သင်းရည်လွင် - ဘိုးတံမဲ့ တယော
ဘိုးတံမဲ့ တယော
သင်းရည်လွင်
(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၂
တယောလေး.. အဝေးကို ငေးကြည့်တယ်၊ အသံမပါတဲ့ မြစ်နဲ့ အသက်မဲ့နေတဲ့ မြို့နဲ့ ...
ပြတင်းပေါက် ထဲမှာ လမ်းသွား လမ်းလာတွေက သရဲခြောက်တယ်ဆိုတဲ့ အိမ်ရှေ့ ဖြတ်လျှောက်နေကြတယ်၊
အဲဒါဟာ ပိုခက်ခဲတဲ့ အသံတခုပဲ၊
ဒီ့ထက် ခက်ခဲတဲ့ မြစ် မရှိရကောင်းလား .....၊
အခုတော့ တယောဟာ သီချင်းတွေကို လဲကျနေတဲ့ နေရာကပဲ ကြည့်နေတယ်၊ သူ့ အကြည့်မှာ တသက်လုံးတခါမှမဆိုဘူးတဲ့တပုဒ်ထဲသော မြို့ကို ပြန်မရောက်တော့ပါဘူးဆိုတဲ့ ပျက်လုံးအကျိုးအပဲ့တွေ၊
တဖြည်းဖြည်း နေ့တွေက အသက်မဲ့၊ အသံမဲ့၊
ဘယ်တော့မှ ပြန်မဆုံတဲ့ နာရီဟာ မွန်းတည့် ၁၂ နာရီတိတိမှာ တောင်လွဲချော်ခဲ့တယ်၊
အဖြစ်အပျက်တွေဟာ အပျက်၊ အဖြစ်တွေ၊ အိမ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဘိုးတံဟာ တယောလေးကို သတိရနေပေမယ့် မမေ့ခဲ့သလို၊ တီးခတ်နေတယ်၊
လေတွေခပ်ကြမ်းကြမ်းတိုက်နေချိန် လွင့်ထွက်သွားတဲ့ခေါက်ထီးလေး ပြုတ်ထွက်နေသလိုပါပဲ၊
တယောလေးလည်း အဝေးလွင့်ခဲ့တယ်၊
ဒီမယ်၊ ခြေထောက်တဖက်ပဲရှိတဲ့ ချိုင်းထောက်ကို သူမမေ့တာ တရားတယ်လို့ မထင်ဘူးလား
ဒါပေမယ့် တယောစိတ်မရှိတဲ့ မြို့ဟာ ...သေချာတယ်
ချစ်ခြင်းတရားလည်းမရှိခဲ့ဘူး၊
နာကျင်နေသူရဲ့လက်ပတ်နာရီဟာ အဲလိုနာကျင်စိတ်နဲ့ပဲ အချိန်တွေကိုရပ်တန့်ပစ်လိုက်တယ်၊
ဘိုးတံလေးကို သူမရှာတော့ဘူး၊ အဲလိုနာကျင်အချိန်ပိုမှာပဲ
တယောဟာ သူ့လက်ကို သူဖြတ်ပစ်ဖို့ ဆုံးဖြတ်တယ်၊
သိပ်တော့မသေချာဘူး၊
၁၀၈၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar