘေးရှောင်ဒေသတွေမှာ သဘာဝဘေးအန္တရာယ်ကိုပါ ထပ်ဆင့်ခံစားကြရတာတွေလည်း ရှိလို့ အဲဒီဒေသက သူတွေအဖို့ အခက်အခဲ အကြပ်အတည်း ပေါင်းစုံကို ခါးစည်းခံစားကြရတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် က ကျေးရွာတွေ၊ ကယားပြည်နယ်က ကျေးရွာတွေ၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ စစ်ဘေးရှောင် နေကြရတဲ့သူတွေ အဖို့ အခုလို မိုးရာသီရဲ့ သဘာဝဘေးအန္တရာယ်ကိုပါ ထပ်ဆင့်ခံစားကြရပြီး ဆေးဝါးကုသခွင့် ၊ ဆေးဝါးဝယ်ယူနိုင်ခွင့်မရှိတဲ့အခြေအနေမှာ အသက်ဆုံးရှုံးရသူတွေ ရှိနေတာလည်း သတင်းတွေမှာ ဖတ်ရှုနေကြရတာ ဖြစ်ပါတယ်။
ရန်ကုန်လိုမြို့မှာ ရေကြီးတဲ့ဒဏ်ခံစားရတာဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့လိုက ဒေသက သူတွေနဲ့စာရင် အပုံကြီးခံသာသေးပြီး အဆိုပါဒေသတွေက ပြည်သူလူထု ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ အခက်အခဲ ဒုက္ခတွေက တွေးကြည့်ယုံနဲ့တောင် ရင်မောစရာကောင်းလှတာ ဖြစ်ပါတယ်။
အခုလိုအခြေအနေအောက်မှာ အလှူရှင်ရှိသည့်တိုင် ကူညီခွင့် ပေးပို့ခွင့်မရှိတဲ့ အခြေအနေမို့လို့ ဒုက္ခရောက်သူ အချင်းချင်း ရှိတာနဲ့ ကူညီနိုင်တာကလွဲလို့ အခြားနည်းလမ်းမရှိတာလည်း ဖြစ်ပါတယ်။
ဒီနေ့အတွက် အခြားသော စိတ်ဝင်စားစရာ သတင်းတပုဒ်ကတော့ စစ်ကိုင်းမြို့အဝင် ရတနာပုံတံတား ထိပ်က စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ဘတ်စ်ကားပေါ်က PDF အဖွဲ့ဝင် အချို့နဲ့ စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခတ်ကြပြီးနောက် PDF တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ အခြားခရီးသည်တချို့လည်း အပြန်အလှန်ပစ်ခတ်မှုအကြား သေဆုံးခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။
PDF အဖွဲ့ဝင် ၂ ဦးအနည်းဆုံးသေဆုံးပြီး တဦးအဖမ်းခံရတယ်လို့ သတင်းတချို့ထွက်ပေါ် တာလည်း တွေ့ရပါတယ်။ ကရင်ပြည်နယ်ဘက်က လက်နက်နဲ့ ကျည်ဆံတွေဝယ်ယူသယ်ဆောင်လာတဲ့ PDF အဖွဲ့ဝင်တွေ တံတားစစ်ဆေးရေးဂိတ်မှာ စစ်ဆေးစဥ် PDF ဘက်က စတင်ပစ်ခတ်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် အများအပြားမှာဖြစ်ပွားနေတဲ့ ခုခံတိုက်ခိုက်မှုတွေအတွက် လက်နက်လိုအပ်တာကြောင့် PDF အဖွဲ့တွေ အနေနဲ့ ကချင်ပြည်နယ် သို့မဟုတ် ကရင်ပြည်နယ်ဘက်သွားရောက်ကာ လက်နက်ဝယ်ယူကြတယ်လို့ မှန်းဆရပါတယ်။ PDF တွေကို ထောက်ခံတဲ့ ရပ်ရွာလူထုက စုဆောင်းထည့်ဝင်ကြတဲ့ ငွေနဲ့ မှောင်ခိုစျေးကွက်မှာ သေနတ်တလက်ကို သိန်းရာချီပေးဝယ်ကြရတယ်လို့ သတင်းတွေအရ သိရှိရပြီး အခု ပစ်ခတ်ခံရလို့ အသက်ဆုံးရှုံးသွားတဲ့ PDF တွေနဲ့ အတူပါလာတဲ့ သေနတ်တွေပါ ရန်သူက သိမ်းဆည်းခံလိုက်ရတာ ကြီးမားတဲ့ ဆုံးရှုံးမှု သဘောမျိုးလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသောစိတ်ဝင်စားစရာ သတင်းတပုဒ်ကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာ က စစ်ကောင်စီခေါင်းဆောင်ကို နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဖြေရှာရေးနဲ့ပတ်သက်လို့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ခြင်းဟာ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သလို စစ်ကောင်စီရဲ့ တရားဝင်ဖြစ်မှုကို အသိအမှတ်ပြုလိုက်သလို ဖြစ်စေမှာစိုးရိမ်မှုတွေလည်း NUG, GSCB တို့ကတော့ စစ်ကောင်စီကို အသိအမှတ်ပြုလိုက်သလို ဖြစ်မှာစိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ကြတာတွေ့ရပါတယ်။
ကုလသမဂ္ဂဟာ နိုင်ငံရေးအစိုးရ တရပ်မဟုတ်တာကြောင့် နိုင်ငံရေးရပ်တည်ချက်ထက် လူသားချင်းစာနာမှုအကူအညီကို ပိုအလေးပေးလိမ့်မယ်လို့ ခန့်မှန်းရပြီး ကုလကိုယ်စားလှယ် ခရီးစဥ်နောက်ပိုင်း မြန်မာနိုင်ငံဒေသအသီးသီးမှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခရောက်နေသူ အရပ်သားတွေကို လူသားချင်းစာနာမှု အကူအညီနဲ့ လုံခြုံရေးအကာအကွယ် ဘယ်လောက်ပေးနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar